ကိုသန်းလွင် ● ပြင်သစ်စာပေအကယ်ဒမီ

ကိုသန်းလွင် ● ပြင်သစ်စာပေအကယ်ဒမီ
(မိုးမခ) မတ်လ ၂၅၊ ၂၀၁၉

(၁)
စာရေးဆရာကြီး ဘလေ့စ် Balzac မှာဝင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ ဇိုလာက တံခါးကို အကြိမ် ပေါင်း ဒါဇင်ကျော် အောင်အကြိမ်ကြိမ်ခေါက်သော်လည်း အမြဲတမ်းငြင်းပယ်ခံရသည်။ ဘဲလာရင်း (Valarine) မှာ မဲတချပ်မှမရ။ ဟူဂိုးမှာ အကြိမ်မြောက်များစွာကြိုးစားပြီးမှဝင်ခွင့်ရသည်။

ပြင်သစ်ပြည်၏ အထင်ကရ ကလပ်တခုဖြစ်ပါသည်။ ပြင်သစ်ပြည်၏ စာပေအကယ်ဒမီ (The Acadermie Francaise) ဟုခေါ်သည်။ အဖွဲ့ဝင် ၄၀ ရှိသည်။ သူတို့၏တာဝန်သည် ပြင်သစ်စာပေကို ကာကွယ်စောင့်ရှောက် ရန်ဖြစ်ပါသည်။ သူတို့သည် မသေနိုင် သူများ ( Immortals) ဖြစ်သည်။ ဂုဏ်သိက္ခာကို တန်ဖိုးထားလွန်းအား ကြီးသောကြောင့် ပြင်သစ်မှ စာရေးဆရာ အများစုမှာ ဘယ်သောအခါမှ အဖွဲ့ဝင်ဖြစ်မည် မဟုတ်ပါ။ ကမ္ဘာကြီး တွင် ဘယ်နိုင်ငံမှာမှမရှိသောအဖွဲ့ကြီးဟု လည်းဆိုနိုင်ပါသည်။

(၂)
သို့ပါသော်လည်း ယခင်လကမှ အဖွဲ့ဝင်တယောက်က “ဦးနှောက်မရှိသော သူများ၏ နှောင့်ယှက်ခြင်းကို ခံရစေ ကာမူ ဘယ်တော့မှ အဖွဲ့သည် ပျက်မှာမဟုတ်” ဘူးဟူ၍ကြွေးကြော်ပါသည်။

ဒီဇင်ဘာ ၂၀၁၆ ကတည်းက လေးနေရာလစ်လပ်လျက်ရှိပါသည်။ ယခုနှစ် ဇန္န၀ါရီလရောက်အောင် အဖွဲ့ဝင်များ က သုံးကြိမ်တိုင်တိုင်မဲပေးခဲ့ကြပါသည်။ သုံးကြိမ်လုံးလုံးမဲများကို ညီညီညွတ်ညွတ်မရခဲ့ပါ။ နောက်ထပ်ရွေးချယ် ပြီးအဖွဲ့ဝင်အသစ် ဖြစ်လာမည့်လူကို သဘောမတူနိုင်ဖြစ်နေကြခြင်းဖြစ်ပါသည်။

ဤကဲ့သို့ အဖြေမရနိုင်လောက်အောင်မဲခွဲရခက်နေသည်မှာ ပြင်သစ်လူမျိုးတို့၏ အစဉ်အလာဖြစ်နေပါပြီ။တဖက် ကလည်း အစဉ်အလာထိန်းသိမ်းရင်းဖြင့် ယဉ်ကျေးမှုကို စောင့်ရှောက်လိုကြသည်။ တဖက်ကလည်း ၂၁ ရာစု ဂလိုဗယ်လိုက်ဇေးရှင်း ကိုအမှီလိုက်လိုကြသည်။ ထို့ကြောင့် တော်လှန်ပုန်ကန်မှုများကို ရင်ဆိုင်နေရသည်။ ယခုလောလောဆယ် အ၀ါရောင်အင်္ကျီတော်လှန်ရေး (Yellow Vest Revolution) ပေါ်ပေါက်နေသည်။

