K ငြိမ်းချမ်း - အမှောင်ခေတ်ရဲ့အရိပ်အရောင်တွေ (သို့) အလယ်ရိုးမ ကဗျာဆု



K ငြိမ်းချမ်း - အမှောင်ခေတ်ရဲ့အရိပ်အရောင်တွေ (သို့) အလယ်ရိုးမ ကဗျာဆု
(မိုးမခ) မတ် ၆၊ ၂၀၁၉


ခရေပွင့်လျှင် ၊
ကြွေရင့်ဝါ၀ါ၊မြေထက်မှာလျှင်
ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။

ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။ ။

ကွယ်လွန်သူ ငြိမ်းချမ်းရေးကဗျာဆရာကြီး ဒဂုန်တာရာ ၁၉၄၇ခုနှစ်ကရေးဖွဲ့ခဲ့တဲ့ မတ်လတော်လှန်ရေး ကဗျာထဲက မတ် လ။ မြန်မာ့ဆယ့်နှစ်လရာသီထဲက တပေါင်းလ။ ပူပြင်းခြောက်သွေ့မှုတွေနဲ့အတူ ရွက်ဟောင်းကြွေ ရွက်သစ်ဝေဖို့ အားပြု နေတဲ့လကို တော်လှန်ရေးနဲ့ပေါင်းစည်းရောစပ်ဖွဲ့နွဲ့ခဲ့လို့ လူကြိုက်များ ကိုးကားညွှန်းဆိုခဲ့ရပါတယ်။

မတ်လဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှာလည်း သမိုင်းဝင်နေ့စွဲတွေ များများရှိခဲ့သလို နောက်ထပ်အမှတ်သားပြုစရာ တခု ကတော့ မတ်လ၂၁ ရက်နေ့ဟာ ကမ္ဘာ့ကဗျာနေ့ဖြစ်လို့နေတာပါပဲ။ ၂၀၀၀ခုနှစ်နောက်ပိုင်းစလို့ မြန်မာပြည်အနှံ့အပြားမှာ ကမ္ဘာ့ကဗျာနေ့ကို ကျင်းပလာတာ တွေ့သိကြားလာရပါတယ်။ စစ်အစိုးရကာလများမှာတော့ မလွတ်မလပ်နဲ့ အထူးစောင့် ကြည့်ခံရတဲ့ အခမ်းအနားတွေလည်းဖြစ်ပါတယ်။

ကမ္ဘာ့ကဗျာနေ့ (မတ်လ-၂၁ရက်)မှာပဲ အထူးခြားဆုံး လာတိုက်ဆိုက်နေတာကတော့ မြန်မာကဗျာလောက က ဗိုဂျီးလို့ချစ် စနိုးခေါ်ကြတဲ့ ကဗျာဆရာကြီး မောင်သင်းခိုင်ရဲ့မွေးနေ့ဖြစ်လို့နေတာပဲဖြစ်ပါတယ်။ ကဗျာဆရာကြီး မောင်သင်းခိုင်ဟာ မိုးဝေကဗျာခေတ်ကစလို့ မောင်လေးအောင်၊ နေသွေးနီတို့ခေတ်ပြိုင်တဦးဖြစ်ပြီး ယခုနှစ်ဆိုရင် အသက် ၇၉နှစ် အ ရွယ်ရှိပြီဖြစ်ပါတယ်။

ကမ္ဘာ့ကဗျာနေ့ကို ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးများမှာ ကဗျာဆရာတွေ ကဗျာချစ်မြတ်နိုးသူတွေက ပါဝင်ကျင်းပကြ သလို ကဗျာဆရာမောင်သင်းခိုင်ရဲ့မွေးရပ် ပျဉ်းမနားမှာလည်း မြို့ခံကဗျာဆရာတွေက ဗိုဂျီးရဲ့မွေးနေ့နဲ့အတူ ဂုဏ်ပြုကျင်း ပလေ့ရှိကြပါတယ်။

၂၀၀၂ခုနှစ်ကစလို့ ကမ္ဘာ့ကဗျာနေ့ အခမ်းအနား၊ ကဗျာဆရာ မောင်သင်းခိုင်ရဲ့မွေးနေ့ အထိမ်းအမှတ်တို့နဲ့အတူ ပျဉ်းမနား ကဗျာဆရာများက အလယ်ရိုးမ အမည်နဲ့ နှစ်တနှစ်ထဲက ကဗျာတွေကိုဖတ်ပြီး အလယ်ရိုးမခေတ်ပေါ်ကဗျာဆုအဖြစ် ရွေး ချယ်ချီးမြှင့်လာခဲ့ကြပါတယ်။

