The One Month Passing of U Kovida Event to held inside & outside Burma

မစိုးရိမ်ဆရာတော်ကြီး တလပြည့် ကုသိုလ်ပြုပွဲ မန္တလေး မစိုးရိမ်တိုက်တွင် ကျင်းပ၊ ပြည်ပတွင်လည်း အစီအစဉ်ရှိ
ညိုကြီးဘလောက်၊ မိုးမခ
မေ ၂၉၊ ၂၀၀၈

ပျံလွန်တော်မူပြီးဖြစ်တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ အားရည်စူး၍ တစ်လပြည့် ကုသိုလ်ပြုပွဲကို ယနေ့ (၂၉၊ ၅၊ ၀၀၈) နေ့တွင် မစိုးရိမ်ကျောင်းတိုက်(အလယ်တိုက်ကြီး) တွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ သံဃာတော်အပါး (၇၀၀) ကျော်တို့အား ဆွမ်းလောင်းပြီး ပင့်သံဃာ (၁၀၀) ကျော်တို့အား ဆွမ်းကပ်၊ လှူဒါန်း၊ ရေစက်ချ အမျှအတန်း ဝေခဲ့ပါသည်ဟု သိရသည်။

စောင်းမူမူသိန်းအဖွဲ့မှလည်း ဆရာတော်ဘုရားကြီးကို အနုပညာများဖြင့် ပူဇော် ကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးရာဇာဓမ္မာဘိဝံသက ရေစက်ချ၊ အမျှအတန်းဝေပြီး ဆရာတော် ဦးကောဝိဒ၏ ငယ်ဘ၀ အတွေ့အကြုံများကို (၈၈ အရေးအခင်း၊ ပတ္တ္ဆနိကုဇ္ဇနကံဆောင်ခြင်း အစရှိသည်များ အပါအ၀င်) ဟောပြောခဲ့ပါသည်။

ဓမ္မစကြာဝတ်အသင်းမှလည်း သာသနာတော်ကို ဖျက်ဆီး စော်ကားသူတို့သည် ဆိုးဝါးစွာ ပျက်စီးစေတတ်ကြောင်းပါဝင်သော တေးထပ်များ၊ ဆရာတော်ကြီး၏ဂုဏ်ကို ဖွဲ့ညွှန်းသော တေးထပ်များဖြင့် ပူဇော်သီဆိုခဲ့ပါသည်ဟု ဆိုသည်။

အမေရိကန်၊ ကယ်လီဖိုးနီးယား၊ ဘေးဧရိယာ၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက်တွင်လည်း သံဃာတော်များစုဝေးလျက် ပီနန်ဆရာတော် ဦးပညာဝံသကို အမှူးထားပြီး တလပြည့် ကုသိုလ်ပြု ဆွမ်းကပ်လှူဒါန်းရန် ဒကာ၊ ဒကာမများက စီစဉ်ထားကြောင်း သိရသည်။ မိုးမခ ရွာဆော်ကြီးကဏ္ဌတွင် ကြည့်နိုင်သည်။

Comments