ငြိမ်း (ပဲခူး) ● အက်ဆေးစာအုပ်ကလေးထဲကရတာ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၉
(မိုးမခ) ဧပြီ ၁၊ ၂၀၁၉
အခုတလော ကျွန်တော် အက်ဆေးစာအုပ်ကလေး တွေအသစ်ထွက်တိုင်း တအုပ်ပြီးတအုပ် ဝယ်ဖြစ်နေသလို တအုပ်ပြီး တအုပ်လည်း ဖတ်ဖြစ်နေတယ်။ ငါးဟင်းပဲနေ့တိုင်းစားရတဲ့သူက ''ကြာလာရင် ငါ ငါးရုပ်ပေါက်တော့မယ်'' လို့ ပြောနေသလို စာပေအမျိုးအစားများစွာထဲက အက်ဆေးစာပေကိုပဲ ကြိုက်နှစ်သက်လို့ အက်ဆေးစာအုပ်ကလေးတွေကိုပဲ တစိုက်မက်မက် ဝယ်ယူဖတ်ရှုနေတဲ့ ကျွန်တော်လည်း ''ကြာလာရင် ငါအက်ဆေးရုပ်ပေါက်တော့မယ်လို့'' ပြောရမလိုတောင် ဖြစ်နေပြီ။ ဒါပေ မဲ့ အက်ဆေးရုပ်က ဘယ်လိုမျိုးလည်းဆိုတာ ကျွန်တော်မသိဘူး။
ဟိုတလောတုန်းကပဲ ကျွန်တော်အရမ်းကြိုက်နှစ်သက်တဲ့ ကဗျာဆရာ၊ အက်ဆေးဆရာတယောက်ရဲ့ အက်ဆေးစာအုပ် ကလေး ၁၀ အုပ်ကို ရောင်းပေးလိုက်သေးတယ်။ ဘာရယ် ညာရယ် မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အရမ်း ကြိုက်တာရယ် အခြားစာဖတ်ဝါသနာပါသူတွေကို ဖတ်စေချင်တာရယ်ကြောင့် တကူးတက မန္တလေးကမှာပြီး ဝယ်ပေးလိုက် တာ။ Bank Charge ၈၀၀ ကိုတောင် ကျွန်တော်စိုက်လိုက်ရသေးတယ်။ ဒီကြားထဲ သူငယ်ချင်းတယောက်က အကြွေမရှိလို့ လျှော့ပါအုံးဆိုလို့ ခပ်တည်တည်နဲ့ ၂၅၀၀ တန်ဖိုးရှိတဲ့ အက်ဆေးစာအုပ်ကလေးကို ၅၀၀ လျှော့ပေးလိုက်သေးတယ်။ ဘယ် လိုပဲဖြစ်ဖြစ် ကျွန်တော်ပျော်ရွှင်မိပါတယ်။ ဟင်းကောင်းစားရတဲ့သူက ကိုယ်ချစ်ခင်ရတဲ့သူတွေကိုသတိရသလို စာအုပ် ကောင်းလေးတွေ ဖတ်ရတဲ့သူက ကိုယ်နဲ့ဝါသနာတူသူတွေကို သတိရသလိုပေါ့။
ကျွန်တော်စာဖတ်ဝါသနာ စပါခဲ့တဲ့အချိန်တုန်းက အများဆုံးကျင်လည်ခဲ့တဲ့နေရာကတော့ စာအုပ်အငှားဆိုင်လေးတွေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆရာမင်းသိင်္ခနဲ့ ဆရာမင်းမြတ်သူရတို့ရဲ့ ဝတ္ထုစာအုပ်ကလေးတွေကို တအုပ်ပြီးတအုပ် အငမ်းမရ ဖတ်ရှုခဲ့တယ်။ တခါတလေကျရင် စာအုပ်အငှားဆိုင်လေးတွေမှာ ဆရာချစ်ဦးညို နဲ့ ဆရာမင်းလူတို့ရဲ့ စာအုပ်ကလေးတွေကိုလည်း ကံကောင်းထောက်မစွာနဲ့ ဖတ်ရှုရသေးတယ်။ မှတ်မှတ်ရရ ခုနှစ်အိမ်တန်းက မဂျမ်းပုံစာအုပ်ကလေးနဲ့ အချစ်နဲ့ ဘောလုံးစာအုပ်ကလေးပါ။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့အဲဒီစာရေးဆရာနှစ်ယောက်ရဲ့ စာအုပ်ကလေးတွေက စာကြည့်တိုက်မှာပဲ အများဆုံးရှိတာမို့လို့ပါ။
