Maung Yit - Give my country back

ငါ့ကို အင်းစိန်ထောင်ကြီး ပြန် ပေး

မောင်ရစ်

သြဂုတ် ၃၊ ၂၀၀၈

သြဂုတ်လ ၈ ရက်နား နီးတာက တကြောင်း နိုင်ငံတကာမှာ မြန်မာအရေးဟာ အိုလံပစ်အရေးလို၊ သမ္မတရွေးကောက်ပွဲအရေးလို ရှေ့တန်းရောက်နေသမို့ ပြည်တွင်းက မြန်မာတွေကိုယ်စား ပြည်ပက မြန်မာတွေက အရေးဆိုမှုတွေ အရှိန်မြှင့်တင်လာနေပါတယ်။

ကြည့်ရတာ ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရထိုင်နေတဲ့ ခုံကို ပြန်တောင်းတဲ့ အမှုကတော့ တော်တော်ကြီးပါတယ်နဲ့ တူရဲ့။ စစ်အစိုးရဟာ အစိုးရ မစစ်သမို့ သူ့ကို ပေးထိုင်ထားတဲ့ ကုလက ထိုင်ခုံ နေရာကို စိန်ခေါ်တယ် ဆိုလား … အတိုက်အခံတွေက ပြုလုပ်လာကြတာဟာ အားရစရာကြီးပါပဲ။ စစ်အစိုးရ ပြည်တွင်းသတင်းစာများကလည်း ပြန်လှန် ရန်တွေ့နေသံတွေ သဲ့သဲ့ ကြားရပါတယ်။ (ဝေးလို့ပါ ခင်ဗျာ။ နီးနီးနေရင်တော့ အသံကျယ်ကောင်းပါရဲ့)

ပြည်ပကမြန်မာတွေက ကုလသမဂ္ဂရုံးခန်းက စစ်အုပ်စုရဲ့ ထိုင်ခုံတွေကို ပြန်တောင်း၊ စစ်သံရုံးတွေကို ပြန်တောင်း၊ စစ်ခွန်တွေ ဆက်ကြေးကောက်နေတာတွေကို တပြိုင်နက်တည်း ပြန်တောင်းကြရင်ဖြင့် နက်ဖြန်၊ သဘက်လောက်ဆိုရင် စစ်အစိုးရခင်ဗျာ နေစရာ ထိုင်ခုံတွေ အမိုးအကာတွေ ပျောက်ပြီး နေပြည်တော်က ၀ပ်ကျင်းလေးမှာပဲ ပြန်ခွေနေရတော့မယ့် ပုံပါပဲ။

စစ်အစိုးရနဲ့ အပေါင်းအပါများ၊ အရပ်ဝတ်အကြမ်းဖက်သမားများဟာ ၁၉၈၈ ကတည်းက ကမ္ဘာမှာ လူရာဝင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တာပါခင်ဗျာ။ နံမယ်ပြောင်း ကင်ပွန်းတပ်တွေ ဘာတွေလုပ်၊ ခရီးသွားနှစ် ကြေငြာ၊ အာဆီယံထဲ ၀င်၊ ဟိုမှာပါ ဒီမှာ ပါပေါ့လေ။ အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ဒီမိုကရေစီ ပါတီစုံ စနစ်နဲ့ သတင်းစာ လွတ်လပ်ခွင့်ရှိတဲ့ တိုင်းပြည်တွေက မျက်နှာ တင်းတင်းနဲ့ ဆေးဖော်ကြောဖက် မလုပ်သမို့ သူ့ခင်မျာ ကန်းတက်မလာတာပါ။

သို့သော် ၂၀၀၃ မှာ ဒေါ်စုနဲ့ အတိုက်အခံပါတီဝင်များကို လုပ်ကြံဖို့ ကြိုးစား၊ ၂၀၀၇ မှာ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို အကြမ်းဖက်နှိမ်နှင်း၊ ၂၀၀၈ မေလ နာဂစ် မုန်တိုင်းမှာ ဒုက္ခသည် မြန်မာပြည်သူတွေ ပါးစပ်ပေါက်က နိုင်ငံတကာကမ်းတဲ့ ထမင်းလုပ်တွေကို ပုတ်ချပြီးတဲ့ နောက်မှာတော့ တိုင်းပြည်အာဏာကို မတရားသိမ်းထားသူတွေနဲ့ အပေါင်းအပါ နောက်လိုက်တွေဟာဖြင့် တိုင်းပြည်နဲ့ ပြည်သူရဲ့ ရန်သူတွေပါလားဆိုတာ ထင်ရှားလာပြီးတဲ့နောက် ဖိအားတွေသာမက ဥပဒေနဲ့ နည်းလမ်းပေါင်းစုံကနေ စစ်အစိုးရရဲ့ နေရာကဏ္ဍတွေကို ဖယ်ရှားဖို့ ကြိုးစားလာတာ တွေ့ရတာ ဖြစ်ပါတယ်။