အလယ်ရိုးမကဗျာဆုဟာ ကဗျာဆရာများ ကဗျာချစ်သူများကြားမှာ တန်ဖိုးထား နားစွင့်ရတဲ့ ဆုအဖြစ်လည်း ရပ် တည် နိုင်ခဲ့ကြပါတယ်။ ယခုကဗျာစာအုပ်ကတော့ ပျဉ်းမနား အခြေစိုက် အလယ်ရိုးမကဗျာဆရာများက ဆုအဖြစ် ရွေးချယ်ခဲ့ ကြတဲ့ ကဗျာတွေရယ် ဆန်ခါတင်ကဗျာတွေကို စုစည်းထုတ်ဝေလိုက်တာဖြစ်ပါတယ်။

အလယ်ရိုးမကဗျာဆုကို ပျဉ်းမနားမြို့မှာ ၂၀၀၂ခုနှစ်ကနေ နှစ်စဉ်ကျင်းပ ဆုချီးမြှင့်ခဲ့ကြပြီး ယခုစာအုပ်မှာတော့ ၂၀၁၇ အတွက် ပေးထားတဲ့ဆုရကဗျာထိပါဝင်ပါတယ်။

စာအုပ်နဲ့ပတ်သက်ပြီး ကဗျာဆရာမောင်သင်းခိုင်က “အမှောင်ခေတ်ရဲ့အရိပ်အရောင်များကို ကဗျာတွေက ဖော်ပြနေတာ တွေ့ရပါလိမ့်မယ်”လို့ အမှာစကားပါးထားပါတယ်။

စာအုပ်စီစဉ်သူ အလယ်ရိုးမကဗျာဆရာများက စာအုပ်ဖြစ်ပေါ်လာပုံကို ကျေးဇူးစကား အမည်တပ်ကာ “ အစ်ကိုကြီး မောင် သင်းခိုင်မွေးနေ့ကို အလေးအမြတ်ပြုလို့ ၂၀၀၂ခုနှစ်က စခဲ့တဲ့ အလယ်ရိုးမကဗျာဆု ဒီနှစ်ဆို ချီးမြှင့်ခဲ့တဲ့ နှစ်အရေအတွက် ၁၃နှစ်ပြည့်ပါပြီ။ ဆုရကဗျာများနဲ့ ဆန်ခါတင်ကဗျာများကို အမှတ်တရ စာအုပ်တစ်အုပ်အဖြစ် အတတ်နိုင်ဆုံး( ၂၀၀၆ခုနှစ် ဆန်ခါတင် ကဗျာတစ်ပုဒ်ကိုတော့ ကာယကံရှင်၏ ဆန္ဒအရ ချန်လပ်ခဲ့) ပြည့်စုံအောင် စီစဉ်တင်ဆက်ထားပါတယ်။

ဒီစာအုပ်အတွက် မနက်ဖြန်ဟာ ဘယ်လို အသံထွက်ထွက် အခက်အခဲတွေ ဘယ်လိုစီစီ ကျောက်သားပမာ ယုံကြည် ချက်ပကို ပေးတဲ့ ကဗျာတွေနဲ့ ကဗျာဆရာတွေကို ကျေးဇူးတင်ပါတယ်။

ဒီစာအုပ်အတွက် ၂၀၀၂ခုနှစ် ပထမဆုံး အလယ်ရိုးမ ကဗျာဆု ပန်းဖလက်က “အလယ်ရိုးမ” စကားကိုပဲ ပဲ့တင်ပါတယ်။ ဒါဟာ အောက်မေ့စရာ အလွမ်းတစ်ခု ဒီလိုပဲခေါ်ထူးချင်ပါတယ်”လို့ ရေးသားထားပါတယ်။

