
ရန်ကုန်တွင် ဒေါ်စုနှင့် အာဏာပိုင်တို့ ဆွေးနွေးမည်ဟု သတင်းပြန့်၊
လုံခြုံရေး တိုးမြှင့်ထား
မိုးမခ အထောက်တော် (ရန်ကုန်)
စက်တင်ဘာ ၁၈၊ ၂၀၀၈
ယနေ့ ဂျာနယ်များတွင် (မြန်မာတိုင်းနှင့် ဘိုင်ဝိကလီး) တွင် မျက်နှာဖုံးနှင့် အချပ်ပိုများဖြင့် ဒေါ်စုနှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စက်တင်ဘာ ၁၉ နောက်ပိုင်း တွေ့ကြမည်ဟု သတင်းလုပ်ထားသည်ကို တွေ့ရသည်။
ကနဦးက စက်တင်ဘာ ၁၅ တွင် စီစဉ်ခဲ့သော်လည်း ဒေါ်စု ကျန်းမာရေးကြောင့် ရက်ရွှေ့ခဲ့ရကြောင်း၊ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကတဆင့် ဒေါ်စုက ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့နေ လူထုက နိုင်ငံရေးအကြပ်အတည်းကြီးတွင် တစုံတရ ပြေလည်မည်လားဟု မျှော်လင့်နေကြသော်လည်း အစိုးရက လုံခြုံရေးကို ယခင်ကထက် တိုးမြှင့်လာသဖြင့် စိုးရိမ်ပူပန်မှုများက ပိုပြီး တိုးပွားလာနေသည်ဟု ဆိုသည်။
ပြည်ပက အတိုက်အခံ သတင်းဝက်ဆိုက်ကြီးများ ယမန်နေ့က အင်တာနက်တိုက်ခိုက်မှု ခံရချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် အချို့အင်တာနက်လိုင်းများ ရန်ကုန်တွင် ပြတ်တောက်နေခဲ့သည်။ အချို့က စက်တင်ဘာ ၁၇ ရက်နေ့သည် ၂၀၀၇ သံဃာသပိတ်မှောက် တပ်လှန့်ခဲ့သည့် နှစ်ပတ်လည်နေ့ ဖြစ်၍ဟု ထင်ကြေးပေးကြသည်။
ယမန်နေ့ည ၁၀ နာရီကတည်းက ရန်ကုန်မြို့ထဲသို့ ၀င်ရောက်သည့် ခရီးသည်တင်ကားများကို လုံထိမ်းများ၊ ရဲများက တင်းကြပ်စွာ အသေးစိတ် စစ်ဆေးခဲ့သည်။ စစ်ဆေးရေး ချက်ပွိုင့်များတွင် အရပ်ဝတ်များနှင့် မီးသတ်ဝတ်များအပါအ၀င် ဦးရေ ၅၀ ကျော်ရှိသည်။ ကမ္ဘာအေး ကုက္ကိုင်း မှတ်တိုင်၊ မြောက်ဥက္ကလာက ဆူးလေဖက် အ၀င် ကားမှတ်တိုင်များ၊ န၀ဒေး မှတ်တိုင်တို့တွင် အထူးတင်းကြပ်သည်။ သွပ်ဆူးကြိုးများ အထပ်ထပ်ချပြီး ပိတ်ဆို့ စစ်ဆေးခြင်း ဖြစ်သည် ဟု မျက်မြင်များက ပြောသည်။
ညအိပ်ညနေ အလုပ်သမားများကို မိသားစုများက အလုပ်မသွားရန် တားမြစ်နေကြကြောင်း၊ မိဘများ ဇနီး ခင်ပွန်း သားသမီးများက မိသားစုဝင်များ အိမ်မပြန်၊ ရုံးမရောက်ဘဲ လမ်းမှာ ပျောက်ဆုံးမည်ကို အထူး စိုးရိမ်နေကြရကြောင်း၊ ရပ်ကွက်တွင်း ဧည့်စာရင်း စစ်ဆေးရာတွင် ရပ်ကွက်တွင်း မမြင်ဘူးသည့် တစိမ်း အရပ်ဝတ်များ၊ ယူနီဖောင်းဝတ်များက အိမ်အတွင်း ၀င်ရောက် ကျုးကျော်စစ်ဆေးနေခြင်းကို ခေါင်းငုံ ခံနေရကြောင်း၊ ဝေသာလီပြည် ဘီလူးဝင်စီးသလိုမျိုးလား ဟု ထင်မြင်မိကြောင်း သတင်းပို့သူတို့က ပြောသည်။ သည်တခေါက် ရွတ်ရမည့် ပရိတ်မှာ မေတ္တာသုတ်မဟုတ် ရတနာ့သုတ်ဟု ထင်ကြောင်း အချင်းချင်း လက်တို့နေကြသည်ဟု ဆိုသည်။
တိုင်းရင်းသား မိသားစုအိုးအိမ်များ၊ ရပ်ကွက်များကိုလည်း အထူး ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဗုံးပေါက်ကွဲမှုများအတွက် ကရင်အမျိုးသား မိသားစုများကို ပစ်မှတ်ထားခြင်း၊ သံဃာနှင့် လူထုအုံကြွမှုများအတွက် အသံထွက်နေသည့် ရခိုင်အမျိုးသား မိသားစုများကို ပစ်မှတ်ထားခြင်းတို့ကို ပြုလုပ်နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်သူ လူငယ်အဖွဲ့က မိုးမခကို ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ လူငယ်များ၊ ပြည်သူလူထု အစုအဝေးများကလည်း ရဲများ လုံထိမ်းများ အနီးတွင် ၀ိုင်းဝန်း စောင့်ကြည့်နေခြင်း၊ တစုံတရာ အဓိကရုန်းဖြစ်လာပါက တခုခု လှုပ်ရှားမည့် အရိပ်အယောင်များနှင့် တုန့်ပြန်ခြင်းတို့ကို တွေ့နေရသဖြင့် စစ်အာဏာပိုင်များ ဖြစ်စေချင်သလို လူထုက ငြိမ်နေမည့် ပုံစံတော့မရှိဟု မျက်မြင်တချို့ က မိုးမခသို့ သုံးသပ်ပြသည်။
Comments