မြင့်ကျော် - သတင်းသမားရဲ့ တာဝန်၊ ဝတ္တရား



မြင့်ကျော် - သတင်းသမားရဲ့ တာဝန်၊ ဝတ္တရား
(မိုးမခ) မတ် ၁၂၊ ၂၀၁၉


သတင်းသမားရဲ့ တာဝန်၊ ဝတ္တရားက ဘယ်အထိရှိသလဲ?

ဒီမေးခွန်းက သတင်းသမားတွေ အတွက် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဆိုင်ရာ အခြေခံအချက်လည်းဖြစ်သလို ကျင့်ဝတ်ဆိုင်ရာ အရေးပါတဲ့ မေးခွန်းတခုလည်း ဖြစ်ပါတယ်။
ဥပဒေ ချိုးဖောက်မှုတွေဖြစ်နေတဲ့အခါ၊ မတရားမှုတွေဖြစ်နေတဲ့အခါ ၊ နိုင့်ထက်စီးနင်းမှုတွေ ဖြစ်နေတဲ့အခါ ၊ တရားဥပဒေကို အလေးမထားဘဲ အကျိုးစီးပွားထိခိုက်တာနဲ့ အင်အားနဲ့ အနိုင်ကျင့်တာ၊ အာဏာ၊ ပါဝါ နဲ့ အနိုင်ကျင့်တာတွေကို ဘယ်သူက လုပ်လုပ် သတင်းသမားတွေ အနေနဲ့ ဖော်ထုတ် တင်ပြရမယ့် တာဝန်သာရှိပါတယ်။

ဒီလိုပြောလို့ ကိုယ့်ရှေ့မှာ လူတယောက်ကို ဝိုင်းသတ်နေတာ အနိုင်ကျင့်နေတာကို ဝင်မတားတော့ဘူးလားလို့ ပေါက်ပေါက်ရှာရှာ မေးခွန်းထုတ်နိုင်ပါတယ်။ သတင်းသမားအနေနဲ့ ပြောရရင် အဲဒီအခြေအနေမျိုးမှာ ကိုယ့်သတင်းသမားအလုပ်ကို လုပ်ရင်းနဲ့ လူသားတယောက်အနေနဲ့ တာဝန်ဝတ္တရားရှိတဲ့ ဟန့်တားတာ၊ အပြစ်မဲ့တဲ့သူဘက်က ကူညီတာတွေ လုပ်နိုင်ပါတယ်၊ သို့သော် ဒီအဖြစ်အပျက် ဘာကြောင့်ဖြစ်ပျက်ရတာလဲ တရားဥပဒေ ဘာကြောင့် မစိုးမိုးရတာလဲ၊ ဘယ်လို အုပ်ချုပ်မှုစနစ် အားနည်းချက်ကြောင့်ဖြစ်တယ်ဆိုတာကို သတင်းသမား အနေနဲ့ တင်ပြ ရမယ့် တာဝန်ကို မေ့မသွားဖို့က အလွန်အရေးကြီးပါတယ်။ ပြဿနာ တခုချင်းမှာ ဝင်ရောက်ကူညီတာနဲ့ ဒီပြဿနာရဲ့ အရင်းအမြစ်ကို ဖော်ထုတ် တင်ပြတာ သက်ရောက်မှုခြင်း အလွန်ကွားခြားတယ်ဆိုတာ သတင်းသမားက သတိပြု နားလည်ဖို့ အသိပေး နှိုးဆော်ခြင်းဖြစ်ပါတယ်။

နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးနောက် သတင်းသမားတွေ မုန်တိုင်းဒဏ်ခံဒေသတွေ သွားရောက်သတင်းယူ ဖေါ်ပြကြစဉ်က တချို့သောသတင်းသမားတွေ အနေနဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ ဘဝတွေကို မြင်တွေ့ရပြီး ဂရုဏာ၊ ကိုယ်ချင်းစာ စိတ်ကြီးမားစွာဖြစ်ပေါ်ကြပါတယ်။ အဲဒီအခါမှာ အချို့သောသတင်းသမားတွေ သတင်းအလုပ်ကိုခေတ္တ ထားပြီး ဒုက္ခသည်ကူညီရေးတွေမှာ သီတင်းပတ်နဲ့ချီ ဝင်ရောက်ကူညီခဲ့တဲ့ အဖြစ်မျိုးတွေရှိခဲ့ပါတယ်။

