US aid ships could soon leave Myanmar coast

အမေရိကန် အကူအညီပေးရေးသင်္ဘောများ မြန်မာ့ရေပြင်အနီးမှ မကြာမီ ဆုတ်ခွာနိုင်
AP သတင်းဌာန

ဇွန် ၁၊ ၂၀၀၈

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က မြန်မာ့ရေပိုင်နက်အနီးမှ ၎င်းတို့၏ စစ်သင်္ဘောများ မကြာမီ ဆုတ်ခွာရန် ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဟု ပြောလိုက်သည်။ စစ်အစိုးရက ကျနော်တို့ကို ကူညီခွင့်မပြုဘူးဆိုတာ ထင်ထင်ရှားရှား မြင်သာလာပြီ ဟု ဆိုသည်။

ဆိုးကျိုးအနေဖြင့် မုန်တိုင်းဒုက္ခသည်အများအပြား သေဆုံးရတော့မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အမေရိကန်စစ်သင်္ဘောများနှင့် မဝေးကွာလှသော ရဟတ်ယာဉ်များဖြင့်သာ သွားရောက်နိုင်သည့် မြစ်ဝကျွန်းပေါ်ဒေသများတွင်ဖြစ်ကြောင်း ပြောလိုက်သည်။

စစ်အစိုးရ၏လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု ဟုတ်မဟုတ် မေးမြန်းသည့်အခါ “ကျနော့်အမြင် ပြောရရင် လူတွေကို ရည်ရွယ်ချက်ရှိရှိ သုတ်သင်နေတဲ့ပုံဖြစ်နေတယ်၊ ရာဇ၀တ်သင့်တဲ့ လျစ်လျူရှုမှု ဖြစ်ပါတယ်။” ဟု ဖြေသည်။

စင်္ကာပူတွင်ပြုလုပ်သည့် နိုင်ငံတကာလုံခြုံရေးညီလာခံတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။ ညီလာခံရှိ မြန်မာကိုယ်စားလှယ်အနေဖြင့် ၎င်းနှင့် စကားပြောရန် စိတ်ပါဟန်မရှိဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံ၊ ဖူးခက်ဒေသရောက် ပြင်သစ်စစ်သင်္ဘောပေါ်မှ ကုန်ပစ္စည်းများ သယ်ချနေပုံ။ အဆိုပါသင်္ဘောသည် မြန်မာ့ပင်လယ်ပြင်အနီး သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း ပြည်ဝင်ခွင့်မရသဖြင့် ပြန်လည်ဆုတ်ခွာသွားသော သင်္ဘောဖြစ်သည်။ (photo: AFP)

Comments