ကလေး
နှင်းခါးမိုး
ဒီဇင်ဘာ ၆၊ ၂၀၀၈
နှင်းခါးမိုး
ဒီဇင်ဘာ ၆၊ ၂၀၀၈
၁။
ဘာသာဗေဒ
နှစ်ခွန်းဟတတ်၊ အားရအောင်ငို
ငိုတာစကား၊ ကလေးအားပဲ။
သေးပေါက်ချေးပါ
ဘယ်နှစ်ခါဖြစ်ဖြစ်
ချစ်တဲ့ အဖေ အမေ
နေအမှီ
ရေကြည်နဲ့ ဖွပ်ခဲ့။
မျက်တောင်လျှော့စင်း
သီချင်းပုခက်
လက်အားသာသာ၊ လွှဲရကြာ
ဒါ … ဘာလဲ
ရင်ထဲက မေတ္တာ။
ကြင်နာသမှု
အယုအယ၊ ဘ၀ပုံအပ်
မြတ်နိုးချစ်စိတ်၊ အိပ်မက်ပုလဲ
ရင်ထဲခွဲယူ၊ သူ …
အဖြူရောင်လေးပါပဲ။
၂။
မိဘမေတ္တာ
အာကာမြင်းမိုရ်၊ သိစေလို၍
ပွေ့ဖက်ကြင်နာ
မင်္ဂလာယူနေခြင်းကား မဟုတ်။
လက်လှုပ်ခြေကန်
ကလေးဟန်
သံစဉ်မဲ့တေးသွား
နှလုံးသားကို ကခုန်စေခဲ့တယ်။
အချစ်ရယ်
နောက် အနှစ် နှစ်ဆယ်ကြာယင်
ကမ္ဘာကြီးမှာ ကဗျာတပုဒ်
လှုပ်ရှား အသက်လာဦးတော့မယ်။
[ မူရင်း - ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၆ မေလ ]
Comments