ပြန်တောင်းကြပါခင်ဗျား။ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ ဗိလပ်မှာ လွတ်လပ်ရေး သွားတောင်းဖူးပါတယ်။ တောင်းလို့ မရရင် ဘာလုပ်မှာလဲလို့ တဖက်ကမေးတော့ ဗိုလ်ချုပ်အောင်ဆန်းက အဲသည်လူရဲ့ အင်္ကျီအိတ်ထဲက ဖောင်တိန်ကို ဗြတ်ကနဲ ဆွဲယူလိုက်ပြီးတဲ့ကာ တောင်းလို့ မရရင် ဒီလို အရ ယူပစ်လိုက်မယ်လို့ ဖြေခဲ့သတဲ့။ အဲသည်လူခင်ဗျာ သူ့အင်္ကျီအိတ်ကပ် ပြဲသွားတဲ့အတွက် စပ်ဖြဲဖြဲလေး ဖြစ်ကျန်ခဲ့သတဲ့။

ပြန်တောင်းလို့ မရတော့တာတွေကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ မိသားစုတွေရဲ့ အသက် သွေးချွေးတွေ၊ အချိန်ကာလတွေပါပဲ။ ကျန်တာတွေ ပြန်တောင်းလို့ရရင်တော့ ဟန်ကျတာပေါ့ခင်ဗျာ။ ကုလသမဂ္ဂက ထိုင်ခုံကြီး ပြန်ရလာရင် အီးဘေးမှာ လေလံတင် မရောင်းဘဲနဲ့ ကိုယ့်အတိုက်အခံထဲက တယောက်ကို အလှည့်နဲ့ ထိုင်ခိုင်းကြည့်တာပေါ့။

ပြန်တောင်းရမှာတွေကတော့ အများကြီးပဲ။ သူတို့ ကောင်းကောင်း မလုပ်နိုင်တဲ့အလုပ်တွေက အများသားလား။ သတင်းစာတွေကိုလည်း သူတို့လက်ထဲမှာ ကြာကြာ ဆက်ထားလို့ မဖြစ်တော့ဘူးပေါ့လေ။ သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ခင်ဗျာ သူတို့ လုပ်မှ နံမယ်ပျက်လှပြီဆိုတော့ ပြန်တောင်းကြပါခင်ဗျား … ငါ့ကို မြန်မာ့အလင်းနဲ့ ကြေးမုံ ပြန်ပေး … လို့ ဆိုပြီးတော့ ပေါ့။ ငါ့ကို မြန်မာ့အသံ ပြန်ပေး … ငါ့ကို မြန်မာ့ရုပ်မြင်သံကြား ပြန်ပေး … စသည်ဖြင့်

ပြန်တောင်းပြီးရင်တော့ သူတို့ထက် နည်းနည်းဖြစ်ဖြစ် ပိုကောင်းအောင် ဒီဖက်က လူတွေ၊ အစုအဖွဲ့တွေက စီစဉ်ဆောင်ရွက် ဆက်လက်ချီတက်နိုင်ကြမယ် ထင်ပါရဲ့။ အဝေမတဲ့ရင်လည်း ကျနော်တို့က အလှည့်ကျ မဲခွဲပြီး ဆောင်ရွက်နိုင်ကြမယ် ထင်ပါတယ်။

သူတို့တွေ အနှစ် ၂၀ လုံးလုံး မပေးပဲ ဆုပ်ကိုင်ထားတဲ့အောက်မှာ ကြေမွနေကြရတာက မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သူလူထုကြီးပါ။ ဆေးရုံတွေ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေလည်း မြန်မြန် ပြန်တောင်းကြပါခင်ဗျား။ တော်ကြာ ဆေးရုံဆိုတာ ဂျိုနဲ့လားလို့ မေးရတဲ့ အဖြစ်ရောက်တဲ့အထိ မစောင့်နိုင်ပါ။ နာရေးကူညီတာတို့ အသုဘ လုပ်ငန်းတို့ဆိုတာ အစိုးရနဲ့ မဆိုင်ရေးချ မဆိုင်တို့၊ လျပ်စစ်မီးဆိုတာ အစိုးရက ပေးတာမဟုတ်၊ တရုတ်ပြည်လုပ် မီးစက်က လာတာတို့၊ ဓာတ်ဆီဆိုတာ ဓာတ်ဆီဆိုင်က ထွက်တာမဟုတ်၊ လမ်းဘေးက ပလက်ဖောင်းမှာ ခိုးဝယ်ရတာတို့ ဆိုတဲ့ သမိုင်းအသစ်တွေ ရေးပြီး အခြေခံဥပဒေထဲ ထည့်ရေးလိုက်ပါဦးမယ်။

မောင်ရစ်ကတော့ အပြစ်မဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လှောင်ပိတ် နှိပ်စက် သတ်ဖြတ်နေတဲ့ အင်းစိန်ထောင်ကြီးကိုလည်း မြန်မြန် ပြန်တောင်းပေးကြစေလိုပါတယ်။ ထောင်တံခါးတွေ ပိတ်ပြီး အိမ်တွေ ကျောင်းတွေရဲ့ တံခါးတွေကို မြန်မြန် ဖွင့်နိုင်ကြဖို့ပါ။

တောင်းတိုင်းလည်း မရနိုင်ဘူး ဆိုတာ သိပါရဲ့။ ရ ရင် ရ၊ မရရင်တော့လည်း …

Comments