စာအုပ်အငှားဆိုင်လေးတွေမှာ နှစ်အတော်ကြာအောင် ကျင်လည်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့မြို့ကလေးက ပုဂ္ဂလိ ကစာကြည့်တိုက်ကလေးမှာ သူငယ်ချင်းတယောက်ရဲ့အကူအညီနဲ့ စာအုပ်ကလေးတွေငှားဖတ်ဖြစ်တယ်။ ကျွန်တော်အများ ဆုံးငှားဖတ်ခဲ့တဲ့ စာအုပ်ကလေးတွေကတော့ ဘာသာပြန်စာအုပ်ကလေးတွေပါ။ မူရင်းရေးသူတွေကတော့ အေဂျေ ကရို နင်, ဂျက်လန်ဒန်, ဒိုမီနီလာပီယဲ၊ မောရစ်ကောလစ်၊ အယ်လီနာပေါ်တာ၊ အလဇန္ဒား ဒူးမား၊ အန်တိုနီရို ဂရေး၊ ဟဲမင်းဝေး စတဲ့ နိုင်ငံခြားစာရေးဆရာတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဂန္တဝင်စာပေတွေနဲ့ စတင်ထိတွေ့ခဲ့တာပေါ့။
အဲဒီစာအုပ်ကလေးတွေကို ဖတ်ရှုခဲ့စဉ်တုန်းက ကိုယ်ဖတ်လို့လိုက်နိုင်တဲ့ စာအုပ်ကလေးတွေလည်းရှိသလို ကိုယ်လုံးဝ ဖတ်လို့မရ ခံစားလို့မရတဲ့ စာအုပ်ကလေးလည်း ရှိခဲ့ပါတယ်။ ကိုယ်ဖတ်လို့လိုက်နိုင်တဲ့ စာအုပ်ကလေးတွေကို ဖတ်ရှုရတဲ့အခါ ရသပေါင်းစုံ ကိုခံစားရပြီး ရင်ထဲကဖြစ်ပေါ်လာတဲ့ ထိတွေ့ကိုင်တွယ်လို့မရတဲ့ ပျော်ရွှင်ကြည်နူးမှုကလေးတွေကတော့ ပြော မပြတတ်အောင်ပါပဲ။ ပြီးတဲ့အခါ ကိုယ်လုံးဝဖတ်လို့မရ ခံစားလို့မရတဲ့စာအုပ်ကလေးတွေကို ဖတ်ရှုရတဲ့အခါ စိတ်ထဲမှာ ညစ် သွားပြီး စာအုပ်ကလေးတွေကို မဖတ်ချင်တော့လောက်အောင် ဖြစ်ခဲ့ရတယ်။ စာဖတ်ချင်တဲ့ စိတ်ကလေးတွေလည်း ပျောက် ဆုံးသွားခဲ့ရပါတယ်။
ဒီလိုပါပဲ ကျွန်တော့်ရဲ့ စာဖတ်သမားဘဝဟာလည်း ရာသီဥတုလိုပဲ နေသာတဲ့နေ့တွေလည်း ရှိသလို မုန်တိုင်းထန်နေတဲ့ နေ့တွေလည်း ရှိခဲ့တယ်။ အဲဒီနေ့တွေကို တလှည့်စီ ဖြတ်သန်းရင်း ကျွန်တော့်ဘယ်နေရာနေကိုပဲ ရောက်ရောက် အက္ခရာ စာလုံးက လေးတွေပါပြီး ပုံနှပ်မှင်နံ့လေးတွေ မွှေးပျံ့နေတဲ့ စာအုပ်ကလေးတွေကို ငှားရမ်းဖတ် ရှုဆဲ ဝယ်ယူဖတ်ရှုဆဲပါပဲ။ စာအုပ်ကလေးတွေနဲ့ ကျွန်တော့်ရဲ့ သံယောဇဉ်ကြိုးတွေဟာလည်း အခုချိန်ထိ မြဲမြံစွာချည်နှောင်ထားဆဲပါပဲ။
