ဦးသုခ၊ ဦးထွန်းဝေ၊ ဦးသိန်းဖေမြင့် နှင့် ရုပ်ရှင်ဇာတ်ညွှန်းများ
ဝင်းဖေ

ကျနော်ကိုယ်တိုင်မှ ရုပ်ရှင် တကားနှစ်ကားပဲ ဒါရိုက်တာလုပ်ပြီး ရိုက်ရသေးတယ်၊ ၀တ္ထုဇာတ်ညွှန်းကလေး သုံးလေးပုဒ်ပဲ ရေးရသေးတယ်၊ ဆရာကြီးဦးသုခက ကျနော့်ကို ၀တ္ထုဇာတ်ညွှန်းရေးပေးဖို့ အလုပ်အပ်ပါတယ်။ အပ်တာမှ တခါတည်းနဲ့ သုံးပုဒ်တောင် အပ်ပါတယ်။ ဆရာဦးသုခဟာ ကိုယ်တိုင် စိတ်ကြိုက် ၀တ္ထုဇာတ်ညွှန်းတွေ ရေးပြီး ကိုယ်တိုင် ဒါရိုက်တာလုပ် ကိုယ်တိုင်လည်း သရုပ်ဆောင်တတ်တဲ့ ရှားပါး ရုပ်ရှင်ပညာရှင်ကြီးတယောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော် ဆရာကြီးအတွက် ဇာတ်ညွှန်း ရေးမပေးရဲပါဘူး လို့ အနူးအညွတ် တောင်းပန်ရပါတယ်။ ဒါပေမယ့် ဆရာကြီးက ကျနော့်စကားကို လက်မခံပါဘူး။ သူဟာ အသက်ကြီးပါပြီ တဲ့။ generation gap ခေတ်ကာလချင်း ဟ သွားပါပြီ တဲ့။ ခေတ်လူငယ်တွေရဲ့ စရိုက် လက္ခဏာတွေကို မသိတော့တဲ့အတွက် အကျင့်စရိုက်က အစ စကားအသုံးအနှုန်းတွေအဆုံး အဆက်ပြတ်နေပါပြီတဲ့။

အခု လက်တွေ့ ဒီနေ့ ခေတ်လူငယ်တွေရဲ့ အကျင့်စရိုက်နဲ့ စကားအသုံးအနှုံးတွေ ကျနော် လိုက်မမီတော့ပါဘူး။ ခေတ်ကို မြင်တဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အလွန်တော်တဲ့ ခေတ်လူငယ် ရုပ်ရှင်ပညာရှင်ကလေးတွေ အများကြီး ပေါ်ထွက်နေပါတယ်။
စာပေပညာရှင်ကြီး ဆရာဦးသိန်းဖေမြင့်ဟာ မင်းသားကြီး ဦးထွန်းဝေရဲ့ ဆရာရင်းတယောက်လည်း ဖြစ်ပါတယ်။ မင်းသားကြီးကတဆင့် ဆရာဦးသိန်းဖေမြင့်နဲ့ ကျနော် ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဗြိတိသျှ ဘားမား ရုပ်ရှင်ကုမ္ပဏီမှာ ဆရာဦးသိန်းဖေမြင့် ရုပ်ရှင် ၀တ္ထုဇာတ်ညွှန်း ရေးပေးခဲ့ကြောင်း ကျနော် သိရတော့ ကျနော်ကလည်း ဆရာကြီးထံမှာ ကျနော့်အတွက် ရုပ်ရှင်ဇာတ်ညွှန်းရေးပေးဖို့ ပူဆာဖူးပါတယ်။ ဆရာကြီးက “ကိုဝင်းဖေရေ အရင်က ကျုပ် ဇာတ်ညွှန်း ရေးခဲ့ဖူးတာတော့ မှန်ပါတယ်၊ ဒါပေမယ့် ခုတော့ မရေးတော့ဘူးဗျ” လို့ ပြောပါတယ်။ ဘာပြုလို့တုန်း ဆိုတော့ ဇာတ်ညွှန်းရေးရင် စာပျက်တယ်လို့ ပြောပါတယ်။ ရုပ်ရှင်ဇာတ်ညွှန်းဆိုတာ စာမဟုတ်ဘူး တဲ့။ ရုပ်ရှင်ရိုက်ဖို့ အညွှန်းတွေ ရေးရတာ တဲ့။ ဒါကြောင့် တကယ် စာကောင်းပေကောင်း ရေးတဲ့အခါမှာ စာပျက်တယ် တဲ့။ ဟာ ဟုတ်ပေသားပဲ ဆိုပြီးတော့ ကျနော်လည်း ချက်ချင်း မှတ်သားထားလိုက်ပါတယ်။
နောက် ကျနော်ကြုံကြိုက်လို့ Iowa တက္ကသိုလ် International Writing Program ကို တက်ရောက်ခွင့် ရတဲ့အခါမှာတော့ ကျနော်ရေးခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ညွှန်းတွေနဲ့ ပတ်သက်လို့ ဒါတွေဟာလည်း စာပေပါပဲ လို့ ဆွေးနွေးသတ်မှတ်ပေးခဲ့ကြပါတယ်။ အရှည်ကိုတော့ နောက်မှ ဆက်လက် ဆွေးနွေးပါ့မယ်။ ဒီတပတ် ဒီလောက်နဲ့ပဲ နားလိုက်ပါရစေ။ ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ၀င်းဖေပါ။ ။
(မူရင်း - ဘီဘီစီအသံလွှင့်ဋ္ဌာန၊ မြန်မာပိုင်းအစီအစဉ်)
ဝင်းဖေလွယ်အိတ် အမှတ် ၅ နားဆင်ရန် ဤနေရာကို နှိပ်ပါ
Comments