ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ညွှန်း - ၂
ဇာဂနာ
ဇန်န၀ါရီ ၂၃၊ ၂၀၀၈
အချိန်။ ။ ၁၉၃၃ ခုနှစ် စက်တင်ဘာလ တနင်္လာနေ့ ညနေ ၃ နာရီ
နေရာ။ ။ တက္ကသိုလ် သမဂ္ဂရှေ့နှင့် ပုဂံဆောင်
သရုပ်ဆောင်။ ။ သိန်းဖေ၊ ကျော်ငြိမ်း၊ အောင်ဆန်း၊ သီဟန်၊ ကိုအုန်း၊ သခင်ဗစိန်နှင့် အခြားကျောင်းသားများ
(ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ပြရန်၊ ထိုမှတစ်ဆင့် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း အတိုင်း Trolley ဖြင့်ပြရန်၊ ကျောင်းသားကျောင်းသူများ ဖြတ်သွား ဖြတ်လာရှိစေရန် )
ရန်ကုန်တက္ကသိုလ် သမဂ္ဂဘက်သို့ ကင်မရာ Pan
(သမဂ္ဂ၀င်းအတွင်းမှ ထွက်လာသော ကျော်ငြိမ်း နှင့် သိန်းဖေ(လက်ထဲတွင် ဖိုင်တွဲတစ်တွဲ ကိုင်ထားစေ))
ကျော်ငြိမ်း။ ။ ဒါပြီးရင် ဘယ်သွားမှာလဲ
သိန်းဖေ။ ။ ပုဂံဆောင်လေ
ကျော်ငြိမ်း။ ။ ငါမလိုက်တော့ဖူးကွာ၊ ကိုအောင်ဆန်းတို့၊ ကိုသီဟန်တို့ကို ခေါ်သွား။
(အောင်ဆန်းနှင့် သီဟန် နောက်မှ ဖြေးဖြေးချင်းလျောက်လာ။ အောင်ဆန်း ချိုင်းကြားမှာ အိမ်တော်ရာ ထီး ညှပ်ထား)
သီဟန်။ ။ ကိုသိန်းဖေလုပ်တာ နေရာကျပါ့မလား။
အောင်ဆန်း။ ။ ဘာကိုလဲ …
သီဟန်။ ။ တွဲရေး ခွဲရေးကိစ္စမှာ ကျုပ်တို့တက္ကသိုလ်ကျောင်းသားတွေက ခွဲရေးဖက်က ထောက် ခံမယ် ဆိုတာလေ။
အောင်ဆန်း။ ။ အေးလေ။
သီဟန်။ ။ တွဲရေးက နိုင်သွားပြီပဲ။
အောင်။ ။ ခုဟာက အယူခံလွှာလေ၊ ဗမာပြည်ကို အိန္ဒိယကနေ ခွဲ ဖို့လိုတယ်ဆိုတဲ့
အကြောင်း၊ ဘိလပ်ကအတွင်းဝန်ဆီပို့မှာ။ သူ အဲဒါ လက်မှတ် လိုက်ထိုးခိုင်းနေတာပဲလေ။ မင်းမကြိုက်ရင် မထိုးနဲ့ပေါ့။ ဘာရှုပ်စရာရှိလဲ။
( တံခါးဝမှာ ရပ်စောင့်နေကြသော ကျော်ငြိမ်း နှင့် သိန်းဖေ အောင်ဆန်းတို့ကို ကြည့်နေ။ ကျော်ငြိမ်း သိန်းဖေအမြင်ဖြင့် စကားပြောရင်း လမ်းလျောက်လာကြသော အောင်ဆန်း၊ သီဟန်)
ကျော်ငြိမ်း။ ။ကဲ … ဟေ့လူတွေ။ သိန်းဖေနဲ့ ပုဂံဆောင် ဘယ်သူလိုက်မလဲ။ ကျုပ်တော့ ချိန်းထားတာ တခုရှိလို့ နေခဲ့မယ်။
သီဟန်။ ။ ကျုပ်လည်း မအားဖူး။
