ခင်မောင်စော (ဘာလင်) ● မုတ်ဆိတ်နဲ့ ကျင်စွယ်

ခင်မောင်စော (ဘာလင်) ● မုတ်ဆိတ်နဲ့ ကျင်စွယ်
(မိုးမခ) မတ်လ ၂၄၊ ၂၀၁၉

ပါလီမန်ဒီမိုကရေစီခေတ်၏ နောက်ဆုံးနှစ်။ ၁၉၆၁ က တက္ကသိုလ်ကျောင်းသားမျး အင်္ဂလိပ်စာနှင့် မြန်မာစာကလွဲပြီး

ပါလီမန်ပါလီမန်ဒီမိုကရေစီခေတ်၏ နောက်ဆုံးနှစ်၊ ၁၉၆၁ က တက္ကသိုလ်ကျောင်းသားများ အင်္ဂလိပ်စာနှင့်မြန်မာစာကလွဲပြီး ကျန်သုံးဘာသာကို မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားသည့် Combination စနစ်။ ကြိုက်ရာအတန်းလိုက်တက်ပြီး မကြိုက်ပါက  တလအတွင်း ကိုယ်ကြိုက်ရာဘာသာတွဲကို လွတ်လပ်စွာပြောင်းပိုင်ခွင့်ပေးထားသည့်စနစ်။

လာမည့်နှစ်ကစပြီး မြန်မာပြည်သည် အာဏာရှင်စနစ်အောက်သို့ရောက်ပြီး ရန်ကုန်တက္ကသိုလ်အတွင်း သွေးချောင်းစီး တော့မည်ဆိုသည်ကို၎င်း၊ နောင်တွင် ကျောင်းသားများ ကိုယ်ကြိုက်ရာဘာသာကို လွတ်လပ်စွာသင်ခွင့်ရတော့မည်မဟုတ်ဆိုသည်ကို၎င်း၊ မြန်မာပြည်သည်လည်း အရှေ့တောင်အာရှတွင် အလားအလာ အကောင်းဆုံးနိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် LDC Status အဖြစ်သို့ တဖြည်းဖြည်းရောက်မည်ဆိုသည်ကို၎င်း၊ မည်သူကမျှ အနာဂတ္တံသဉာဏ်တော်ရသူများ မဟုတ်၍ ကြိုမမြင်ခဲ့ကြရပါ။

၁၉၆၁ က ဥပစာသိပ္ပံ (က) တန်း (ယခုခတ်ေအခေါ် တက္ကသိုလ် ပထမနှစ်)၊ 'B' Combination ခေါ် သင်္ချာ၊ ရူပဗဒေနှင့် ဓာတုဗဒေ ဘာသာတွဲယူသူ ငါးရာလောက်တွင် ကျောင်းသူက လေးဆယ်ပင်မပြည့်။ ခုံနံပါတ် (Roll No.) ကလည်း အင်္ဂလိပ် အက္ခရာ A to Z  ကျောင်းသူများက စ၍ပေးသည်။ ထို့ကြောင့် Section (1) ၌ သာ ကျောင်းသူများရှိပြီး Section (2) & (3) ၌ ကျောင်းသားချည်းသာရှိတော့သည်။ ကိုယ့်နာမည်ကလည်း 'S' ဖြင့်ဆုံးသဖြင့် Section (2) ၌ ရှိသည်။  Section (2) ၌ ကျောင်းနဘေက်အချို့မှာ ယခု NLD အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဦးဟန်ဇော်၊ ယခင်အစိုးရဝန်ကြီးဦးစိုးသာ။ NCGUB "ဝန်ကြီးချုပ်" ဒေါက်တာစိန်ဝင်း၊ လွှတ်တော်ရှေ့နေကြီးဦးမင်းစိန်၊ ကွယ်လွန်သူ ဒေါက်တာကောင်းညွှန့် (မိုးမခကလောင်ရှင် ကားစပယ်ယာ ပျာလောင်) တို့ဖြစ်သည်။ NCGUB "ဝန်ကြီးချုပ်" ဒေါက်တာစိန်ဝင်းနှင့် လွှတ်တော်ရှေ့နေကြီး ဦးမင်းစိန် တို့မှာ စိန်ဂျွန်းကျောင်းသားဘဝကပင် ငယ်သူငယ်ချင်းများဖြစ်ပြီး  Section (2) ၌ Old Johnian တဒါဇင်လောက်ရှိကာ Section (1) ၌လည်း Old Johnian တဒါဇင်လောက်ရှိသည်။