သတင်းသမားတွေအနေနဲ့ ကိုယ်ရေးသားတင်ပြနေတာတွေရဲ့ အကျိုးသက်ရောက်မှု၊ ထိရောက်မှုနဲ့ ဒုက္ခသည်တွေကို ကိုယ်ထိလက်ရောက် ကူညီခြင်းရဲ့ထိရောက်မှု နှစ်ခုကို မေးခွန်းထုတ်ရာက အခုလို ရွေးချယ်မှု ဖြစ်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ဆိုရင်တော့ dilemma ( ရွေးချယ်စရာ နှစ်ခု အနက် ဘယ်ဟာကို ရွေးရမလဲ ဝေခွဲမရ ဖြစ်ရတဲ့အခြေအနေမျိုး ) ဆိုရမယ် ထင်ပါတယ်။

အဲဒီခေတ်အဲဒီအခြေအနေတရပ်ဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်ဘောင် ကျဉ်းမြောင်းခြင်းကလည်း သတင်းသမားအဖြစ်နဲ့ လုပ်ဆောင်နေရတာထက် ကိုယ်တိုင်ပါဝင် ကူညီခြင်းကို ရွေးချယ်ခြင်းရဲ့ နောက်ခံအကြောင်းအချက်တချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ယနေ့ခေတ်လိုဆိုရင်တော့ သတင်းသမားရဲ့ အလုပ်ကို တကယ်ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ရင် ကိုယ်ထိလက်ရောက် ဝင်ရောက်ကူညီခြင်းထက် ပိုထိရောက်တယ်လို့ ကျနော်ဆိုချင်ပါတယ်။

ဒီအဖြစ်အပျက်ကို ဥပမာပေးရတာက သတင်းသမားတွေအနေနဲ့ သတင်းမီဒီယာရဲ့ တာဝန်က ဘယ်အထိလဲ ဆိုတဲ့ စည်းကို မေ့လျော့ပြီး ဖြစ်စဉ်ထဲ သတင်းသမားအနေနဲ့ ဝင်ရောက်ဆောင်ရွက်တဲ့အထိ ဖြစ်သွားလေ့ရှိတာကြောင့်ပါ။ ဥပမာအားဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ဖြစ်ရပ်တခုချင်းမှာ သတင်းသမားက ဝင်ပါပြီး သဘောရိုးနဲ့ ရဲကို သတင်းပေးတဲ့အထိ ဆောင်ရွက်တာမျိုးကလည်း သတင်းသမားရဲ့ကျင့်ဝတ်နဲ့ မညီညွတ်ပါဘူး။ ( မူးယစ်ဆေးရောင်းသူ သယ်သူဆီက ငွေညှစ်တာမျိုးကတော့ သတင်းသမားဆိုတဲ့ ခေါင်းစဉ်အောက်မှာမရှိဘဲ သတင်းသမားအမည်ခံပြီး ငွေညှစ်တဲ့ သတင်းလောက ညစ်ထေးအောင် လုပ်သူတွေလို့ သီးခြား ပြောဆိုရမယ့် ကိစ္စတစ်ရပ်ပါ)

