ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ထရမ့်၏ ဒီမိုကရေစီဆန့်ကျင်ရေးလုပ်ငန်းများ
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၉
(မိုးမခ) မတ် ၁၆၊ ၂၀၁၉
Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACEIES DIE စာအုပ်မှ Trump Against the Guardrails အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။
သမ္မတများသည် သူတို့၏ ရုံးခန်းများကို သူတို့၏ စီးပွားရေးအတွက် အသုံးမချရဟူသော ဥပဒေရှိ သည်။ သို့သော်ထိုဥပဒေကို လက်တွေ့အကောင်အထည်ဖော်ရာတွင် တော်တော်လျော့ရဲရဲနိုင်သည်။ ဤလျော့ရဲရဲနိုင်မှုကြောင့် ထရမ့်သည် သူသားများအား စီးပွားရေးလုပ်ငန်းများကို ကြိုက်သလိုလုပ် နိုင်အောင် အခွင့်အလမ်းများပေးထားသည်။ သို့ရာတွင် အဖေ၏ သမ္မတရာထူးကြောင့် ရရှိသော ပစ္စည်း များကို သူတို့၏ အမွေစားအမွေခံပစ္စည်းပမာသုံးနိုင်သော အခွင့်အလမ်းများ ရရှိကြသည်။
သမ္မတထရမ့်သည် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်သော ရွေးကောက်ပွဲကိုပင် တရားမ၀င်ဟူ၍ ဝေဖန်ခဲ့သည်။ ထိုရွေးကောက်ပွဲသည် သူကိုယ်တိုင်သမ္မတဖြစ်ရန်အတွက် အထောက်အကူပေးခဲ့သော အရာဖြစ်သည်။ ထိုအရာကို သူကတရားမ၀င်ဟု ဝေဖန်ခြင်းသည် မည်ကဲ့သို့အဓိပ္ပါယ်ရောက်မည်နည်း? အမေရိကန်တွင် မည်သည့်အဓိကကျသော နိုင်ငံရေးသမားမှ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်အတွင်း တွင် အမေရိကန်ရွေးကောက်ပွဲ၏ တရားဝင်မှုကို ဝေဖန်ခြင်းမရှိခဲ့ဖူးပါ။
ရွေးကောက်ပွဲ၏ တရားဝင်မှုကို ငြင်းပယ်သောဖြစ်ရပ်၊ အထူးသဖြင့် မမှန်ကန်သောငြင်းပယ်မှုသည် ပြည်သူလူထု၏ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုကို ကင်းမဲ့စေသည်။ ထိုအခါ ဒီမိုကရေစီစနစ်တစ်ခုလုံး အပေါ်မှာပါ ယုံကြည်မှုကင်းမယ့်သွားသည့် အဖြစ်မျိုးကြုံသွားနိုင်သည်။ သမ္မတထရမ့်သည် နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ စည်းမျဉ်းကိုပါ ချိုးဖောက်သည်။ ၎င်းသည် ရွေးကောက်ပြီးစီသွားသောအခါ၊ ယခင်က ပြိုင်ဘက်ဖြစ်ခဲ့သော နိုင်ငံရေးသမားများပြန်လည်သင့်မြတ်ခြင်း၊ ပေါင်းထုပ်ခြင်းဟူသော လုပ်ရပ်ဖြစ်သည်။ သမ္မတထရမ့်သည် ဟီလရီကလင်တန် (Hillary Clinton) ကို ရွေးကောက်ပွဲပြီးသည့်အခါတွင် ဆက်လက်၍ တိုက်ခိုက်နေခြင်းသည် ထို (ရေးသားမထားသော) စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်။
