နှစ်ပေါင်း ၅၀ ကြာသောအခါ
လေထီးဦးအုန်းမောင်
(ပြန်လည်ဆန်းသစ် အထူးဆောင်းပါး)
နိုဝင်ဘာ ၃၊ ၂၀၀၈
တပ်ဖွဲ့ ၁၃၆ (Force 136)
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ) နှင့် ဆက်သွယ်လုပ်ကိုင်နေ သောအဖွဲ့မှာ တပ်ဖွဲ့၁၃၆ (Force 136) ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ဖြစ်စက နာဇီဂျာမနီ၏ တိုက်ခိုက်မှုကြောင့် ဥရောပမှနိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံ နာဇီဂျာမနီ၏ လက်အောက်သို့ ကျရောက်သွားကြသည်။
ထိုအချိန်ကာလတွင် ဗြိတိန်နိုင်ငံသည် မဟာမိတ်နိုင်ငံများမရှိသလောက်ဖြစ်ကာ အထီးကျန် ဘဝသို့ ရောက်ရှိခဲ့ရသည်။ ဤအခြေအနေမျိုးတွင်ပင် ဗြိတိသျှ စစ်ကက်ဘိနက်အဖွဲ့သည် ဂျာမနီအား ရေတပ်ဖြင့် ပိတ်ဆို့ခြင်း၊ လေတပ်ဖြင့်တိုက်ခိုက်ခြင်း၊ ဂျာမနီ သိမ်းပိုက်ထားသော နိုင်ငံများ၏ အုပ်ချုပ် ရေးပျက်ပြားအောင် နှောင့်ယှက်ဖျက်ဆီးခြင်းဟူသော လက်နက်သုံးလက်ဖြင့် အနိုင်တိုက်နိုင်မည်ဟု ယုံကြည်နေပေသည်။
ဤယုံကြည်ချက်ဖြင့် စစ်ဘက်ဘိနက်အဖွဲ့သည် အက်(စ်)အိုးအီး (S.O.E) ခေါ် အထူးစစ်ဆင် ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အက်(စ်)အိုအီး၏ အရှည်ကောက်မှာ (Special Operation Executive) ဟူ၍ ဖြစ်၏။
အက်(စ်)အိုအီး ခေါ် အထူးစစ်ဆင်ရေးအဖွဲ့ကို စီးပွားရေးဝန်ကြီးမှတဆင့် စစ်ကက်ဘိနက် အဖွဲ့နှင့် ဝန်ကြီးချုပ်က တိုက်ရိုက်ကိုင်သဖြင့် ထိုအဖွဲ့သည် မည်သည့် စစ်ရေးအုပ်ချုပ်ရေးအဖွဲ့များ၏ အမိန့်ကိုမျှ နာခံရန်မလို။ လျှို့ဝှက်လုပ်ဆောင်ချက်များကိုလည်း အသိပေးရန်မလိုပေ။ ယင်းအဖွဲ့သည် စီးပွားရေးဝန်ကြီးမှတဆင့် စစ်ကက်ဘိနက်အဖွဲ့နှင့် ဝန်ကြီးချုပ်တို့၏အမိန့်ကိုသာ နာခံရသည့် အထူး စစ်ဆင်ရေးအဖွဲ့ဖြစ်၏။
တပ်ဖွဲ့ ၁၃၆ (Force 136) သည် အက်(စ်)အိုအီး ခေါ် အထူးစစ်ဆင်ရေးအဖွဲ့၏ အရှေ့ဖျားဆိုင်ရာ အဖွဲ့ခွဲဖြစ်သည်။ တပ်ဖွဲ့ ၁၃၆ ၏ စစ်ဦးစီးမှူးမှာ ကော်လင်မက္ကင်ဇီ (Colin Mackenzie) ဖြစ်သည်။
တပ်ဖွဲ့ ၁၃၆ ၏ရည်ရွယ်ချက်မှာ ဂျပန်သတင်း စုံစမ်းထောက်လှမ်းရေး၊ ဂျပန်၏ အုပ်ချုပ်ရေး ပျက်ပြားအောင် နှောင့်ယှက်ဖျက်ဆီးရန်၊ ဂျပန်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အကူအညီပေးရေးတို့ ဖြစ်သည်။