လက်နက်ကိုင်ပဋိပက္ခများနဲ့ သတင်းသမားတာဝန်
လက်နက်ကိုင် ပဋိပက္ခတွေမှာ သတင်းသမားအနေနဲ့ ဘယ်လို တာဝန် ဝတ္တရားတွေ ရှိမလဲ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့အခါ လက်နက်ကိုင် အဖွဲ့ဝင်တွေက လက်နက်မဲ့ အရပ်သားတွေကို ညှင်းပန်းနှိပ်စက်တာ၊ ဖမ်းဆီးတာ ၊ သတ်ဖြတ်တာ၊ ဓါးစာခံခေါ်ဆောင်သွားတာ၊ အဓမ္မ ခိုင်းစေတာ ခြိမ်းခြောက်တာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ တွေအားလုံး ဘယ်ဘက်က သို့မဟုတ် ဘယ်သူက ကျူးလွန် တာဖြစ်ဖြစ်ဖြစ် ဖေါ်ထုတ်တင်ပြရမှာ သတင်းမီဒီယာရဲ့ တာဝန်ပါဖြစ်ပါတယ်။ ဘယ်ဒေသတွေ မှာ ပဋိပက္ခတွေ ဖြစ်နေတယ်၊ ဘယ်ဒေသတွေက မလုံခြုံဘူးဆိုတဲ့ အခြေအနေကို သက်ဆိုင်သူ အသီးသီးကို သတင်းအချက်အလက်ပေးခြင်းအားဖြင့်လည်း သတင်းအချက်အလက်ရရှိတဲ့ သူတွေ အနေနဲ့ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

သတင်းသမားတယောက်အနေနဲ့ကြည့်မယ်ဆိုရင် တင်ပြမယ့် သတင်းဌာနရဲ့ဆင်ဆာဖြတ်တောက်မှု နဲ့ သတင်းအချက်အလက်စုဆောင်းရယူရာမှာ တားဆီးခြင်း၊ ဖုံးကွယ်ခြင်းစတဲ့ အခက်အခဲနဲ့ ကန့်သတ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမယ့်လည်း သတင်းသမားတွေရဲ့ တာဝန် အနေနဲ့ တဦးချင်း သို့မဟုတ် သတင်းဌာန တခုချင်း တတ်နိုင်သရွေ့ ကြိုးစားတင်ပြကြရမယ့်သဘောဖြစ်ပါတယ်။
အရပ်သားတွေ အပေါ် ညှင်းပန်းမှု၊ သတ်ဖြတ်မှု၊ အဓမ္မစေခိုင်းမှု၊ လုယက်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို သတင်းမီဒီယာတွေက ဖေါ်ထုတ်တင်ပြခြင်းအားဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တာဝန်ခံမှုရှိလာစေပြီး ဒီလိုဖြစ်ရပ်တွေ လျော့နည်း ပပျောက်သွားအောင် ဟန့်တားရာလည်းရောက်ပါတယ်။

နောက်တချက်ကတော့ ပဋိပက္ခ ဖြစ်ပေါ်လာရတဲ့အခြေအနေတွေကို သုံးသပ်တင်ပြခြင်း၊ မတူတဲ့ အုပ်စုငယ်များအတွင်း ဝိုင်းဝန်းအဖြေရှာပြီး ပြဿနာရဲ့ ဖြစ်နိုင်ခြေ အဖြေတွေကို သတင်းမီဒီယာက ဖေါ်ထုတ်တင်ပြခြင်းဖြစ်ပါတယ်။ ပဋိပက္ခ တနည်းအားဖြင့် လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာ ဖြစ်တဲ့ အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ ညှင်းဆဲမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြရာမှာ ဖြစ်ရပ် ကွက်ကွက်ကလေးကိုပဲ တင်ပြခြင်းထက် ပြဿနာရဲ့ နောက်ခံ၊ ဆက်စပ်နေတဲ့အခြေအနေ ကိုပါ တတ်နိုင်သရွေ့ ဆက်စပ်ဖေါ်ပြဖို့လည်း လိုအပ်ပါတယ်။

တနည်းအားဖြင့် နောက်ခံအခြေအနေနဲ့ ဆက်စပ်နားလည်အောင် အဖြစ်အပျက်ကို ခြုံငုံနားလည်အောင် comprehensive reporting သဘောဆောင်တဲ့ သတင်းတင်ပြမှုဖြစ်ဖို့ လိုအပ်ပါတယ်။ အခုလို ပဋိပက္ခ နဲ့ သက်ဆိုင်တဲ့ သတင်းတင်ပြမှုတွေမှာ သတင်းမီဒီယာသမားရဲ့ တာဝန်က Messenger (သတင်းစကားသယ်ဆောင်ပေးပို့သူ ) ဆိုတာထက် ပိုပါတယ်။