နောက်ထပ် (ရေးသားမထားသော) စည်းမျဉ်းတစ်ခုမှ လက်ရှိသမ္မတသည် သူ့ရှေ့ခဲ့သော အရင် သမ္မတကို တိုက်ခိုက်ခြင်းမှ ရှောင်ကျဉ်ရန် ဖြစ်သည်။ အခြေခံဥပဒေတွင် မုသားမပြောရဟူ၍ ရေးသား၍ မထားပါ။ ထို့ကြောင့် မည်သူမဆို မုသားပြောခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ရာမရောက်ပါ။ သမ္မတ ထရမ့်သည် သမ္မတဖြစ်ပြီးနောက်ပိုင်းတွင် မုသားများပြောခဲ့သည်။ သို့သော်လည်း သူပြောခဲ့သော မုသား များသည် သိသာထင်ရှားသော မုသားများမဟုတ်ပါ။ ချက်ချင်းလည်း ချိန်ကိုက်ကြည့်၍မရနိုင်ပါ။
ဥပမာ သမ္မတထရမ့်ကဆိုသည်မှာ- သူသည် ရော်နယ်ရီဂင် (Ronald Reagan) နောက်ပိုင်းတွင် မဲကွားခြားမှု အများဆုံးဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခြင်းဖြစ်သည်ဟုခေါ်သည်။ (ပြန်လည်စစ်ဆေးကြည့်လျှင် ဘွတ်(ရှ)၊ ကလင်တန်၊ အိုဘားမားတို့သည် မဲကွာခြားမှုတွင် ပို၍များခဲ့သည်။) နောက်ထပ်ပြောသော မုသားတစ်ခုမှာ- သူသည် ပထမခြောက်လအတွင်း အခြားသမ္မတများထက် လွှတ်တော်တွင် အခြေခံဥပဒေ များကို လက်မှတ်ထိုးခဲ့သည်ဟုဆိုသည်။ ဧကန်တကယ်စစ်ဆေးကြည့်လျှင် သမ္မတဘွတ်(ရှ)နှင့် ကလင်တန်တို့ထက် နည်းပါးသည်။ ဂျူလိုင် 2017 တွင် သမ္မတထရမ့်ကဆိုသည်မှာ- ကင်းထောက်အဖွဲ့၏ ခေါင်းဆောင်က သမ္မတသည် ကင်းထောက်အဖွဲ့ကို ပေးသောမိန့်ခွန်းသည် အကောင်းဆုံးဖြစ်သည်ဟုဆို သည်ဟူ၍ ဖြစ်သည်။ ကင်းထောက်အဖွဲ့၏ ခေါင်းဆောင်သည် ဤသို့ဆိုခြင်းသည် မမှန်ကန်ကြောင်းကို ချက်ချင်းထုတ်ပြန်လိုက်သည်။
သမ္မတထရမ့်သည် ပြောခဲ့သော မုသားများအတွက် ဘာမှမမြင်ခဲ့ပါ။ သို့သော်ဤမုသားစကားများ သည် ရေရှည်အတွက် မကောင်းသော အကျိုးဆက်များကိုဖြစ်စေနိုင်ပါသည် သမ္မတကိုယ်တိုင်က မုသား စကားများကိုဆိုခြင်းကြောင့် ပြည်သူလူထုအတွက် ယုံကြည်နိုင်သော သတင်းအချက်အလက်ရရှိဖို့တော် တော်ခက်သွားပါသည်။ ပြည်သူလူထုအနေနှင့် သူတို့ရွေးကောက်ထားသော ခေါင်းဆောင်များကိုပင် မယုံကြည်ရလျှင်၊ ကိုယ်စားလှယ်များက ကိုယ်စားပြုထားသော ဒီမိုကရေစီစနစ်သည် အားလျော့သွားသည်။ ထိုအခါ ရွေးကောက်ခံရသော ခေါင်းဆောင်များအပေါ် အယုံအကြည်ကင်းမဲ့သည့်အလျှောက်ရွေးကောက်ပွဲ များ၏ တန်ဖိုးသည်လည်း လျော့ကျသွားပါသည်။