မှတ်မှတ်ရရ သခင်တင်မြရဲ့ ''ဘုံဘဝမှာဖြင့်'' စာအုပ်ကလေးကို ဖတ်ရှုခဲ့စဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကို သတိရမိတယ်။ အဲဒီ စာအုပ်ကလေးကို ကျွန်တော်က ကျွန်တော်ငှာရမ်းဖတ်ရှုနေတဲ့ ပုဂ္ဂလိကစာကြည့်တိုက်ကလေးထဲမှာ ရှိတဲ့ စာအုပ်စင်ကလေးတစင်ရဲ့ အောက်ဆုံးအကန့်မှာ တွေ့ခဲ့တာ။ အဲ့ဒီအချိန်တုန်းက အဲ့ဒီ စာရေးဆရာရဲ့ စာအုပ်ကလေး တွေကို တအုပ်မှ မဖတ်ဖူး သေးဘူး။ နောက်ပြီးစာအုပ်ကလေးကလည်း ဟောင်းနွမ်းဆွေးမြေ့လို့။ အချို့စာဖောင်တွေဆို ပြုတ်ထွက်လုနီးပါးဖြစ်နေပြီ။ စာမျက်နှာကတော့ လေးရာကျော်ငါးရာနီပါးလောက်ရှိလိမ့်မယ်ထင်တယ်။ အဲဒါနဲ့ ကျွန်တော် ဟာ စာအုပ်နာမည်ကလေးကို စိတ်ဝင်စားတာကြောင့် ဖတ်ရှုဖို့ ငှားလာခဲ့တယ်။ စာအုပ်ကလေးကို စက်ဘီး အရှေ့ခြင်းထဲ ထည့်ပြီး ပူပြင်းလှတဲ့နေရောင်အောက်မှာ ချွေးတွေရွဲရွဲစိုနေပေမယ့်လည်း မသုတ်အားဘဲ စာအုပ်ကလေးကို ကြည့်ရင်း ပျော်ရွှင်စွာနဲ့ စက်ဘီးနင်းကာ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့ စာအုပ်ကလေးကိုရင်မှာပိုက်ပြီး အိမ်ပေါ်ကိုတက် တော့ အဖေ့ရဲ့အကြည့်တွေက စာအုပ်ကလေးအပေါ်မှာ စုပြုံရောက်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း မသိချင်ယောင်ဆောင်နေလိုက်ပြီး ကျွန်တော့်အခန်းကလေးထဲမှာ စာအုပ်ကလေးကို ထည့်ထားလိုက်ပါ တယ်။
နောက်တနေ့ရဲ့ နေ့လယ်ခင်းအချိန်မှာ သခင်တင်မြရဲ့ ''ဘုံဘဝမှာဖြင့်'' စာအုပ်ကလေးကို စတင်ဖတ်ရှုပါတယ်။ သခင်တင်မြ က သူ့ ရဲ့ဘဝဖြတ်သန်းမှုတွေ သူဖြတ်သန်းလာခဲ့ရတဲ့ ခေတ်အခြေအနေတွေကို အဲ့ဒီစာအုပ်ကလေးထဲမှာ ရေးထားတာပါ။ ကျွန်တော်ဟာ စာအုပ်ကလေးကိုဖတ်နေရင်း သူ့ရဲ့ နိုင်ငံရေးလှုပ် ရှားမှုတွေထဲပါသွားလိုက်။ သူ ထောင်ထဲရောက်တော့ သံ တိုင်တွေကြားကနေ သူ့အမေကိုမြင်လိုက်ရတဲ့အခါ မျက်ရည်တွေဝဲတော့ ကျွန်တော်ပါလိုက်ပြီး မျက်ရည်တွေဝဲရ။ အဲဒီအခါ ကျွန်တော်ဟာ စာအုပ်ကလေးကို ဘေးနားချပြီး ရင်ဘက်ထဲကနေ တလိမ့်လိမ့်တက်လာတဲ့ တော်လှန်ချင်စိတ်တွေကို ချုပ် ထိန်းရ။ နောက်ပြီး ကျွန်တော် စာအုပ်ကလေးကို ဖတ်ရှုနေတဲ့အချိန်ကလည်း စစ်အစိုးရအုပ်ချုပ်နေတဲ့အချိန်ပါ။
