ငြိမ်းချမ်းအေး ● ဒီမိုကရေစီရဲ့ အမှိုက်သရိုက်များ


ငြိမ်းချမ်းအေး ● ဒီမိုကရေစီရဲ့ အမှိုက်သရိုက်များ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၆


ကာတွန်း သီဟ (စခန်းသစ်) ရဲ့ ဧရာဝတီ ကာတွန်း "တည်ဆောက်ပြုပြင် မြန်ပြည်တခွင်" က သရုပ်ဖော် ကောင်းတယ်။ ဒါပေမယ့် ဖျက်သွားတာက -- စာမဲ့ ကာတွန်းစစ်စစ် ဖြစ်ရမှာကို ဒီခေတ်ရဲ့ တလွဲ ကြောက်ရမှုကြောင့် Self-censorship လုပ်ရပြီး အထိမခံ ရွှေပန်းကန်များ အဆဲဒဏ်လွတ်အောင် "၂၀၁၀-၂၀၁၅ လမ်းတံတား စီမံကိန်း" စသား ထိပ်ကပိတ် ထည့်ထားတာက ရုပ်ဆိုးသွားတယ်။

ဒီစာသား မထည့်လည်း ဒီအစိုးရခေတ်သက်တမ်းနဲ့ တံတား ဘယ်နှစ်စင်း ဆောက်ပြီးလို့ လဲ၊ အရင်စစ်အစိုးရ အစဉ်အဆက် လမ်း၊ တံတား၊ ဆည်တွေ ပါးစပ်ထဲ အကုန် ထည့်သွားတာလည်း အားလုံး သိနိုင်တယ်။

အချိန်ကာလ စာသား မထည့်မှ ဒီ အရပ်သား အစိုးရခတ် ခိုးလတ္တံ တွေ၊ နောက်တခေတ် ခိုးလတ္တံ တွေ လည်း တန့်သွားမယ်၊ ခေတ်တိုင်း ခံတဲ့ သရော်ခြင်း၊ ဆော်ခြင်း မြောက်မယ်..။ ခေတ်တိုင်း စနစ်တိုင်း ခေတ်မီနေတဲ့ ဦးဘဂျမ်း ကာတွန်းတွေ ကြည့်ပါ။

ဗမာပြည်မှာ အခု ဒီမိုကရေစီ အာဏာရှင် စနစ် ဖြစ်နေတဲ့ အန္တရာယ် က ကြီးလာတယ်။ ကိုယ်နဲ့ မတူရင်၊ ကိုယ့် ဆော်တာ ထင်ရန် ဖြုတ်လိုက်မယ်၊ ပြန်ဆော်လိုက်မယ်၊ ဆဲလိုက်မယ်၊ သောက်ရူး ၆ ခါ ရွတ် ဆိုတဲ့ ပြဿနာ က တဖြည်းဖြည်း ကြီးလာတယ်။

ဖြစ်စဉ်တခုလည်း ရှိသေးတယ်။ ကဗျာဆရာ ဆောင်းဖြူ ရေး မိုးမခ ကဗျာဟောင်း "ရန်ကုန်ဟာမလုံခြုံတော့ဘူး" ကို ကဗျာရှင်က ဒီဘက် ဒီမိုကရေစီ အရပ်သား (ဆိုကြတဲ့) ခေတ်မှာ အွန်လိုင်း စာမျက်နှာ တနေရာမှာ ပြန်တင်တော့ လူပြိန်းများ ဝိုင်းဆဲကြတယ်။ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်ဆိုရင်လည်း ဒါမျိုးတွေ ခံရတတ်တာ သတိပြုမိတယ်။

ဒါတွေက လွတ်လပ်စွာ ဖန်တီးခွင့်၊ ဖော်ထုတ်ခွင့် တွေကို အနုနည်းနဲ့ ချုပ်ကိုင်နေတယ် ဆိုနိုင်တယ်။ အများ ကြိုက် လှိုင်းမစီးရင် မရပ်တည်နိုင်အောင် တုန့်နှောင်မှုတွေ ဖြစ်နေတယ်။ အွန်လိုင်းမှာ အပြုသဘောဆောင်ပေမယ့် အများနဲ့ ကွဲပြား အသံထွက်သူတွေ၊ အနုပညာ ဖန်တီး ပုံဖော်သူ တွေကို ဒီမိုကရေစီ လိုလားသူများ ဆိုသူ တချို့က စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်နေကြတာတွေဟာ နေ့စဉ်ပဲ မြင်နေရတယ်။