ဤအတွက် တပ်ဖွဲ့ ၁၃၆ သည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် အိန္ဒိယသို့ရောက်နေသော ကိုသိန်းဖေနှင့် ပထမဆုံး ဆက်သွယ်မိလေသည်။
ကိုသိန်းဖေနှင့်ဆက်သွယ်၍ ကိုသိန်းဖေမှတဆင့် သခင်တင်ရွှေအား မြန်မာပြည်သို့ ပြန်လွှတ် ကာ ဖက်ဆစ်ဆန့်ကျင်ရေး ခေါင်းဆောင်များနှင့် ဆက်သွယ်မှုရယူခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေး ရှေ့လုပ်ငန်းစဉ်များအတွက် ဖက်ဆစ် ဆန့်ကျင်ရေးခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။
ရဲဘော်မောင်ကြည်အား ပဲခူးဘက်တွင် လေထီးဖြင့်ချပေးပြီး ဖတပလခေါင်းဆောင်များထံ တပ်ဖွဲ့ ၁၃၆ နှင့် ကိုသိန်းဖေတို့၏စာများကို ပေးပို့ကာ အဆက်အသွယ်ရယူခဲ့သည်။
ရဲဘော်မောင်ကြည်၏ အဆက်အသွယ်ဖြင့် ဝိုင်ယာလက်စက်တစ်လုံးကို ချပေးပြီး ဖတပလ အဖွဲ့နှင့် ပုံမှန်ဆက်သွယ်မှု ရယူခဲ့လေသည်။
(ရဲဘော်မောင်ကြည်မှာ ဝင်းဂိတ် ထိုးဖောက်စစ်ဆင်ရေးတွင် ပင်လယ်ဘူးအနီး၌ အင်္ဂလိပ် တပ်များနှင့် ဘီဒီအေတပ်များ တိုက်ပွဲဖြစ်ပွားရာမှ သုံ့ပန်းအဖြစ်ဖမ်းမိသွားသော ဘီဒီအေတပ်မှ ရဲဘော်ဖြစ်သည်။ တပ်ဖွဲ့ ၁၃၆ ၏ အကူအညီဖြင့် ရဲဘော်မောင်ကြည်အား သုံ့ပန်းစခန်းမှ ခေါ်ယူလာပြီး ကိုသိန်းဖေက နိုင်ငံရေးသင်တန်းများပေးကာ စည်းရုံးထားခဲ့သည်။)
ဤသို့ဖြင့် တပ်ဖွဲ့ ၁၃၆သည် ကိုသိန်းဖေမှတဆင့် ဖတပလနှင့် ဆက်သွယ်မှုရရှိခဲ့သည်။
ဤအကြောင်းနှင့်ပတ်သက်၍ မောရစ်ကောလစ်က သူ၏ (Last and First in
[ဘက်တာစဘီသည် ဘုရင်ခံဒေါ်မန်စမစ်၏ ကိုယ်ရံတော်ဖြစ်သည်။ တပ်ဖွဲ့ ၁၃၆မှ တပ်ဖွဲ့ အရာရှိ။]
ကျွန်တော်တို့ အိန္ဒိယသို့ရောက်သောအခါ တပ်ဖွဲ့ ၁၃၆ က ကိုသိန်းဖေအား ဖတပလ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားနှင့်လေပြီ။ ကိုသိန်းဖေကို ဖက်ဆစ်ဆန့်ကျင်ရေး ခေါင်းဆောင်တစ်ယောက်အဖြစ် ဆက်ဆံနေလေပြီ။
ယခုအခါ တပ်ဖွဲ့ ၁၃၆ သည် ဖတပလနှင့် ဝါယာလက်မှတဆင့် တစ်ပတ်လျှင် နှစ်ကြိမ် ပုံမှန် ဆက်သွယ်မှု ရရှိနေပြီဖြစ်၏။ ဖတပလမှလည်း တပ်ဖွဲ့ ၁၃၆ နှင့် ကိုသိန်းဖေထံသို့ ဝါယာလက်ဖြင့် နာမည်ဝှက်နှင့် ဆက်သွယ်နိုင်ခဲ့ပြီ။ နာမည်ဝှက်မှာ ကေအဲလ်တီ (KLT) “ကြောင်လက်သည်း”ဟူ၍ ဖြစ်လေသည်။