ကျွန်တော်တို့ဟာ “လူ့အဖွဲ့အစည်းရဲ့ရောင်ပြန်ဟပ်နေတာပါ။ လူ့အဖွဲ့အစည်းကလည်းကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်း ထုတ်ရတာဘဲ” ဟု လက်ဘနွန်မှာမွေးသောအသင်းဝင်ဖြစ်သော  စာရေးဆရာ မာလုဗ် (Amin Maalouf) ကပြောသည်။ “အသင်းဝင်တစ်ယောက်နှင့်တစ်ယောက် အမုန်းတရားတွေများပြီး သဘောမတူနိုင် ဖြစ်နေကြတာ “ဟုပြောသည်။

ဤအသင်းကြီးမှာ ၁၆၃၄ ခုနှစ်တွင် ရဟန်းမင်းကြီးရစ်ချလူးက (Cardinal Richelieu) က “ပြင်သစ်စာပေကို ကာကွယ်ရန် “ထူထောင်ခဲ့ပြီး ၁၇၉၃ ခု ပြင်သစ်တော်လှန်ရေး ကာလအတွင်းက အလုပ်မလုပ်နိုင်ဘဲခေတ္တရပ် ဆိုင်းသွားခဲ့သည်။ နပိုလီယန်က ၁၈၀၃ ခုနှစ်တွင်ပြန်လည်အသက်သွင်းခဲ့ပြီး Institut de France ၏ ဌာနခွဲ တစ်ခုဖြစ်သည်။

ဟေတီတွင် မွေးပွားခဲ့သော အဖွဲ့ဝင်၊ တစ်ဦးတည်းသောလူမဲဖြစ်သူ (Mr. Laferriere) ကမူ“ အဖွဲ့ကြီးဟာ အဖွား ကြီးလိုဘဲသိပ်ပြီး Sensitive ဖြစ်လွန်းတယ် “ ဟုပြောသည်။ အဖွဲ့ဝင်များမှာလူကြီးများအိုမင်းကြပြီးဖြစ်သည်။ ပျမ်းမျှသက်တမ်းမှာ ၇၀ ရှိပြီဟု ဆိုသည်။

အဖွဲ့ကြီးမှာခေတ်နှင့်အမှီလိုက်ရင်း ကွဲပြားမှုများ (Diversity) ကို ရှောင်လွှဲရန် ခက်ခဲလှပါသည်။ အဖွဲ့ဝင် လူကြီး များ၏စဉ်းစားခန်းဝင်ပုံများမှာ ပြင်ပလူတို့နားမလည်နိုင်ပါ။ မဲပေးပုံစနစ်မှာလည်း လူသိရှင်ကြားပေးရသော ကြောင့် စိတ်ပျက်စရာကောင်းလှသည်။ ပညာရေး ၀န်ကြီးဟောင်း ဖယ်ရီ (Luc Ferry) မှာ မဲသုံးခါရွေး သည့် တိုင် ၆မဲ စီသာရပြီး ငြင်းပယ်ခြင်းခံရသည်။

အကယ်ဒမီ၏ တကယ့်အလုပ်မှာ ပြင်သစ်အဘိဓါန်ကိုပြုစုရခြင်းဖြစ်သည်။ ဤလုပ်ငန်းကို ၁၇ ရာစုနှစ်ကတည်း ကစတင်လုပ်ဆောင်ခြင်းဖြစ်ပြီး အသစ်တင်သောစာလုံးများကို အစိုးရက တရားဝင်ထုတ်ဝေပေးရသည်။