ဖန်တီးသူတွေက ဒါတွေကို ရှောင်ပြီး ပါးပါးလေး ပုတ်ရာမှာ အရင် စစ်အာဏာရှင် ခေတ်စနစ်က စာပေကင်ပေတိုင် စိစစ်ရေးလွတ်အောင် လုပ်ရင်း အင်မတန် ပြောင်မြောက်တဲ့ နှစ်ခွ အနက်ထွက် အနုပညာ ပစ္စည်းတွေ ထွက်ခဲ့သလို တချို့တလေ စေ့စေ့တွေး ပြုံးရ၊ ရယ်ရ၊ လှောင်ရ ဖြစ်နိုင်ပေမယ့် ဆိုခဲ့တဲ့ ကာတွန်းလို စာတန်းချိတ်ရတဲ့ အထိ ရုပ်ဆိုးမှုတွေက ပိုများ လေ မလား တွေးမိတယ်။

ဖန်တီးသူဘက်က ကျား-မ လိင်၊ လူမျိုး၊ ဘာသာ၊ အသားအရောင် ဗဟိုပြု ခွဲခြား ပုံဖော်မှုတွေကို ဒီမိုကရေစီ ကျင့်ဝတ် နဲ့ အညီ ရှောင်ရမှာ ဖြစ်သလို စားသုံးသူ ဘက်ကလည်း ဒီလို အခြေခံ လူ့ ကျင့်ဝတ်ပိုင်း မထိသရွှေ့ ဖန်တီးသူရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ တင်ပြခွင့် ကို နိုင်ငံကြီးသားပီသစွာ အသိအမှတ်ပြုရမှ ဖြစ်ပါတယ်။ ကိုယ်နဲ့ အမြင်မတူရင် ပြန်လည် ဝေဖန်နိုင်ပါတယ်။ စကားလုံးတွေနဲ့ စိတ်အကြမ်းဖက်မှုတွေတော့ မလုပ်သင့်ပါ။

ကျနော် အရင်တုန်းက ဖန်တီးသူတွေ ဒီမိုကရေစီ သဘောတရား နားလည်ဖို့ ကျင့်ကြံဖို့၊ ဖန်တီးမှုမှာ ဆောင်ရန် ရှောင်ရန်တွေထားဖို့ ဆိုခဲ့ဖူးပါတယ်။ အခုတော့ စားသုံးသူ ပရိသတ်တွေရဲ့ အစွန်းရောက် အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီ အမည်ခံ စိတ်ဓာတ်အခံတွေကို ပြင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီစိတ်က ဒီမိုကရေစီရဲ့ အမှိုက်သရိုက်တွေပါပဲ။

မကောင်းပါဘူး။ ကျနော်တို့ ပြင်သင့်ပါပြီ။

ဒီမိုကရေစီနည်းကျ အကျိုးအကြောင်း အပြုသဘောဆောင် ဆော်ခွင့်၊ သရော်ခွင့်၊ ငေါ့ခွင့်၊ ဝေဖန်ခွင့် ပေးကြပါ။

အာဏာရှင်စိတ်ဓာတ် ဒီမိုကရေစီရဲ့ အမှိုက်သရိုက်တွေ မလိုချင်ပါ ခင်ဗျား..။

ငြိမ်းချမ်းအေး
စင်တင်ဘာ ၉၊ ၂၀၁၆

ရေးဖူးခဲ့တဲ့ ဒီမိုကရေစီနည်းမကျမှုများ အကြောင်း ဆက်စပ် အောက်ပါ မိုးမခ Links များမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ
@ http://moemaka.com/archives/41156
http://www.moemaka.blogspot.com.au/2014/12/blog-post_61.html

ဒီမိုကရေစီကို အိုးမည်းသုတ်သူများ
@ http://gita.cc/archives/42100
http://www.moemaka.blogspot.com.au/2015/01/blog-post_611.html

ဒီမိုကရေစီကို ဝမ်းယောင်စေသူများ
@ http://gita.cc/archives/42310
http://www.moemaka.blogspot.com.au/2015/02/blog-post_77.html

ဒီမိုကရေစီနည်းကျ သရော်ပါ
@ http://gita.cc/archives/42543
http://www.moemaka.blogspot.com.au/2015/02/blog-post_811.html