Decades-Long conflict (5)

သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၅)
အောင်သာငယ်
ဇန်န၀ါရီ ၁၉၊ ၂၀၀၉
ဒုတိယ အင်တီဖာဒါ လှုပ်ရှားမှု (၂၀၀၀)
၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ပါလက်စတိုင်းပြည်သူလူထုရဲ့ ဒုတိယအကြိမ်မြောက် အုံကြွမှုပဲ ဖြစ်ပါတယ်။ ယနေ့ထက်ထိ ဒီအုံကြွမှုရဲ့ အကျိုးဆက်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

ဂျူဒစ်ဇဲမ်နဲ့ အစ္စလာမ် ဘာသာတွေမှာ ဘာသာရေးအရ အရေးပါတဲ့ ဂျေရုဆလင် မြို့ဟောင်းမှာရှိတဲ့ Temple Mount ဆိုတဲ့ ဘုရားကျောင်းကို စက်တင်ဘာလ ၂၈ ရက်မှာ အစ္စရေးအတိုက်အခံ ခေါင်းဆောင် အေရီယယ်လ်ရှရွန် နဲ့ လီကွတ်ပါတီက ကိုယ်စားလှယ်တချို့ သွားရောက်လည်ပတ်ခဲ့တဲ့ အပေါ် အာရပ် ကမ္ဘာက မခံမရပ်နိုင် ဖြစ်ရာကနေ အုံကြွမှုတွေ ဖြစ်လာတဲ့ ဖြစ်စဉ်အပြင် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက် ကနေ ၂၅ ရက်ထိ ကျင်းပခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ဒေးဗစ်စခန်း ထိပ်သီးဆွေးနွေးပွဲကနေ PLO ရဲ့ခေါင်းဆောင် ယာဆာရာရာဖတ် ကျောခိုင်းထွက်လာတဲ့ ဖြစ်စဉ်ကလည်း ဒီ အဖြစ်အပျက်ကြီးကို ဖြစ်ပွား စေခဲ့တာ ဖြစ်ပါတယ်။

ဒီအုံကြွမှုမှာ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ပြည်သူလူထု ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပါလက်စတိုင်းပြည်သူလူထု ၅၀၀၀ နီးပါးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒုတိယ လက်ဘနွန်စစ်ပွဲ (၂၀၀၆)
ဒီစစ်ပွဲကို ဖြစ်စေခဲ့တဲ့ ဘက် နှစ်ဖက်ကတော့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဟက်ဇ်ဘိုလာ ပြည်သူ့စစ်တွေပဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ အစ္စရေးနယ်စပ်မြို့တွေမှာရှိတဲ့ စစ်စခန်းတွေကို ဟက်ဇ်ဘိုလာ ပြည်သူ့စစ်တွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ပြီး ပျောက်ကျားတပ်တွေနဲ့ အစ္စရေးတပ်ဖွဲ့တွေကို ဟက်ဇ်ဘိုလာ ပြည်သူ့စစ်တွေက စတင် တိုက်ခိုက်ခဲ့ပါတယ်။

မကြာခင်မှာပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံအတွင်းက စစ်ရေးအရ အချက်အချာကျတဲ့ တံတားတွေ အဆောက်အဦးတွေကို အမြောက်နဲ့ပစ် ဗုံးကြဲပြီး တိုက်ခိုက် ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်မှာတော့ ဆီးရီးယားနဲ့ အီရန်နိုင်ငံတွေက ကျောထောက်နောက်ခံပြုပေးထားပြီး လက်ဘနွန် နိုင်ငံက ဧည့်ခံပေးထားတဲ့ အကြမ်းဖက်သမားတွေကို အစ္စရေးနိုင်ငံက တိုက်ထုတ်မှာ ဖြစ်ပါတယ်၊ လက်ဘနွန် အစိုးရကိုတော့ တိုက်နေတာတော့ မဟုတ်ပါဘူး လို့ အစ္စရေး အစိုးရက တရားဝင် ကြေငြာချက် ထုတ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေကို လက်ခံထားတဲ့ လက်ဘနွန်အစိုးရသာ အရာရာ ကိစ္စအားလုံး အတွက် တာဝန် ရှိပါတယ် လို့လည်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။

စစ်ပွဲအတွင်း အပြစ်မဲ့ ပြည်သူလူထု များစွာ သေကြေခဲ့ရပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က သြဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၇၀၁) ထွက်ရှိလာပါတယ်။ နောက်တနေ့မှာ လက်ဘနွန်အစိုးရနဲ့ ဟက်ဇ်ဘိုလာက ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အစ္စရေးက ၁၃ ရက်နေ့မှာ လက်ခံခဲ့ပြီးတဲ့အခါ သြဂုတ်လ ၁၄ ၇က်နေ့မှာ အပစ်အခတ် ရပ်စဲရေး စတင်ခဲ့ ပါတယ်။ ဒီလိုနဲ့ စစ်ပွဲလည်း ပြီးဆုံးခဲ့ပါတယ်။