အောင်ဆန်း။ ။ ခင်ဗျားတစ်ယောက်ထဲ မသွားရဲဖူးဆိုရင် ကျုပ် လိုက်ခဲ့ပေးမယ်။ ကျုပ်သဘောကတော့ မလိုက်ချင်ဖူး။
သိန်းဖေ။ ။ နေခဲ့ပါကွာ၊ ငါတစ်ယောက်ထဲ မသွားရဲဖူးလို့ ဖြစ်နေပါဦးမယ။်
ကျော်ငြိမ်း။ ။ အဲဒါ အောင်ဆန်းပဲလေ။
(အောင်ဆန်း မပြုံးမရယ် တည်တည်ကြီးကြည့်နေ။ သက်ပြင်းတချက်ချပြီး လှည့်ထွက်သွား။)
Camera high angle မှပြရန်
(သိန်းဖေ ဖိုင်တွဲ ပိုက်ကာ မော်တော်ကားလမ်းကို ဖြတ်သွား။ ကျန်သူများ ကျောင်းဝင်းအတွင်းသို့ ၀င်သွားကြပုံ။ ပုဂံဆောင်ရှေ့ သိန်းဖေ ရောက်လာ။ ကျောင်းသားနှစ်ယောက်နှင့် ရပ်စကားပြော။ ပြတင်းပေါက် ခန်းစီးတခု ပွင့်သွား။ အတွင်းမှလူကို ထင်ထင်ရှားရှားပြရန် မလိုပါ။)
ခန်းစီးဖွင့်လိုက်သူ၏ လက် Foreground ဖြင့် သိန်းဖေနှင့် ကျောင်းသားနှစ်ဦး ရပ်ပြီး စကားပြောနေပုံ။ ခန်းစီးကို ပြန်ချလိုက်ပုံ။ မြင်ကွင်းပိတ်သွား။
သိန်းဖေ။ ။ အဲဒီတော့ ခွဲရေးဖက်ကနေ ကျောင်းသားတွေ ထောက်ခံ ကြဖို့နဲ့၊ ထောက်ခံတဲ့ကျောင်းသားတွေ ဟောဒီဖိုင်ထဲမှာ လက်မှတ်ထိုးပေးကြပါ။
ကျောင်းသား(၁)။ ။ ၀ါဒါက ပြသနာ လာရှာရင်ကော။
(လူတယောက် လှေကားထောင့် အကွယ်ကနေ ထွက်လာ။ရေသောက်သလို လုပ်ရင်း သိန်းဖေတို့ဆီ နားစွင့်။)
သိန်းဖေ။ ။ အမှန်အတိုင်း ပြောလိုက်ပေါ့။ ဒါ သူပုန်ထတာမှ မဟုတ်ဘဲ။
ကျောင်းသား(၂)။ ။ သူတို့နိုင်ငံရေးသမားတွေက ခွဲရေး၊ တွဲရေးကို ဆုံးဖြတ်ပြီး နေကြပြီပဲ။
သိန်းဖေ။ ။ ဟုတ်တယ်။ ကျွန်တော်တို့ ကျောင်းသားတွေကလည်း ကိုယ့်ဆန္ဒကို ထုတ်ပြဖို့ လိုတာပဲ မဟုတ်လား။ ခင်ဗျားကို ဇွတ်အတင်း လက်မှတ်ထိုးခိုင်းနေတာ မဟုတ်ဘူးနော။် ခင်ဗျား သံသယရှိရင် မထိုးပါနဲ့။ ကဲ … ကျွန်တော်သွားမယ်။ နက်ဖန်မနက် ဆုံကြတာပေါ့။
(ရေသောက်နေသူသည် ထိုရေခွက်ဖြင့်ပင် မျက်နှာသစ်လိုက်ပြီး လှမ်းမော့ကြည့်လိုက်။ ကျောင်းခြံစည်းရိုး အပြင်မှ သတင်းစာဖတ်နေသူ ပြန်ကြည့်။ သိန်းဖေ ထွက်လာ။ ကျောင်းဆောင် အထွက်တံခါးနားသို့ ရောက်လာ။ သတင်းစာဖတ်နေသူ၏ ရှေ့မှ အဖြတ် …)
