သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ ဂျပန်သို့ ရန်ပုံငွေပွဲ ကရန် ရောက်ရှိ
မိုးမခ အထောက်တော် ၀၀၃
စက်တင်ဘာ ၅၊ ၂၀၀၈
ယမန်နေ့က ဂျပန်နိုင်ငံသို့ ဆေးရောင်စုံအငြိမ့် တဖွဲ့လုံး ရောက်ရှိပြီဖြစ်ကြောင်း ပွဲစီစဉ်သူ မင်္ဂလာဒိုးအဖွဲ့သားများက ပြောကြားသည်။ နာဂစ်လေဘေးသင့်သူများအတွက် အကူအညီပေးနိုင်ရန်အတွက် တတ်စွမ်းသမျှ အနုပညာနှင့် ရန်ပုံငွေ ကပြရန် စီစဉ်ဖြစ်ကြောင်း သိရှိရသည်။ လာမည် တနင်္ဂနွေနေ့နေ့ တိုကျိုမြို့က အိုက်ကီဘူကူရို ကဇာတ်ရုံတွင် ကပြကြမည်ဟု ဆိုသည်။
၂၀၀၈ ဧပြီလ အထိ စစ်အစိုးရ၏ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို သရော်သော ပြဇာတ်များ၊ ပြက်လုံးများနှင့် ကိုရီးယား၊ ဂျပန်နှင့် စင်္ကာပူနိုင်ငံတို့သို့ လှည့်လည် ကပြခဲ့ပြီးနောက် ၂၀၀၈ မေလ နာဂစ်လေဘေး ကူညီရေး ရန်ပုံငွေပွဲများကို ခေတ္တ အခြေစိုက်ရာ ထိုင်းနိုင်ငံတွင် လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
သီးလေးသီးအဖွဲ့သည် ၂၀၀၇ သံဃာအရေးအခင်းအပြီး အဖိနှိပ်ခံထားရသော မြန်မာပြည်သူများကို စိတ်ဓာတ်အင်အား တက်ကြွလာစေသည့် ခေတ်ကို ဝေဖန်သရော်သော ဖြော်ဖြေမှုများဖြင့် ပြည်သူတို့ အချစ်တော် အငြိမ့်အဖွဲ့အဖြစ် ထင်ရှားလာခြင်း ဖြစ်သည်။ အထူးသဖြင့် ပြည်သူ့အချစ်တော်၊ လူထု၏ ပြောခွင့်ရသူတဦးအဖြစ် ထင်ရှားသူ ဇာဂနာဦးဆောင်သော မြပုဏ္ဏမာ အငြိမ့်အဖွဲ့ကြီး၏ လက်ဆင့်ကမ်း မျိုးဆက်သစ်များအဖြစ် ပေါ်ထွက်လာသည့် သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် ပြည်တွင်း ပြည်ပက မြန်မာမိသားစုများအတွက် လွတ်လပ်ပွင့်လင်းသည့် အနုပညာများဖြင့် တင်ဆက်နိုင်သည်ကို တွေ့ရသည်။
“သူတို့ကိုယ်တိုင်လည်း မြန်မာပြည်ပြင်ပမှာ ရုန်းကန်လှုပ်ရှားပြီး နေကြရပေမယ့် တိုင်းပြည်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်ကို သူတို့အနုပညာနဲ့ အသုံးတော်ခံပြီး လှူဖို့ နှိုးဆော်ဖို့ ကြိုးစားနေတာကို မြင်ရတော့ သူတို့အတွက် ဂုဏ်ယူမိပါတယ်။” ဟု ကပွဲစီစဉ်ပေးသူ မင်္ဂလာဒိုး အဖွဲ့သားတဦးက မိုးမခသို့ ပြောကြားခဲ့သည်။
Comments