စာအုပ်မှာ ပါဝင်တဲ့ကဗျာနဲ့ ကဗျာဆရာများကတော့

၂၀၀၂ (ဆုရကဗျာ) 
၁။ ခဲတံတစ်ချောင်းရဲ့ရယ်သံ - နေမျိုး
၂။ မီးနဲ့လုပ်တဲ့ မုန့်- မောင်သိန်းဇော်
၃။ သိုးထိန်း- ရိုးသက်
၎။ တီကောင် -ချစ်ထွန်း
၅။ သူငယ်ချင်းရုပ်ရှင်(သို့မဟုတ်) မိုးကျော်အေး - ခိုင်မြဲကျော်စွာ

၂၀၀၃(ဆုရကဗျာ) 
၁။ ပျော်ပျော်နေ ရွှေခဲဆီကစာ- ဇေယျာလင်း
၂။ တောပြဇာတ်- ကိုသျှပ်(ကန့်ဘလူ)
၃။ ဖွယ်ဖွယ်ရာရာ ပူပူ -မောင်ပြည့်မင်း
၎။ March- ကျော်ဇောခိုင်
၅။ ကျီးကန်း- မောင်ဖီလာ

၂၀၀၄(ဆုရကဗျာ) 
၁။ အိုစမာ- အောင်ဘညို
၂။ ငါတို့လူငယ်ဘ၀- ခရမ်းပြာထက်လူ
၃။ ငါ့နာမည် ဂုဏ်သရေရှိ -ကြည်ဇော်အေး
၎။ ဆိုဖီယာ- စံညိမ်းဦး
၅။ သေချာတာ တစ်ခု- မောင်ပြည့်မင်း

၂၀၀၅(ဆုရကဗျာ) 
၁။ တောင်အမေရိက သွားချင်တယ် - ကြည်မောင်သန်း
၂။ ဆောင်း -ဝေးခေါင်
၃။ မိုးတိတ်တေး - မိုဃ်းဇော်
၎။ အဆင်မပြေမှု - စံညိမ်းဦး
၅။ မိုဒီလျာနီ- မောင်ဖီလာ

၂၀၀၆(ဆုရကဗျာ) 
၁။ MONEY - ခရမ်းပြာထက်လူ
၂။ယုဇန - မိုဃ်းဇော်
၃။ ကျွန်တော် မြို့တော်ကြီးဆီ အလုပ်မသွားတဲ့တစ်ရက် - မောင်လင်းရိပ်
၎။ ---------------------
၅။ အဲဒီတုန်းက လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်

၂၀၁၁(ဆုရကဗျာ) 
၁။ ဒီမိုးကရေစီးတယ် - မင်းထင်ကိုကိုကြီး

၂၀၁၂(ဆုရကဗျာ) 
၁။ သူငယ်ချင်းကဗျာဆရာသို့ - ကိုရွေး
(ဆုရကဗျာ) ၂။ နိုင်ငံတော် မျှော်ခြင်း - ၀င်းမြင့်
၃။ မပြောမပြီး ဇာတ်လမ်း- ထွေးယျ
၎။ သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင် - မိုးဝေး
၅။ ကချင် FM - မောင်သန်းစိုး

၂၀၁၃(ဆုရကဗျာ) 
၁။ နှစ်ငါးဆယ် - ကြည်ဇော်အေး
၂။ အမှတ်သညာ- မောင်မှိုင်းလွင် (အင်းဝ)
၃။ တိပ်ခွေများ -မိုးဝေး
၎။ ပင်လယ်သေ -တင်လတ်ကို
၅။ ဆေးရုံ - သိန်းသန်းဦး

၂၀၁၄(ဆုရကဗျာ) 
၁။ မမြင်ရတဲ့ ကြိုးကွင်း - စံညိမ်းဦး
၂။ စိန်ပန်းပွင့်လေးတွေ - မိုးရင့်ကြယ်
၃။ သာမန်ပြည်သူတစ်ယောက် - သစ်ကောင်းအိမ်
၎။ လူမွဲတို့ ထွက်ရပ်လမ်း -ခက်သီ
၅။ James Cameron ၏ Titanic - မောင်ဒေး

၂၀၁၅(ဆုရကဗျာ) 
၁။ ငါလွမ်းတဲ့အကြောင်း - လင်းခါး
၂။ ၀ါဒကင်းလွတ် သီတင်းကျွတ် - မိုးဝေး
၃။ ပူအိုက်သော ကာပီတယ် မေလ- ကျော်ဇော်ခိုင်
၎။ သူ့စိတ်ကူးရဲ့လူစည်ကားရာ အရပ်မှာ -သားဦး
၅။ သေပန်းပွင်ချိန် - လင်းမိုးဆွေ