သတင်းစာဖတ်သူ။ ။(သတင်းစာနှင့် မျက်နှာကို ကွယ်ထားပြီး ပြော) ကိုသိန်းဖေ …
(သိန်းဖေ တုန့်ကနဲ ရပ်သွား )
သတင်းစာဖတ်သူ။ ။ (သတင်းစာနှင့် မျက်နှာကိုကွယ်လျက် ပြော) ကိုအုန်းရဲ့ အခန်းကို ခုသွားလိုက်ပါ။
သိန်းဖေ။ ။ဘာဖြစ်လို့လ။ဲ
သတင်းစာဖတ်သူ။ ။(သတင်းစာနှင့် မျက်နှာကိုကွယ်လျက် ပြော) ကျုပ်ပြောတဲ့အတိုင်း လုပ်ပါ။
( သိန်းဖေ ပုခုံးတချက်တွန့်ပြီး နောက်ပြန်လှည့်)
High angle မှပြရန်
(ကျောင်းစည်းရိုးတံခါးကို ဖြတ်ပြီး အဆောင်တွင်းသို့ ၀င်သွားသော သိန်းဖေ။ အဆောင် ကော်ရစ်ဒါတစ်လျောက် လျောက်လာသော သိန်းဖေ။ အခန်းတခန်းရှေ့တွင် ရပ်လိုက်။ တံခါးခေါက်။ )
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကို သိန်းဖေ၏မျက်နှာပေါ်တွင် ပေးထားရန်
(အတွင်းမှ ထွက်လာသောအသံ) ၀င်ခဲ့ပါ …
( သိန်းဖေ မျက်ခုံးတစ်ချက်ပင့်၊ တံခါးကို အသာတွန်းဖွင့်ကာ ၀င်သွား၊ တံခါးဝမှာ ရပ်နေသော သိန်းဖေ။)
(အသံချည်းသာထွက်ပေါ်လာ) တံခါးပိတ်လိုက်ပါ …
(သိန်းဖေ တံခါးပိတ်လိုက်)
(အသံပဲထွက်လာ) ပြီးရင် ဒီမှာ လာထိုင်ပါဦး …
(သိန်းဖေ ရှေ့သို့လျောက်လာ။ ထိုင်ခုံအလွတ်မှာ ထိုင်လိုက်။)
(အသံရှင်)။ ။ (ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြော) မောင်ရင့်နံမယ်က သိန်းဖေ နော။်
သိန်းဖေ။ ။ ဟုတ်ကဲ့
(အသံရှင်)။ ။ မောင်ရင်တို့ ကျောင်းသားသမဂ္ဂကလူတွေက နိုင်ငံရေးစိတ်ဝင်စားတာ အံ့စရာပဲ။ သမဂ္ဂအမှုဆောင်တွေဆိုရင် အင်္ဂလိပ်အလိုတော်ရိတွေချည်းပဲ မဟုတ်လား။
သိန်းဖေ။ ။ ( ဟက်ဟက်ပက်ပက်ပြုံးလိုက်ပြီး) ဟုတ်ပါတယ် သခင်ဗစိန။် ကျနော် တို့ အုပ်စုကလွဲရင်ပေါ့။
အသံရှင် (ဗစိန်)။ ။ ဟဲ ဟဲ …။ ကိုယ့်လူက ပါးရည်နပ်ရည် ရှိသားပဲ။
( ပြောပြောဆိုဆို သခင်ဗစိန် အခန်းတွင်းမှ ထွက်လာ။ သိန်းဖေ လိုက်ကြည့်နေ။ သခင်ဗစိန် ထိုင်ခုံမှာ မထိုင်ဘဲ လမ်းဆက်လျောက်ရင်း စကားပြော။ ပြတင်းပေါက်နားထိ သွား။ သိန်းဖေ ကို ကျောခိုင်းထားရင်းနှင့် ပြောနေ။)
ဗစိန်။ ။ အိန္ဒိယကနေ ဗမာပြည်ကို ခွဲထုတ်လိုက်ဖို့၊ အင်္ဂလိပ်တွေကကို လိုလားနေတာ ဆိုရင် မောင်ရင် ယုံမလား။