(KLT) “ကြောင်လက်သည်း” ကား သခင်သန်းထွန်း ဖြစ်လေသည်။
ဆိုဗီယက်တပ်များနှင့် မဟာမိတ်တပ်ဖွဲ့များအောင်ပွဲခံနေ
၁၉၄၄ ခုနှစ် အကုန် ၄၅ နှစ်ဦးတွင် ကမ္ဘာ့စစ်မျက်နှာအသီးသီး၌ ဆိုဗီယက်တပ်များနှင့် အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်တပ်များသည် ဂျာမန်တပ်များအား ထိုးစစ်ကြီးများဆင်နွှဲကာ အောင်ပွဲ များရရှိနေသည်။
ဆိုဗီယက်၊ ဂျာမန်စစ်မျက်နှာတွင် ဆိုဗီယက်တပ်များက ထိုးစစ်ဆင်ပြီး ဆိုဗီယက်နယ်မြေ တစ်ခုလုံးမှ ဂျာမန်တပ်များကို အပြီးအပိုင် မောင်းထုတ်ခဲ့သည်။
ဆိုဗီယက်ပြည်သူတရပ်လုံးသည် နာဇီတို့၏ စိုးမိုးမှုအောက်မှ လုံးဝလွတ်မြောက်ခဲ့လေပြီ။
ဆိုဗီယက်တပ်များ၏ ထိုးစစ်နှင့်အတူ နာဇီတို့၏ ကျွန်ပြုမှုကိုခံနေရသော ဥရောပနိုင်ငံများမှ ပြည်သူတို့ကလည်း မိမိတို့တိုင်းပြည် လွတ်လပ်ရေးအတွက် နာဇီဂျာမနီတပ်များကို လက်နက်စွဲကိုင်၍ တော်လှန်တိုက်ခိုက်နေကြလေပြီ။
ဆိုဗီယက်ရုရှားကို နာဇီဂျာမနီတို့ စတင်တိုက်ခိုက်ချိန်မှာပင် ဆိုဗီယက်ခေါင်းဆောင် စတာလင်က မိမိတို့ဆင်နွှဲနေသော တိုင်းပြည်လွတ်မြောက်ရေးစစ်ပွဲကြီးသည် ဥရောပနှင့် အမေရိကန် ရှိပြည်သူများ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲများနှင့် ပူးပေါင်း ဆက်စပ်သွားလိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
စတာလင်ပြောခဲ့သည့်အတိုင်းပင် ယခုအခါ ဆိုဗီယက်တပ်များ၏ ထိုးစစ်နှင့်အတူ ဥရောပတွင် နာဇီတို့၏ ကျွန်ပြုခံနေရသော ပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးများကြောင့် ပိုလန်၊ ရူမေးနီး ယား၊ ဘူ(လ်)ဂေးရီးယား၊ ဟန်ဂေရီ၊ ယူဂိုစလားဘီးယား၊ အဲလ်ဘေးနီးယား၊ ဂရိ(စ်) စသော နိုင်ငံများ သည် နာဇီဂျာမနီတို့၏ လက်အောက်မှ လွတ်မြောက်လာခဲ့ကြလေပြီ။
ဥရောပစစ်မျက်နှာတွင်လည်းအင်္ဂလိပ်၊ အမေရိကန်မဟာမိတ်တပ်များသည် ဂျာမန်တပ်များ အားထိုးစစ်ဆင်တော့သည်။ ((စာမျက်နှာ - ၁၅၄ မှ ၁၅၅ ထိ) စာမျက်နှာ ပျက်သွားသည်။ဆက်လက် ဖော်ပြမည်)
Comments