မကြာသေးခင်ကမှ အဖွဲ့ကြီးကလူများကို ကျားမကွဲပြားစေခြင်းကိုအတည်ပြုပေးသည်။ ဤသည်မှာ အကယ်ဒမီ အနေဖြင့် ကျားမခွဲခြား၍ခေါ်ခြင်းကို ရာစုနှစ်ပေါင်းကြာအောင် ဆန့်ကျင်လာပြီး ၄င်းကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။ ပြင်သစ်ပြည်တွင် တပြည်လုံးနှံ့အောင်သုံးစွဲနေငြားသော်လည်း အကယ်ဒမီက မကြာမီကမှ အသိ အမှတ် ပြုခြင်းလည်းဖြစ်ပါသည်။

ဘာသာရပ်ကလည်းပြောင်းလဲနေသည်။ လူ့ဘ၀ပတ်ဝန်းကျင်ကလည်း ပြောင်းလဲနေပါသည်။ အကယ်ဒမီ က လည်း လိုက်၍ပြောင်းလဲရသည့် သဘောပင်ဖြစ်ပါသည်။ “ကျွန်တော်တို့ဟာ လစ်လပ်သူ နေရာ အားလုံးကို မနက်ဖြန်ဖြည့်လို့ရပါတယ်၊ ဒါပေမယ့် အကယ်ဒမီဟာ ရှေးထုံးတမ်းစဉ်လာ ကိုတော့ စောင့်ထိန်းရမယ်လေ” ဟုအဖွဲ့ဝင်တဦးကဆိုသည်။

အကယ်ဒမီက လူကိုရွေးချယ်ခြင်းဖြစ်ပြီး လူက အကယ်ဒမီကို ရွေးချယ်ခြင်းမဟုတ်ပေ။ လူတစ်ယောက်သည် အဖွဲ့ဝင်ဖြစ်နိုင်ရန် မိမိကိုယ်တိုင်ကအဖွဲ့ကြီးသို့ စာရေးမေတ္တာရပ်ခံရသည်။ ထို့ကြောင့်ပြင်သစ်နိုင်ငံမှ ကမ္ဘာကျော် စာရေးဆရာကြီးများ အသင်းဝင်မဖြစ်ကြခြင်းပင်ဖြစ်သည်။ ပြင်သစ်ပြည်မှ သက်ရှိနိုဗယ်စာပေဆုရှင်နှစ်ယောက် ဖြစ်ကြသော (Patrick Modiano) နှင့် Jean-Marie  Le Clezio နှစ်ယောက်လုံး မှာ အသင်းဝင်များ မဟုတ်ကြ ပါ။ ဥရောပ၏အကျော်ကြားဆုံး ၀တ္ထုစာရေးဆရာ ဟိုလီဘက် (Michel Houellebecq) မှာလည်း အဖွဲ့ဝင် မဟုတ်ပါ။ တခြားသူများမှာအများတိုက်တွန်းမှုကြောင့် လျှောက်ကြသော်လည်း အပယ်ခံရသည်ကများပါသည်။

အမျိုးသမီးအဖွဲ့ဝင်ငါးဦးရှိရာ တစ်ဦးဖြစ်သူ ဗိုနာ( Dominique Bona) က “ကျွန်မတို့မှာတကယ် အဖွဲ့ဝင်ဖြစ် ထိုက်သူတွေရှိတယ်၊  ဒါပေမယ့် ကော်မတီက ဂရုမစိုက်ကြဘူး” ဟုငြီးငြူသည်။

ပြင်သစ်တွင်အ၀ါရောင်အကျီင်္ လှုပ်ရှားမှု မှာအွန်လိုင်းမှ စတင်ခဲ့ပြီး လူတစ် သန်းကျော် လက်မှတ်ရေးထိုးခါ အ လုပ်အကိုင်ရရှိရေး၊ လောင်စာဆီတန်ဘိုး လျှော့ကျရေး စသည်တို့အတွက်ဆန္ဒပြကြခြင်းဖြစ်သည်။ ယခု အခါ တပြည်လုံးလိုလို ဆန္ဒပြသူများနှင့် ပူးပေါင်းကြပြီး အရှိန်အဟုန်မှာ ကြီးမားသည်။ အကယ်ဒမီအဖွဲ့ဝင်လူကြီးများ မှာတစ် တိုင်းပြည်လုံးပွက်လောရိုက်နေသည့်တိုင် မိမိနှင့်မဆိုင်သလိုနေသည်၊

