မြန်မာခရီးသွားလုပ်ငန်း မရှုမလှ ကျဆင်းနေ
မိုးမခ အထောက်တော် (ရန်ကုန်)
အောက်တိုဘာ ၂၅၊ ၂၀၀၈
မိုးကုန်၊ ပွင့်လင်းရာသီမှာ ပြည်ပခရီးသွားတွေ မြန်မာပြည်ကို ရောက်မလာသေးပါဘူး။ ခရီးသွားလုပ်ငန်းရှင်တွေ၊ နိုင်ငံခြားဝင်ငွေ လုပ်ငန်းရှင်တွေနဲ့ စစ်အစိုးရကိုယ်တိုင် မျက်နှာပျက်နေရပြီ ဖြစ်တဲ့ အခြေအနေလို့ ဆိုပါတယ်။ စစ်အစိုးရရဲ့ တိုင်းသူပြည်သားတို့အပေါ် စောင့်ရှောက်ခြင်း မရှိသည်ကို အဓိကထား ထောက်ပြကြပါတယ်။
“ရွှေဝါရောင်တော်လှန်ရေးမှာကတည်းက နိုင်ငံသားတွေကော နိုင်ငံခြားသားတွေကို ပိတ်ပင်တားဆီးခဲ့တယ်။ အခြေခံဥပဒေ ဆန္ဒခံတော့လည်း ပြည်ပက လာမည့်လူတွေကို စိစစ်ပြီးမှ လက်ခံတယ်။ သာမန်ခရီးသွားတွေကလည်း လုံခြုံစိတ်ချမှု မရှိတဲ့ တိုင်းပြည်ကို မလာချင်ဘူး။
ယခုတလော လမ်းမများပေါ်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်နေတာကလည်း ပြည်ပခရီးသည်တို့ကို တွန့်ဆုတ်စေပါတယ်လို့ တိုးရစ်ဂိုက်တဦးက ထောက်ပြပါတယ်။ ဟိုတယ်တွေထဲမှာ သဘာဝဒေသတွေမှာ ဖွင့်ထားတဲ့ ချောင်းသာနဲ့ ငွေဆောင်ဟိုတယ်များအားလုံးက ဧည့်မျှော်နေကြပေမယ့် ထိုဒေသများကိုလည်း မလာကြချေ။ အလားတူ သဘာဝဆွဲဆောင်ဒေသ အင်းလေးမှာ ဧည့်ခမ်းခြောက်နေလို့ ၂၀၀၉ မှာ သစ်ခွပွဲလုပ်ပြီး ဧည့်ခေါ်မယ်လို့လဲ ပြောနေကြပါတယ်။ နိုင်ငံပိုင် မီဒီယာများကတော့ သာယာလှပ စည်ကား ပျော်ရွှင် ဖော်ရွေနတဲ့ တိုင်းပြည် မြန်မာပြည်ဆိုပြီး အကြီးအကျယ် ၀ါဒဖြန့်ပေးနေတယ်လို့ သိရပါတယ်။
“ဧည့်သည်က ကုမ္ပဏီကို မေးမယ်၊ တိုးရစ်ဂိုက်ကို မေးမယ်။ မင်းတို့ဆီလာလည်ရင် စိတ်ချရမှာလား။ လုံခြုံမှု ပေးနိုင်မှာလား။ လွတ်လွတ်လပ်လပ် သွားနိုင်မှာလား။ ဒီမေးခွန်းမျိုးတွေကို ကျနော်တို့က ဘယ်လို ဖြေရမှာလဲ။ ကင်မရာ ရိုက်လို့မရဘူး တို့၊ ဘုရားပေါ် တက်ခွင့်ရချင်မှ ရမယ်တို့၊ တချို့နေရာတွေ မသွားရဘူးတို့ ပြီးတော့ ရဟန်းသံဃာတွေကို နှုတ်ဆက်ခွင့် မရှိဘူးတို့ ဒါမျိုး ရှောင်ရန် ဆောင်ရန်တွေနဲ့ တိုင်းပြည်ကို ဘယ်သူက အပမ်းဖြေဖို့ လာမှာလဲ …။
ဟိုတယ်မန်နေဂျာတဦးက မိုးမခကို ပြောသွားတာပါ။
Comments