အဲ့ဒီအချိန်တုန်းက ကိုယ်ပိုင်မီတာတွေ အိမ်တိုင်း မရှိသေးဘူး။ လမ်းမီးတိုင်ကလေးတွေကလည်း ဝါးတိုင်ကလေးတွေ။ အဲဒါကြောင့် ကိုယ့်အိမ်မီးလင်းချင်ရင် မီးစက်မောင်းပြီး မီးပေးတဲ့သူတွေကို တနေ့ ၂၀၀ ကျပ်ပေးရတယ်။ ဖုန်းဆင်းကဒ်တွေ လည်း အခုခေတ်လို ပေါပေါများများ မရှိသေးဘူး။ ဖုန်းဆင်းကဒ်တကဒ်ကို ကျပ်သိန်းဆယ်ဂဏန်းလောက်ပေးရတယ်။ အထက်ကလူတွေနဲ့ ပိုက်ဆံချမ်းသာတဲ့ လူနည်းစုသာ ကိုင်နိုင်ကြပါတယ်။ အဲ့ဒီအချိန်တုန်းက လမ်းကလေးတွေကလည်း မြေသားလမ်းကလေးတွေ ဂဝံခင်းထားတဲ့ လမ်းကလေးတွေနဲ့ ကတ္တရာလမ်း အစုတ်ကလေးတွေသာ ရှိသေးတယ်။ အဲ့ဒီ လမ်းကလေးတွေပေါ်မှာ ဂျပန်စက်ဘီးကလေး နင်းသွား တဲ့လူကိုမြင်ရင် လမ်းသွားလမ်းလာတွေဟာ အားကျတဲ့မျက်လုံး တွေနဲ့ငေးလို့။ ပြီးတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့နိုင်ငံတော်ကြီးဟာ ရန်ကုန်မြို့မှာဘတ်စ်ကားတိုးစီးရသလို တိုး တက်နေတဲ့ အချိန်ပေါ့။
ကျွန်တော့်ရဲ့အခန်းကလေးထဲမှာ သခင်တင်မြရဲ့ ''ဘုံဘဝမှာဖြင့်'' စာအုပ်ကလေးကို စိတ်ပါဝင်စားစွာနဲ့ တစိမ့်စိမ့်ဖတ်ရှု နေရင်း အဖေ့ရဲ့ ဒေါသအခိုးအငွေ့တွေကို ရှူရှိုက်မိလိုက်တယ်။ ''မင်း အဲ့ဒီစာအုပ်ကို စာကြည့်တိုက်ပြန်အပ်မလား။ အိမ် ပေါ်ကဆင်းမလား'' မဆိုင်းမတွဘဲ ကျွန်တော် ပြန်အပ်လိုက်ရပါတယ်။ ကျွန်တော့်ကို နိုင်ငံရေးဝါသနာပါသွားမှာ အဖေစိုးရိမ် လို့ပါ။ နောက်ပြီး အဖေက အစိမ်းမှအစိမ်းပါ။
ဒီလိုနဲ့ ကျွန်တော်ဟာ စာပေအမျိုးအစားမျိုးစုံကို လက်လှမ်းမီသလောက်ဖတ်ရှုရင်း အက်ဆေးဆိုတဲ့ စာပေအမျိုးအစားနဲ့ တည့်တည့်ကြီးကို တိုးမိပါတော့တယ်။ ပထမဆုံးစဖတ်မိတဲ့ အက်ဆေးစာအုပ်ကလေးကတော့ ''မြန်မာ့အက်ဆေး ၁၀၀'' ပါ။ ''ဘကြီးအောင်ညာတယ်''၊ ဦးရာကျော် ကောင်းမှု'' စတဲ့ အက်ဆေးကလေးတွေကို ဖတ်ရှုပြီးတဲ့နောက်မှာတော့ အက် ဆေးစာအုပ်ကလေးတွေကိုပဲ ဆက်တိုက်ဆိုသလို စာအုပ်ဆိုင်ကလေးတွေမှာ ရှာဖွေကာ ဝယ်ယူဖတ်ရှုဖြစ်တယ်။ အဲ့ဒီလို အက်ဆေးကလေးတွေကို ဖတ်ရှုနေရင်း ဆရာမောင်ကြည်ရေးတဲ့ အက်ဆေးကလေးတပုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ အက်ဆေးကလေးရဲ့ ခေါင်းစဉ်က ''လူဓာတ်ပြား'' တဲ့။ အကြောင်းအရာကို အကျဉ်းချုပ်ပြောရမယ် ဆိုရင်တော့ ''အသိ'' သာရှိပြီး ''အကျင့်'' မရှိရင် ရှိတဲ့ ''အသိ'' လည်း အလကားပဲတဲ့။