မကြာမီက အကယ်ဒမီက အသစ်ရွေးချယ်လိုက်သောဝတ္ထုရေးဆရာ ဂရိန်ဘီလ် (Patrick Grainville) ကိုကြို ဆိုပွဲလုပ်ခဲ့ကြ သည်။ သူသည် ဂျာနယ်လစ် သမိုင်းဆရာနှင့် စာရေးဆရာ (Alain Decaux) ၂၀၁၆ မတ်လက ကွယ်လွန်သွားရာ သူ့နေရာသို့ ၀င်ရောက်လာခြင်းဖြစ်သည်။ ယေဘူယျအားဖြင့် အဖွဲ့ဝင်တစ်ဦး ကွယ်လွန်လျှင် တစ်နှစ်ခန့် စောင့်ပြီးမှနေရာလစ်လပ်ကြောင်း ကြေညာလေ့ရှိသည်။ ထိုသူနေရာကို အစားထိုးရန် လူကိုရွေး ချယ်ပြီးတစ်နှစ်ကျော်ခန့်ထပ်မံစောင့်ကာ အဖွဲ့ဝင်အသစ်အဖြစ်လက်ခံသည်။ မစ္စတာဂရိမ်ဘီလ်မှာ၂၀၁၈မတ်လ တွင် ရွေးကောက် တင်မြောက်ခံရသည်။

ယခင်ကပြင်သစ်သမ္မတဟောင်း ဒက်စတိုင်း (Valery Giscard d’Estaing) မှာ  ၉၃ နှစ်ရှိပြီး အကယ်ဒမီ အဖွဲ့ ၀င်အဖြစ် ၂၀၀၃ ခုနှစ်ကတည်းက စတင်ထမ်းဆောင်ခဲ့သည်။ ကြိုဆိုပွဲသို့တက်ရောက်လာကြသူများအဖွဲ့ဝင် များမှာ ၀တ်စုံပြည့်ဝတ်ဆင်ကာ လာကြသည်။ အစိမ်းရောင်ယူနီဖေါင်းမှာ ဒေါ်လာ ၅၀,၀၀၀ တန်ဘိုးရှိသည်။ ထို့ပြင်ဓါးကို လည်း ကိုင်ဆောင်ရသေးရာ ဓါးမှာ ဒေါ်လာ ၂၃၀,၀၀၀ ပါတ်ဝန်းကျင်မှာပေးရသည်။

(၃)
တိုင်းပြည်တစ်ပြည်တွင်စာပေ ကိုတန်ဘိုးထားခြင်းမှာအတုယူဘွယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ထိုအဖွဲ့မျိုး ကိုစိတ်ကူးယဉ်ကြည့်မိပါသည်။ စာပေယဉ်ကျေးမှုနှင့်ပါတ်သက်၍ဆောင်ရွက်ဘွယ်ရာများမှာများပြားလှပါသည်။ မိမိနောက်ကွယ်က ကာကွယ်စောင့်ရှောက်မည့်အသင်းအဖွဲ့ရှိသည်ဆိုခြင်းကိုက အလွန်ကောင်းမွန်သည့်အစဉ် အလာပင်ဖြစ်ပါသည်။

 ခေတ်ကြီးကပြောင်းလဲနေသဖြင့် စာပေကိုခေတ်မှီစေရန်လည်းလိုသည်။ မြန်မာစာပေ နှင့် ယဉ်ကျေးမှုကို မပ ပျောက်စေရန် ထိမ်းသိမ်းရသည့်တာဝန်ကပင် လုပ်စရာများစွာရှိနေပေသည်။

Ref: The Guardians Of The French Language, Are deadlocked just like Their country, by Adam Nossiter New York Times Mar 3 2019.

Comments