San Francisco declares August 8 as Burma Day to honor 20th anniversary of 8888

ဆန်ဖရန်စစ္စကိုက သြဂုတ် ၈ ကို "ဘားမားဒေး" သတ်မှတ်

မိုးမခ အထောက်တော် ၀၀၂

ဇူလိုင် ၂၃၊ ၂၀၀၈

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်တွင် ဘာကလေမြို့ပြီးလျင် ဒုတိယမြောက်အဖြစ် ဆန်ဖရန်စစ္စကိုမြို့က ၂၀၀၈ သြဂုတ်လ ၈ ရက်နေ့ကို "ဘားမားဒေး" အဖြစ် သတ်မှတ်လိုက်ကြောင်း ၈ မဲ ၃ မဲ နှင့် ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

မြို့တော် ကောင်စီလူကြီး တွမ် အမီနာယိုနဲ့ အခြား ၇ ဦးက ထောက်ခံတင်သွင်းသော်လည်း တရုပ်အမေရိကန် ကောင်စီလူကြီး ကာမင်ချုးနှင့် အခြား ၂ ဦးက တရုတ်အိုလံပစ်နှင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှု အနှစ် ၂၀ ကို မဆက်စပ်စေချင်သဖြင့် ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

ဘာကလေမြို့က ထိုနေ့တွင် မြန်မာနိုင်ငံ ပါလီမာန်ဒီမိုကရေစီခေတ်က အလံကို လွှင့်ထူမည်ဟု ဆိုသည်။ ဆန်ဖရန်စစ္စကိုက ၎င်းတို့ဆုံးဖြတ်ချက်များကို အစိုးရအဖွဲ့၊ အိုလံပစ်ထောက်ခံသည့် ကုမ္ပဏီများ၊ သမ္မတ ဘွတ်ရှ်၊ ကုလသမဂ္ဂ နှင့် မြန်မာစစ်အစိုးရသို့ ပေးပို့မည်ဟု သိရသည်။

မြန်မာစစ်အစိုးရ အာဏာရှင်သက်ဆိုးရှည်အောင် ကုလအရေးမယူနိုင်စေရန် ဗီတိုလက်နက်ဖြင့် ကာကွယ်ပေးထားသော တရုတ်အစိုးရကို ကန့်ကွက်သောအားဖြင့် သမ္မတ ဘွတ်ရှ်က အိုလံပစ်ဖွင့်ပွဲ မတက်ရောကပါရန်လည်း တောင်းဆိုမည်ဟု သိရသည်။

ဆန်ဖရန်စစ္စကိုတွင် ထိုရက်သတ္တပတ်လုံးကို တိဗက်လွတ်လပ်ရေး လှုပ်ရှားသူများက တရုတ်အိုလံပစ်ကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲများ တောက်လျောက် ကျင်းပကြမည်ဟု ပြင်ဆင်လျက်ရှိသည်။ မြန်မာ့အရေးလှုပ်ရှားသူများက ထို သြဂုတ် ၈ ရက် ၀န်းကျင်တွင် မြို့ထဲတွင် လူထု စုဝေးပွဲ၊ ချီတက်ပွဲနှင့် ဟောပြောပွဲများ စီစဉ်ကြလိမ့်မည် ဆိုကြောင်း ကြားသိရသည်။ အသေးစိတ်ကို မြန်မာအမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့က ကိုညွန့်သန်းတို့ထံ စုံစမ်းနိုင်ကြောင်း သိရသည်။

Comments