Messenger ဆိုတဲ့ တာဝန်က အချက်အလက် သတင်းစကားကို သယ်ဆောင်၊ ပေါင်းကူး ပေးသူဆိုတာမျိုးပါ။ အခုလို သတင်းမျိုး၊ နိုင်ငံရေး သတင်းမျိုးမှာတော့ သတင်းမီဒီယာတာဝန်က အဲဒါထက်ပိုတယ်လို့ ဆိုရမှာပါ။ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်၊ ဘယ်သူက ဘာတွေလုပ်နေတယ်၊ ဘယ်အဖွဲ့အစည်းက ဘာတွေ လုပ်နေတယ်၊ ဘယ်လို ပြောတယ်၊ ဘယ်လို ထုတ်ပြန်တယ် ဆိုတာထက်ကို ပိုပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းနဲ့ အများပြည်သူတွေ အရေးပါတဲ့ ဆုံးဖြတ်ချက် မှန်ကန်စွာချနိုင်အောင် ဖြစ်စဉ်ကွက်ကွက်လေးကိုသာ ပြသတာမျိုးမဟုတ်ဘဲ ဖြစ်စဉ်ကို ကျယ်ပြန့်တဲ့ နောက်ခံကားချပ်နဲ့ တွဲပြီး ဆက်စပ်ရှုမြင်နိုင်ဖို့နဲ့ ဘယ်လိုလုပ်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာမျိုးအထိ တင်ပြဖို့ ဝတ္တရားရှိတယ်လို့ ဆိုချင်ပါတယ်။

သတင်းမီဒီယာရဲ့ တာဝန်၊ ဝတ္တရားကို ဆွေးနွေးတာနဲ့ အတူ သတင်းသမားများ မကြာခဏ ရောထွေးပြီး လုပ်ဆောင်မိလေ့ရှိပေမယ့် သတင်းသမားတွေရဲ့ တာဝန် မဟုတ်တဲ့ အရာကိုလည်း ဒီနေရာမှာ ဆွေးနွေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ မိမိ ရေးသား တင်ပြဖို့ လုပ်ဆောင်နေတဲ့ သတင်းအဖြစ်အပျက်မှာ ဘက်တဘက်ကနေ ပါဝင်နေတာပါ။

သတင်းသမားအနေနဲ့ သိလျက်နဲ့ ရည်ရွယ်ချက် ရှိလျက်နဲ့ ဝင်ပါနေတာ ဒါမှမဟုတ် မိမိအနေနဲ့ သတိမထားမိဘဲ ခံစားချက်ကြောင့် ဖြစ်စေ ဝင်ပါနေမိတာလည်း ဖြစ်နိုင်ပါတယ်။ နောက်အကြောင်း တချက်ကတော့ ကိုယ်ကြီးပြင်းရာ လူမှုအသိုက်အဝိုင်းရဲ့ ဖိအားကြောင့် မိမိပုဂ္ဂလိက အမြင်၊ အယူအဆ၊ ခံစားချက်တွေကို ကိုယ့်ရဲ့အလုပ်ပေါ်မှာ ရောယှက်ပါဝင်သွားတာမျိုး ဖြစ်ပါတယ်။

မိမိရဲ့ ခံစားချက်၊ အယူအဆ၊ ယုံကြည်မှု တွေ သတင်းအလုပ်မှာ မလွှမ်းမိုးစေရဘူးဆိုတာဟာ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ခြားထားတဲ့ စည်းက အလွန်ပါးလွှာပါတယ်။ ခွဲခြားရခက်ခဲတာလည်း မှန်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ယူဆချက်တွေလည်း ရှိပါတယ်။ ကျင့်ဝတ်ဆိုင်ရာ စံနှုန်း တစ်ခုဖြစ်တဲ့ ဓမ္မဓိဌာန်ကျခြင်းဆိုရင်လည်း လက်တွေ့မှာ ဓမ္မဓိဌာန်ကျဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုးယူဆပြီး ဓမ္မဓိဌာန်ကျခြင်းဆိုတဲ့ ကျင့်ဝတ်စံကို မဖြစ်နိုင်ဘူး၊ သတင်းသမားက ဘက်တဘက် လိုက်ရမှာပဲဆိုတဲ့ စဉ်းစားမှုတွေရှိပါတယ်။