သမ္မတထရမ့်သည် မီဒီယာအပေါ်လေးစားမှုကင်းမဲ့ခြင်းသည်လည်း ဒီမိုကရေစီကို ပျက်စီးစေသော အကြောင်းတစ်ခုဖြစ်သည်။ လွတ်လပ်သော ပုံနှိပ်လုပ်ငန်းရှိနေခြင်းသည် ဒီမိုကရေစီရှင်သန်ရေး၏ အကြောင်းတစ်ခုဖြစ်သည်။ လွတ်လပ်သော ပုံနှိပ်လုပ်ငန်းမရှိဘဲ မည်သည့်ဒီမိုကရေစီစနစ်မှ မရှင်သန်နိုင် ပါ။ လွတ်လပ်သောပုံနှိပ်လုပ်ငန်းသည် မီဒီယာ၏ အသက်ဟူ၍ပင်ဆိုနိုင်ပါသည်။ ဂျော့ဝါရှင်တန်မှ စတင်၍ သမ္မတအဆက်ဆက်သည် မီဒီယာနှင့် တိုက်ပွဲဆင်ခဲ့ကြရသည်။ သမ္မတတော်တော်များများသည် မီဒီယာကို မုန်းပင်မုန်းတီးကြပါသည်။ ၎င်းသည် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုဟုဆိုနိုင်ပါသည်။ အမေရိကန် သမ္မတအားလုံးနီးပါးသည်။ မီဒီယာကို ဒီမိုကရေစီစနစ်၏ ရှင်သန်ရေးတွင် အဓိကဟုပင် ယုံကြည်ကြသည်။ နိုင်ငံရေးစနစ်အတွက် မီဒီယာ၏ လိုအပ်ချက်ကို အသိအမှတ်ပြုကြသည်။ အချိုကသော သမ္မတများသည် သူတို့၏ ကိုယ်ရေးကိုယ်တာဘ၀တွင် မီဒီယာကို ကဲ့ရဲ့ကြသည်။ သို့သော်လည်းအများပြည်သူများ၏ ရှေ့တွင် လေးစားမှုအနည်းငယ်နှင့် ယဉ်ကျေးမှုဖြင့် မီဒီယာကို ဆက်ဆံကြသည်။ ဤစံချိန်စံနှုန်းကို လိုက်နာခြင်းကြောင့် သမ္မတနှင့် ပုံနှိပ်လုပ်ငန်းတို့၏ ဆက်ဆံရေးတွင် ရေးသားမထားသော စည်းမျဉ်း စည်းကမ်းများဖြစ်ပေါ်လာသည်။
သမ္မတတရမ့်သည် မီဒီယာနှင့် သတင်းသမားများကို ဆဲဆိုခြင်းစသော အလုပ်တို့သည် အမေရိ ကန်ခောတ်သစ်သမိုင်းတွင် မရှိခဲ့ဖူးသော အရာဖြစ်သည်။ သူသည် မီဒီယာသမားများကို “ကမ္ဘာပေါ်တွင် အကောက်ကျစ်ဆုံးသော သူများ” ဟုပင်ခေါ်ဆိုသေည်။ New York Times။ Washing Post နှင့် CNN တို့ကို လိမ်ညာခြင်းမှားယွင်းသော သတင်းများဖြန့်ဝေခြင်းတို့ကို လုပ်သည်ဟု စွပ်စွဲသည်။ သူသည် ကိုယ်ရေးကိုယ်တာတိုက်ခိုက်မှုများကိုလည်း လုပ်လေ့ရှိသည်။
ထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် ပုံနှိပ်လုပ်ငန်းနှင့်ဆိုင်သောပွဲများသို့ သူမဖိတ်ချင်သော သတင်း ထောက်များကို ရွေး၍ဖယ်ထားတတ်သည်။ 2017 ဖေဖော်ဝါရီလ 24 ရက်က ပုံနှိပ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူးသည် ဂါဂယ် (Gaggle) အမည်ရှိသော သတင်းဆိုင်ရာပွဲသို့ New York Times, CNN, Politico, Buzz Feed နှင့် Los Angles သတင်းဌာနများမှ သတင်းထောက်များကို ဖယ်ထားခဲ့ပြီး၊ Washing Times နှင့် One America News Network နှင့် အချို့ကိုသာ ဖိတ်ကြားခဲ့သည်။ ဤကဲ့သို့သော အပြုအမူ မျိုးသည် ယခုခေတ်တွင် သမ္မတ နစ်ဆင် (Nixon) လက်ထက်က ဝါးတားဂိတ်ကိစ္စ (Watergate Scandal) ပေါက်ကွဲစဉ်အခါက Washing Post ကို ဖယ်ထားသည့်ကိစ္စတွင်သာဖြစ်ခဲ့ဖူးသည်။
