Nay Zaw Naing's poem - 01

မြို့ပြဇာတ်
နေဇော်နိုင်
ဒီဇင်ဘာ ၂၆၊ ၂၀၀၈

မဖြစ်စလောက်
လရိပ်ကလေးက
မြေလမ်း ပိန်ခြောက်ခြောက်ကို
လမ်းလျှောက် သင်ပေးနေရဲ့။

အေးတိ အေးစက်
မျက်လုံးတွေ ရောက်လာကြပေါ့
တလုံးပြီးတလုံး
သစ်ပင်တွေနောက်မှာ ပုန်းလို့။

အညတရ မြက်တို့
လည်ပင်းကို တက်နင်းခံထားရ
ဆွံ့ အ သွားကြပြီ။

စကား တီးတိုး
ငှက်တွေ အိပ်ရာက လန့်နိုးကြ
ဟော
ညဟာ ကျောက်ရုပ်ဖြစ်သွားပေါ့။

[ မူရင်း - စာပေဂျာနယ်၊ ၁၉၉၅ မတ်လ ]

Comments