အတ္တနဲ့ ငါ
အရှင်ဉာဏိက
စက်တင်ဘာ ၁၇၊ ၂၀၀၈
တခါခါ
တရေးရေးနဲ့
တိတ်တိတ်လေး ငေးပြီး
ဆိတ်ဆိတ်လေး တွေးမိတတ်တယ်။
ပေးခဲ့ရတဲ့နှစ်တွေ
ပြေးခဲ့ရတဲ့နှစ်တွေ
ဝေးခဲ့ရတဲ့နှစ်တွေ
ဆွေးခဲ့ရတဲ့နှစ်တွေ
စတေးခဲ့ရတဲ့နှစ်တွေ
တစ်ရစ်ပြီးတစ်ရစ်
အသစ်သစ်သာ တိုးတိုးလာတယ်။
ကောင်းကျိုးကတော့ ဝေးမြဲ ဝေးနေဆဲ။
ဖြစ်မှု ပျက်မှုသဘော
စောကြောမိပြန်တော့
ဖြစ်မှုက ရှား
ပျက်မှုက များ
တခုခု မှားနေသလို ပိုမိုခံစားမိလာတယ်။
ပြောရလျင်
လောက က
အစိုးမရတဲ့ အနတ္တ သဘော
အတ္တများတဲ့ အစိုးရ သဘောရှိနေသမျှ
မောပြီးရင်း မောပြီးရင်းသာ မောနေရဦးမယ်ပ။
(စက်တင်ဘာ ၁၄၊ ၂ဝဝ၈)
Comments