အမေ လူထုဒေါ်အမာ ၉၃ နှစ်ပြည့် မွေးနေ့ မန္တလေးမှာ စည်ကားစွာ ကျင်းပ
မိုးမခ အထောက်တော် ၀၀၃
ဒီဇင်ဘာ ၁၊ ၂၀၀၈
မန္တလေးမြို့နဲ့ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ ကျက်သရေဆောင် အမျိုးသားစာဆို၊ စာရေးဆရာ၊ သတင်းစာ ဆရာမကြီး အမေလူထု ဒေါ်အမာရဲ့ ၉၃ နှစ်ပြည့် မွေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၉ နံက်ပိုင်းက မန္တလေးမြို့ စီဗွီလိုင်းရပ်၊ ၆၈ လမ်း၊ ၃၂ နှင့် ၃၃ လမ်းကြားမှာ ရှိတဲ့ မဟာဝိဇိတာရုံ ကျောင်းတိုက်က သာသနဟိတကာရီ ဓမ္မဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
ဆရာတော် သံဃာတော်များကို ဆွမ်းကပ်ခဲ့ပြီး အနယ်နယ် အရပ်ရပ်က ကြွရောက်လာကြတဲ့ စာပေအနုပညာရှင်တွေ၊ ဧည့်သည်တွေကို နံက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ အမေလူထုဒေါ်အမာ ကွယ်လွန်သွားခဲ့ပေမယ့် ကျန်ရစ်သူ မိသားစုများက အမေ့မွေးနေ့ကို ဆက်လက်ပြီး ကျင်းပပေးကြသလို အမေ့ကို လေးစားသူများကလည်း အမေ့မွေးနေ့ကို မပျက်မကွက် တက်ရောက်လာကြပါတယ်။
အမေ့မွေးနေ့ပွဲမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင်များဖြစ်ကြတဲ့ ဆရာ ကြည်အောင်၊ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာမောင်မိုးသူ၊ ဦးမိုးဟိန်း (သားဂျာနယ်ကျော်)၊ ဆူးငှက်၊ ကျော်ရင်မြင့်၊ မိချမ်းဝေ၊ သန်းမြင့်အောင်၊ မာန်မြင့်၊ မင်းထက်မောင်၊ ခက်မာ၊ မောင်သင်းပန်၊ ဇော်ခိုင်ဦး၊ မောင်နီဦး အစရှိတဲ့သူများ တက်ရောက်ကြတာကို တွေ့ရပါတယ်။
ကြွရောက်ကြသူများကို နံက်စာနဲ့ ဧည့်ခံအပြီးမှာ မြို့မတီးဝိုင်းက ဆရာ စန္ဒယား သိမ်းမောင်မှ စီစဉ်ဆောင်ရွက်ထားတဲ့ မဟာဂီတ စီဒီရွန်ကို ဖွင့်ပြ ရှင်းလင်းခဲ့ပါတယ်။ မဟာဂီတနဲ့ ပတ်သက်လို့ နှောင်းလူတွေကို နိုင်ငံတကာ ဂီတသင်္ကေတတွေနဲ့ ဖွင့်ဆိုရှင်းပြနိုင်ဖို့ အမေ လူထုဒေါ်အမာက ဆရာဦးသိမ်းမောင်ကို ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မဟာဂီတ စီဒီရွန်ကို အမေလူထုဒေါ်အမာ မတွေ့လိုက်ရပေမယ့် အမေ့မွေးနေ့မှာ အမှတ်တရ ဖွင့်ပြရှင်းလင်းခွင့်ရတဲ့အတွက် ၀မ်းသာမိကြောင်း ဆရာက ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို စာပေပညာရှင် ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး အမေ့အမှတ်တရ စကားဝိုင်းဖွဲ့ရင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
(ဓာတ်ပုံ - မိုးမခ)
Comments