အမှန်တကယ်တော့ ပြီးပြည့်စုံ၊ အပြစ်ကင်းစင်ပြီး ဒဿနဆန်လွန်းတဲ့ ဓမ္မဓိဌာန်ကျမှုမျိုး ဖြစ်နိုင်ဖို့ ခက်ခဲတာမှန်ကန်ပါတယ်။ သတင်းစာပညာမှာ သုံးစွဲတဲ့ ဓမ္မဓိဌာန်ကျခြင်းဆိုတာက ဒဿနဆန်ဆန် အဓိပ္ဗါယ်ဖွင့်ထားတဲ့ စကားလုံးထက် ဓမ္မဓိဌာန်ကျခြင်းဆိုတာကို လက်တွေ့ကျကျ ကျင့်သုံးဖို့လမ်းညွှန် ဖြစ်ပါတယ်။ သတင်းအလုပ်လုပ်နေစဉ်မှာ မိမိရဲ့ တဦးချင်း ခံစားမှု၊ ယုံကြည်မှု၊ ထောက်ခံမှု၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းတွေ အလုပ်အပေါ်မှာ လွှမ်းမိုးခြင်းမရှိအောင် သတိနဲ့ လုပ်ဆောင်ခြင်း ကျင့်ဝတ်စံနှုန်းကို ထိန်းသိမ်းခြင်းကို ဆိုလိုတာပါ။

သတင်းမီဒီယာရဲ့ တာဝန်က ဘာလဲ
သတင်းမီဒီယာရဲ့ တာဝန်က ဟိုအရာမဟုတ်၊ ဒီအရာမဟုတ်ဘူးဆိုတော့ ဘယ်ဟာက သတင်းမီဒီယာရဲ့ တာဝန်လဲလို့ ပြန်မေးခွန်းထုတ်ကောင်း ထုတ်ပါလိမ့်မယ်၊ သတင်းမီဒီယာရဲ့တာဝန်က အတိုချုပ်ပြောရင် သတင်းဆိုင်ရာကျွမ်းကျင်မှုကိုသုံးပြီး အများပြည်သူ အကျိုးစီးပွား အတွက် လုပ်ဆောင်ခြင်း လို့ အတိုဆုံးဖြေရမယ် ထင်ပါတယ်။

အများပြည်သူအကျိုးစီးပွားဆိုတာဘာလဲလို့ ထပ်မေးခွန်းထုတ်ရင်တော့ “ပြည်သူအများ၏ အကျိုးစီးပွားဆိုသည်မှာ လုံခြုံသည့်၊ ကျန်းမာသည့်၊ ကောင်းစွာ လည်ပတ်လုပ်ကိုင်နိုင်သည့် လူမှုဝန်းကျင်ရှိရေးပင် ဖြစ်သည်” လို့ဆိုထားပါတယ်။ ဒါက သတင်းစာပညာအတွက် ရည်ရွယ်ကာ ဖွင့်ဆိုထားသည့် အဓိပ္ဗါယ် ဖွင့်ဆိုချက်ဖြစ်သည်။ အများပြည်သူ အကျိုးစီးပွား အဓိပ္ဗါယ်ဖွင့်ဆိုချက်တွင် လုံခြုံသည့် ကျန်းမာသည့် ကောင်းစွာလည်ပတ် လုပ်ကိုင်နိုင်သည့် လူမှုဝန်းကျင်ရှိခြင်း လို့ ရည်ညွှန်းထားတဲ့အတွက် သတင်းမီဒီယာအနေနဲ့ နို်င်ငံရေး အင်အားစု တရပ် အသာရရေး၊ လက်နက်ကိုင် အင်အားစုတရပ်ရပ် အသာရရေးသည် သတင်းသမားများ၏ တာဝန် လုံးဝမဟုတ်ကြောင်း ထင်ရှားပါတယ်။ ။

Comments