Buddhist Dhamma Classes to host in Burmese Buddhist Monasteres in theBay Area

ဘေးဧရိယာတွင် ဓမ္မသင်တန်းများ ခြိမ့်ခြိမ့်သဲ

မိုးမခ အထောက်တော် ၀၀၂

ဇူလိုင် ၂၈၊ ၂၀၀၈

အမေရိကန် နွေရာသီကာလ အခြေခံပညာကျောင်းများ ပိတ်ထားချိန်၊ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် ကလေးများအတွက် အခြေခံ ဗုဒ္ဓဘာသာသင်တန်းများအပြင် လူကြီးလူငယ်များအတွက် ဓမ္မအခြေခံသင်တန်းများ ကျင်းပလျက်ရှိကြောင်း တွေ့ရှိရသည်။

ယမန်နေ့က ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရ ဓမ္မရိပ်သာတွင် ဖရီးမောင့်လူငယ်များစီစဉ်သော ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင်တန်း တနင်္ဂနွေအပတ်စဉ် ပထမနေ့ကို ဖွင့်လှစ်လိုက်သည်။ ညနေပိုင်းတွင် ကျင်းပသော သင်တန်းသို့ လူငယ် လူကြီး အရွယ်စုံ လာရောက်ကြပြီး၊ ဆရာတော် ဦးဉာဏိကဘိဝံသက ဓမ္မပဒကို စတင်မိတ်ဆက်ပေးသည်ဟု ဆိုသည်။ ထိုနည်းတူ ဒေးလီစီးတီးမြို့တွင်လည်း နိဗ္ဗာန်ဆော်လူငယ်များ အဖွဲ့က ဂျက်ဖာဆန် အထက်တန်းကျောင်းနေရာတွင် စနေ၊ တနင်္ဂနွေနေ့များတွင် ဓမ္မသင်တန်းများ ပို့ချလျက်ရှိကြောင်း သိရှိရသည်။

လာမည့် သြဂုတ်လတွင်လည်း ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရနှင့် ဆန်ဟိုဇေးမြို့ တထာဂတ ဓမ္မရိပ်သာတို့တွင် နွေရာသီ ကလေး၊ လူငယ်များအတွက် ဗုဒ္ဓဘာသာအခြေခံ သင်တန်းနှင့် တရားစခန်းများ ဖွင့်လှစ်ကြမည် ဖြစ်ရာ မြန်မာမိသားစုများက ထိုဘုန်းကြီးကျောင်းများသို့ ဆက်သွယ်ပြီး စာရင်းသွင်းထားကြကြောင်း သိရသည်။

ဘေးဧရိယာအရှေ့ကမ်းက ဥက္ကလံမြို့တွင်လည်း မြန်မာတိုင်းရင်းသားများ၊ မိသားစုများ စုပေါင်းပြီး ထူထောင်သော ဓမ္မအေးရိပ် ၀ိဟာရ ကျောင်းတိုက်အသစ်တခု ဖွင့်လှစ်ခဲ့ပြီး ဖြစ်ရာ ထိုကျောင်းတိုက်တွင်လည်း ပတ်ဝန်းကျင်ရှိ မြန်မာကလေးသူငယ်များအတွက် နွေရာသီ သင်တန်းများကို ရှေ့နှစ်တွင် စတင်နိုင်လိမ့်မည် မျှော်လင့်ကြောင်း ကျောင်းထိုင် ဆရာတော် ဦးကောဝိဒက မိန့်ကြားခဲ့သည်။

၂၀၀၇ စက်တင်ဘာ သံဃာသပိတ်အရေးတော်ပုံတွင် စစ်အစိုးရက သံဃာတော်များကို သွေးမြေကျအောင် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း ပြည်ပရောက် မြန်မာတို့သည် ဘုန်းတော်ကြီးကျောင်းများကတဆင့် မြန်မာအမျိုးသားအရေးကိစ္စများကို ၀ိုင်းဝန်းခဲ့ကြရာ၊ ယခု ၂၀၀၈ မေလ နာဂစ်မုန်တိုင်းအရေးအခင်းတွင် မုန်တိုင်းဒဏ်မှ ကယ်ဆယ်စောင့်ရှောက်ရေးတို့အတွက် အလှူဒါနများကိုလည်း ဒေသခံ ဘုန်းတော်ကြီးကျောင်းများက တဆင့် တတ်အားသရွေ့ လှူဒါန်းကူညီလျက် ရှိသည်ကို တွေ့ရသည်။ ဘေးဧရိယာတွင် မြန်မာဘုန်းတော်ကြီးကျောင်း ၅ ကျောင်းကျော် ရှိပြီး၊ မြန်မာအမျိုးသား ဦးရေ ၂ သောင်း ကျော် ရှိလိမ့်မည်ဟု နယ်ခံတဦးက ခန့်မှန်းသည်။

Comments