Section (2) ၌ Algebra သင်သည့်ဆရာ (လက်ထောက်ကထိက) က မန္တလေးသား ဗမာမူဆလင်၊ မုတ်ဆိတ်နဲ့ ဦးကိုလေး။ ကျောင်းသားတွေက သူ့ကို "ဗိုလ်မုတ်ဆိတ်" လို့ ဘွဲ့ပေးထားသည်။ ဆရာဦးကိုလေးက စာအသင်အပြ ကောင်းပါသည်။   မိုးမခ သင်္ချာဆရာကြီး ဒေါက်တာခင်မောင်ဝင်းက နည်းပြဆရာ။ စနေနေ့တိုင်း သူနဲ့ tutorial  လိပ်ခုံးကြီးထဲမှာလုပ်ရသည်။ တပတ်က စာမေးပွဲကလေး၊ နောက်တပတ်ကျ နည်းပြဆရာကရှင်းပြ။ ဦးခင်မောင်ဝင်းက  ပြုံးပြုံး  ပြုံးပြုံး ကတုံးနဲ့။ သူ့ကို  ကျောင်းသားတွေက "ဖန်ကတုံး" ဟု၎င်း "Yul Brynner" ဟု၎င်း ဘွဲ့ပေးထားပါသည်။

ဆရာ ဦးကိုလေးက Positive, Negative signs တွေသင် + (plus) or - (minus) 0 (Zero) စတာတွေသင်ပေးပြီး နောက်တနေ့ အတန်းမစမီ ဆရာမလာမီ ကျောက်သင်ပုန်းပေါ်မှာ အောက်ပါကဗျာကို တွေ့ရပါတော့သည်။

Positive and Negative Signs of our maths teacher "ဗိုလ်မုတ်ဆိတ်"

Negative is:
မုတ်ဆိတ်နဲ့ကျင်စွယ်၊ ယဉ်တယ်လို့ထင်သလား၊ တက္ကသိုလ်ပျိုဖြူများ၊ ပါးယားလို့သွား။

Positive is:
မုတ်ဆိတ်နဲ့ကျင်စွယ်၊ ယဉ်တယ်မို့ ခင်မပယ်အား၊ အစဉ်တကယ်သနားကာ အနားကမခွာ၊ အပ္ပနားမှာ ဖိုးကျိုင်းတုတ်ဖြစ်။

ညစ်ပေပေ ဗောင်းထုပ်နီနဲ့ ပန်ချာပီကို၊ ချစ်သက်ဝေ ဖဇော်ဂျီလို့အထင်မှား၊ တမေခင်တပါး၊ သူယောင်မယ်ဖြစ်ရရှာပေါ့ဗျား။

ဆရာ ဦးကိုလေးက အတန်းထဲဝင်လာတော့ ကဗျာဖတ်၊ တပြုံးပြုံးနဲ့ ကျောင်းသားတွေကိုကြည့်ပြီး "ဒီကဗျာကောင်းတယ်ဗျ။ ဘယ်သူ့လက်ရာလဲ။ ဆရာကူးယူထားပါရစေ" ဆိုပြီး သူ့မှတ်စုစာအုပ်ထဲမှာ ကူးရေးပါသည်။ ရေးသူလက်သည်မပေါ်။ ဆရာ ဦးကိုလေးကထပ်ပြီး "ရေးသူကို ဆရာက လက်ဖက်ရည်တိုက်၊ မုန့်ကျွေးမှာပါ" လို့ ထပ်ကွန့်ပေမယ့် ဘယ်သူကမှဝန်မခံ။

ဆရာက "ခင်ဗျားတို့နေရာမှာ ကျွန်တော်ဆိုရင် ရေးသူဟုတ်ဟုတ် မဟုတ်ဟုတ် ဝန်ခံလိုက်ပြီး လက်ဖက်ရည်လိုက်သောက်၊ မုန့်လိုက်စားမှာဘဲ။ အလကား စားရသောက်ရတာက အပေါင်းလက္ခဏာ။ ဝန်မခံလို့ မစားရမသောက်ရတာက အနှုတ် လက္ခဏာပေါ့။ မဟုတ်ဘူးလား၊ ဟဲဟဲ" ဟုဆို၏။

ထိုအခါ ကျောင်းသားတယောက်ကထပြီး "အလကား စားရသောက်ရတာက အပေါင်းလက္ခဏာဆိုတာ မှန်ပါတယ်ဆရာ။ ဒါပမေဲ့  ဝန်မခံလို့ မစားရ မသောက်ရတာကတော့ ကျွန်တော်တို့ဘက်က အရှုံးမရှိ အမြတ်မရှိမို့ အနှုတ်လက္ခဏာမဟုတ်ပဲ Plus or Minus Zero ပါဆရာ။ တကယ်လို့ တယောက်ယောက်က  ဝန်ခံလိုက်လို့ ဆရာက လက်ဖက်ရည်တိုက်၊ မုန့်ကျွေးရ ရင်သာ ဆရာ့အတွက် အနှုတ်လက္ခဏာပေါ့။ မဟုတ်ဘူးလား" ဟု ပြန်ဖြေသည်။

"That's right, that's right" ဆရာ ဦးကိုလေးက စားပွဲကိုလက်နှင့်ပုတ်လိုက်ရင်း ထောက်ခံလိုက်ပြီး "ကိုယ့်တပည့်တွေ theory  ရော application ပါ ပိုင်နေကြပြီဘဲ။ စာမေးပွဲလည်း distinction ရအောင်ဖြေကြ" ဟု ဆို၏။

Comments