1993 တွင် ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် မွိုင်နီဟန် (Moynihan) က ပြတ်သားသော တွေ့ရှိချက်တစ်ခုကို ဖော်ပြခဲ့သည်။ သူကဆိုသည်မှာ - လူအချို့သည် အများလက်ခံသော စံနှုန်းများမှ ကွဲထွက်သောအရာများကို လက်ခံတတ်ကြသည်။ ထိုကဲ့သို့ အများလက်ခံထားသော စံနှုန်းများမှ ကွဲထွက် သောအရာများကို လက်ခံသောသူများကို အများပြည်သူလူထုသည် မည်ကဲ့သို့ ဆက်ဆံရမည်ကိုမသိကြ ချေ။ ရေးသား၍မထားသော စည်းမျဉ်းစည်းကမ်းများကို အကြိမ်ကြိမ်ချိုးဖောက်သူများကိုတွေ့သောအခါ၊ လူ့အဖွဲ့အစည်းသည် “သာမန်လက်ခံနိုင်သောအရာများ” ဟူသည်ကို အဓိပ္ပါယ်ပြောင်းလဲ၍ သတ်မှတ်တတ် ကြသည်။ ထိုကဲ့သို့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ပြောင်းလဲ၍သတ်မှတ်လိုက်သောအခါတွင်၊ ယခင်က လက်မခံနိုင်သောအရာများကို လက်ခံနိုင်လာလေသည်။
ဥပမာပြရလျှင်၊ အမေရိကန်နိုင်ငံ၏ လူ့အဖွဲ့အစည်းတွင်၊ လိင်တူဆက်ဆံခြင်း၊ အမေသာရှိ၍အဖေ မရှိသော မိသားစုမျိုး၊ လူသတ်မှုများစွာဖြစ်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း တို့ကို လက်ခံနိုင်လာကြသည်ဟူ၍ မွိုင်နီဟန်ကဆိုသည်။ ယနေ့အခြေအနေတွင် ဒီမိုကရေစီစနစ်ပျက်ပြားခြင်းကိုပင် သာမန်ကိစ္စဟူ၍ လက်ခံ လာဖို့ဦးတည်နေပြီ။ အဓိပ္ပါယ်သတ်မှတ်ချက်များပြောင်းလဲ၍ သတ်မှတ်လိုက်ခြင်းကြောင့် ယခင်က ကြေက်စရာ၊ ရှက်စရာဟု သတ်မှတ်ထားသောအရာများဖြစ်သည့် - သမ္မတ၏လိမ်ညာခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားမော်ကားပြုခြင်း၊ လှည့်စားခြင်း စသော လုပ်ရပ်များသည် လက်ခံနိုင်သောအရာများ ဖြစ်သွားလေ သည်။
ဤကဲ့သို့ လက်ခံနိုင်သွားခြင်းအကြောင်းမှာ၊ ပြောခဲ့သည့်အတိုင်း လက်ခံနိုင်သောအရာများနှင့် လက်မခံနိုင်သောအရာများ၏ အဓိပ္ပါယ်သတ်မှတ်ချက် ကိုယ်တိုင်ကပင် ပြောင်းသွားသောကြောင့်ဖြစ်လေ သည်။ ဤကဲ့သို့ ဖြစ်ရခြင်းအကြောင်းမှာ ရီပတ်ဘလီကန်လွှတ်တော်အမတ်များကိုယ်တိုင်သည် သူတို့၏ သမ္မတနှင့် ထိပ်တိုက်တွေ့ခြင်းကို မဖြစ်စေလိုသောကြောင့်ဖြစ်သည်။
ဤကိစ္စရပ်များသည် ဒီမိုကရေစီအပေါ် ဆိုးဝါးသော အကျိုးဆက်များကို ဖြစ်နိုင်စေပါသည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီမိုကရေစီစံနှုန်းများကို မချိုးဖောက်သေးသော်လည်း၊ နောက်ဖြစ်လာမည့် သမ္မတ တစ်ဦးဦးသည် ယင်းစံနှုန်းများကို ချိုးဖောက်ဖို့အလားအလာရှိနေပါသည်။
ဒါဆိုလျှင် ဘယ်လိုလုပ်ကြမလဲ?
နောက်ဆောင်းပါးများတွင် ဒီမိုကရေစီကို ကယ်ခြင်းနှင့်ပတ်သက်၍ဆက်ဖက်ပါ။
(ဆက်လက်ဖော်ပြပါမည်)
Comments