(သိန်းဖေ ဇဝေဇ၀ါ ဖြစ်သွားပုံ)
ဗစိန်။ ။ အိန္ဒိယစီးပွားရေးသမားတွေက အင်္ဂလိပ်စီးပွားရေးသမားတွေနဲ့ ပခုံးချင်း ယှဉ်နေကြပြီ ကွ။ ဒီတော့ တို့တိုင်းပြည်ကို အင်္ဂလိပ်သက်သက် ခြယ်လှယ်ချင်တော့ ခွဲခိုင်းတာပေါ့။ ဒါ ပထမအချက်။ နောက်အချက်က … အိန္ဒိယနဲ့ ဗမာပြည်ဟာ အင်္ဂလိပ်လက်အောက်မှာ တလုံးတစည်းထဲနေမှ အင်္ဂလိပ်လက်အောက်ကနေ ပြိုင်တူ လွတ်လပ်ကြမှာပေါ့။ အဲဒီအခါကျမှ အိန္ဒိယသတ်သတ်၊ ဗမာသတ်သတ် လွတ်လပ်ရေး ရကြရမှာပေါ၊့ မဟုတ်ဖူးလား။
(အထက်ပါ စကားပြောနေစဉ်တွင် ကိုအုန်း အခန်းတွင်းသို့ ၀င်လာကာ တိုက်ပုံကို တိုင်မှာ ချိတ်။ ထိုင်ခုံမှာ ၀င်ထိုင်)
(သိန်းဖေ တွေတွေကြီး စဉ်းစားနေ။)
ဗစိန်။ ။ ကျောင်းသားတွေ နိုင်ငံရေးမှာ စိတ်ပါလာကြတာကို ၀မ်းသာပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ စဉ်းစဉ်းစားစားတော့ လုပ်ကြပါ။ လိုအပ်ရင် တို့ဆီ အချိန်မရွေး လာခဲ့ကြပါ။ သတိတော့ ရှိကြပါ။
ကိုအုန်း။ ။ ကဲ … အဆောင်ဝင် နောက်ကျနေဦးမယ်။ မောင်သိန်းဖေ ပြန်တော့။
(သိန်းဖေ မပြန်ချင်သလိုလိုဖြင့် ခတ်လေးလေး ထိုင်ရာမှထ။ သခင်ဗစိန် အနားသို့ လာပြီး လက်ဆွဲနှုတ်ဆက။်)
ကိုအုန်း။ ။ ကိုနုလည်း ကျောင်းပြန်လာတက်မယ် ကြားတယ်။
သိန်းဖေ။ ။ဟုတ်ကဲ့။
ကိုအုန်း။ ။ သူ ရောက်လာရင် ဒီကို ခေါ်ခဲ့ကြပါဦး။
(သိန်းဖေ ခေါင်းညှိတ်ပြကာ လှည့်ထွက်။ သခင်ဗစိန် ပြတင်းပေါက်ကနေ အပြင်သို့ငေးနေ။ ပြတင်းမှ ၀င်လာသော နေရောင်ဖျော့က သခင်ဗစိန်၏ ၀ဲဖက်ပါးကို ထိနေ။ ခတ်လေးလေး လမ်းလျောက်ထွက်သွားသော သိန်းဖေ (ကျောဖက်မှသာပြရန်))
ဗစိန်။ ။သူတို့ အစုလေးက ဘယ်သူတွေတုန်း။
ကိုအုန်း။ ။သိန်းဖေ၊ ကျော်ငြိမ်း၊ အောင်ဆန်း၊ သီဟန်၊ ကိုနု။ အဲ ကိုနုကတော့ နယ်မှာ မိန်းမရနေပြီလို့ ကြားတယ်။ ခုတော့ ကျောင်းပြန်လာတက်လိမ့်မယ်လို့ ပြောတာပဲ။
ဗစိန်။ ။ကျုပ် သူတို့အစုနဲ့ တွေ့ချင်တယ်။
(ဆက်ရန်)
(ဓာတ်ပုံမှာ ရန်ကုန်တက္ကသိုလ် အ၀င်ဝ၊ အတိတ်က ရှိခဲ့ဖူးသော သမဂ္ဂအဆောက်အဦ၏ မြေနေရာ)
Comments