၂၀၁၆(ဆုရကဗျာ) 
၁။ ကိုယ့်အသိထဲက သူစိမ်းတစ်ယောက် - သားဦး
၂။ ခုနှစ်စဉ်ကြယ် - စိုင်းဝင်းမြင့်
၃။ အခင်းဖြစ်ပွားစဉ် - မောင်သိန်းဇော်
၎။ ငုံးအိမ်ကျူလ - ဝေးခေါင်
၅။ သတင်းပေးတွေ ဆောက်တစ်လက်နဲ့ နေ့ရယ်ညရယ်ခြစ်ယူသွားပြီးခဲ့တိုင်အောင်- ခိုင်မြဲကျော်စွာ

၂၀၁၇(ဆုရကဗျာ) 
၁။ အသည်းတစ်ခြမ်းရဲ့လိပ်စာ - မိုးကျော်သူ
၂။ ငှက်လူ - အောင်ခင်မြင့်
၃။ တယ်လီဖုန်းကို ငါစားပစ်လိုက်တယ် - လင်းသက်ငြိမ်
၎။ ငွေရောင် အနားသတ် - ပြည့်စုံဝင်း
၅။ ယန်းပေါလ်ဆတ်နဲ့ ဒေးကားရုပ်တု - သူရနီ တို့ပဲဖြစ်ပါတယ်။

စာအုပ်ရဲ့နောက်ပိုင်းမှာတော့ နှစ်တနှစ်ချင်းဆီရဲ့ဆုရကဗျာဆရာများဖြစ်တဲ့ နေမျိုး၊ ဇေယျာလင်း၊ အောင်ဘညို၊ လှသန်း၊ ခရမ်းပြာထက်လူ၊ မင်းထင်ကိုကိုကြီး၊ ကိုရွေး၊ ၀င်းမြင့်၊ ကြည်ဇော်အေး၊ စံညိမ်းဦး၊ လင်းခါး၊ သားဦး၊ မိုးကျော်သူတို့ရဲ့ ကိုယ် ရေးအကျဉ်းများကို ထည့်သွင်းဖော်ပြထားပြီး အလယ်ရိုးမဆုပေးပွဲမှတ်တမ်းဓာတ်ပုံများလည်း ပါဝင်ပါတယ်။

အနှစ်ချုပ်ဆိုရင် ယခု အလယ်ရိုးမ ဆုရကဗျာများနှင့် ဆန်ခါတင်ကဗျာများ စာအုပ်ဟာ ဆရာမောင်သင်းခိုင်အမှာစကား လိုပဲ အမှောင်ခေတ်ကို ပြန်လည်တွေ့ရှိစေပါတယ်။

စာအုပ်ပါ ကဗျာများကို ဒီနေရာမှာ ညွှန်းဆိုမှုမပြုတာကတော့ ဆုရကဗျာတွေရော ဆန်ခါတင်ကဗျာတွေဟာ အများစုံက ပုံနှိပ်ဖြတ်သန်းပြီးဖြစ်လို့ရယ် နောက်တချက်က အလယ်ရိုးမဆုက ရွေးချယ်ထားမှုကို ယုံကြည်သက် ၀င်တာတွေရယ် ကြောင့်ဖြစ်ပါတယ်။

ဘာပဲပြောပြော မြန်မာကဗျာရေစီးကြောင်းကို စနစ်တကျ သုတေသနပြုလုပ်တော့မယ်ဆိုရင်တော့ ယခုစာအုပ်ဟာ မြန်မာ့ကဗျာသမိုင်းအတွက် မဖြစ်မနေ ထည့်သွင်းဖော်ပြရမယ့်စာအုပ်တအုပ်ဆိုတာတော့ သေချာပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။


စာရေးသူ- ကလောင်စုံ
စာအုပ်အမည်- အလယ်ရိုးမ ဆုရကဗျာများနှင့် ဆန်ခါတင်ကဗျာများ
အမျိုးအစား- ကဗျာ
ထုတ်ဝေစီစဉ်- အလယ်ရိုးမကဗျာဆရာများ
ထုတ်ဝေသည့်ခုနှစ် -၂၀၁၉။ မတ်လ
တန်ဖိုး -၂၅၀၀ ကျပ်

Comments