ဟိုတလောတုန်းကပဲ ဘာသာရေးသင်တန်းတွေ တခုပြီး တခုလိုက်တက်နေတဲ့ ကျွန်တော်အလုပ်လုပ်နေတဲ့ ကုမ္ပဏီက အထက်လူကြီးနဲ့ ကတောက်ကဆ ဖြစ်ကြတယ်။ သစ္စာတိုင်တည်ပြီးပြောရရင် ၂ နှစ် နီးပါးလောက် အတတ်နိုင်ဆုံး ကျွန် တော် သည်းခံခဲ့ပါတယ်။ နောက်ကျတော့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး ကျွန်တော့် အထက်လူကြီးကို ပြန်အော်မိလိုက်တယ်။ ဖြစ်တဲ့ပြဿနာကလည်း ဘာမှမဟုတ်ပါဘူး။ ပါးစပ်ကြမ်းတမ်းတာပါ။ တခုခုဆို သူ့ပါးစပ်က အော် ကြီးဟစ်ကျယ်နဲ့ ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ အခြားလူတွေကြားထဲတောင် မရှောင်ဘူး။ သူပြောတာကို ကျွန်တော် ခံရတယ်။ အလုပ်လုပ်တာမှားလို့ပြောရင် ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့လည်း ဘာမဟုတ်တဲ့ ကိစ္စကလေး တွေ ကို သူ့ပါးစပ်က ကြမ်းကြမ်းတမ်းတမ်း ပြောလာတော့ ကြာလာရင် မဖြစ်တော့ဘူးဆိုပြီး ကျွန်တော် ပြန်အော်လိုက်တာပါ။
နောက်ပြီးသူ့ကို တစုံတယောက်က တရားအကြောင်းတွေပြောလာရင် ပြောလိုက်တဲ့တရားတွေကို အနက်အဓိပ္ပာယ်တွေ ခွဲပြတယ်။ ဆိုလိုတာကတော့ သူသိတယ်ပေါ့ဗျာ။ ဒါပေမယ့်လည်း သူသိတဲ့ အသိတွေနဲ့ သူရဲ့ကိုယ်နှုတ်အမူအရာတွေကတော့ ပြဒါးတလမ်း သံတလမ်းပဲ။ အဲဒါကြောင့် သူဟာ ''အသိ'' သာရှိပြီး ''အကျင့်'' မရှိတဲ့ ''လူဓာတ်ပြား'' ဆိုတဲ့ အက်ဆေးကလေး ထဲကလိုပဲလို့ ကျွန်တော် ထင်မြင်ယူဆမိပါတယ်။
ကျွန်တော်ဝန်ထမ်းအလုပ် လုပ်ခဲ့စဉ်တုန်းကလည်း ကျွန်တော် အလုပ်လုပ်တဲ့ရုံးမှာ အမိန့်တခုထုတ် ထားတယ်။ မည်သူမှ ''လာဘ်မစားရ'' တဲ့။ ဒါပေမဲ့ လုပ်ငန်းရှင်တွေကပို့တဲ့ စားသောက်စရာနဲ့ အခြားပစ္စည်းတွေပါတဲ့ စားစရာ သောက်စရာ အစုံ အလင်ထည့်ထားတဲ့ လက်ဆောင် ခြင်းကြီး ခြင်းငယ်တွေကို ကျွန်တော်ကိုယ်တိုင်ကူဆွဲပေးပြီး အထက်အရာရှိရဲ့အခန်းထဲ ကို လိုက်ပို့ပေးခဲ့ရတယ်။
အဲ့ဒီအကြောင်းကလေးကို အခုအချိန် ပြန်စဉ်းစားလိုက်တော့ ''သြော် ...သူတို့တွေလည်း ''လူဓာတ်ပြား'' ဆိုတဲ့ အက်ဆေး ကလေးထဲကလိုပါလား'' လို့ ကျွန်တော် တွေးမိပါရဲ့။
ငြိမ်း (ပဲခူး)
Comments