ဟားမတ်ဇ်
ဟားမတ်ဇ်ရဲ့ အဓိပ္ပာယ်ကတော့ အစ္စလမ်ခုခံရေးလှုပ်ရှားမှု (Islamic Resistance Movement) လို့ ဆိုပါတယ်။ ဟားမတ်ဇ်တွေဟာ ပါလက်စတိုင်း-ဆွန်နီမွတ်ဆလင်ပြည်သူ့စစ်တွေ ဖြစ်ပါတယ်။ လက်ရှိမှာ ပါလက်စတိုင်း အစိုးရအဖွဲ့မှာ နေရာအများဆုံး ရရှိထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဟားမတ်ဇ်ဟာ ၁၉၈၇ ခုနှစ် ပထမ အင်တီဖာဒါး လှုပ်ရှားမှုမှာ စတင် ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။ အသေခံ ဗုံးခွဲမှုတွေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုတွေကြောင့် နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။

ဟားမတ်ဇ်ရဲ့ ကြေညာချက်ကတော့ အစ္စရေးနိုင်ငံကို သိမ်းယူပြီး အစ္စရေးလို့ အမည်ရနေတဲ့ ဒေသမှာ ပါလက်စတိုင်း အစ္စလာမ်နိုင်ငံနဲ့ အစားထိုးရေးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂါဇာပဋိပက္ခ (၂၀၀၈-၂၀၀၉)
၂၀၀၈ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကုန်ဆုံးသွားတဲ့ ၆ လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ Operation Cast Lead လို့ ခေါ်တဲ့ စစ်ဆင်ရေးနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေက ဟားမတ်ဇ် တပ်ဖွဲ့တွေရှိရာ ဂါဇာဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲ ထားစဉ် ကာလတွေအတွင်းမှာ အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ မြို့တွေကို ဟားမတ်ဇ်တပ်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် နောင်ကို ဒီလို တိုက်ခိုက်မှုမျိုးတွေ နောက်ထပ် မဖြစ်အောင် ကာကွယ်ဖို့အတွက် ရည်ရွယ်တာလို့လည်း အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

စစ်ဆင်ရေးစတင်ပြီး ၄ မိနစ်အတွင်းမှာ အစ္စရေးလေတပ်က ဟမားဇ် အခြေခံစခန်းတွေ၊ လေ့ကျင့်ရေး ဌာနတွေ၊ ကွပ်ကဲရေးရုံးတွေ အပါအ၀င် ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လက်တွေ့မှာ ကလေးငယ်ပေါင်း ၄၀၀ ခန့်၊ အမျိုးသမီး တရာကျော် အပါအ၀င် အရပ်သား ၁၃၀၀ ကျော် သေဆုံးခဲ့ရတာပါပဲ။

ဗုံးကြဲတိုက်ခိုက်မှုများ အပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စရေး ကာကွယ်ရေးတပ်မတော်ရဲ့ မြေပြင် စစ်ဆင်ရေးက ဂါဇာဒေသကို ၃ ပိုင်းပိုင်းပြီး ထိန်းချုပ်ထားပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့မှာ ကမ္ဘာ့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် (၁၈၆၀)ကို ထုတ်ပြန်ပြီး အပစ်အခတ်ရပ်စဲဖို့နဲ့ အစ္စရေး တပ်တွေ ဂါဇာဒေသကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပါတယ်။ သို့သော်လည်း နှစ်ဖက်လုံးက ချက်ချင်း မလိုက်နာပါဘူး။ ၃ ပတ်အကြာမှာမ အပစ်အခတ် ရပ်စဲရေးကြေညာကြပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လူပေါင်းများစွာ သေကြေခဲ့ပြီးကြောင်းနဲ့ အများစုဟာ အပြစ်မဲ့ အရပ်သားတွေသာ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော်ပြောသွားခဲ့ပါပြီ။
ကုလသမဂ္ဂ၏ စာသင်ကျောင်းများလည်း အတိုက်ခိုက်ခံခဲ့ရပြီး အများအပြား သေဆုံးခဲ့သည်။

နိဂုံး
စစ်ပွဲတခုမှာ အသေအပျောက်ဆိုတာကတော့ ရှိကြစမြဲပါပဲ။ သို့သော်လည်း တိုက်ခိုက် နေကြတဲ့ နှစ်ဖက်က စစ်သည်တွေအစား စစ်ပွဲ ခင်းကျင်းရာ ဒေသမှာ နေထိုင်နေတဲ့ အပြစ်မဲ့တဲ့ ကလေးတွေ သေကြေနေကြတာကတော့ ကြေကွဲစရာကောင်းတဲ့ အဖြစ် အပျက်ပါပဲ။

အာရပ်-အစ္စရေးစစ်ပွဲကနေတဆင့် ဆက်စပ်စဉ်းစားမိတဲ့အခါ ကျနော်တို့ တိုင်းပြည်မှာလည်း အပြစ်မဲ့တဲ့ ကလေးတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ ဘယ်လောက် သေကြေခဲ့ကြပြီလည်း ဆိုတာ စဉ်းစားမိပါတယ်။ ဒီလို အဖြစ်အပျက်တွေကို ရပ်တန်းကရပ်အောင် ဘယ်လို လုပ်ဆောင်နိုင်ကြမလဲ။

အာရပ်-အစ္စရေး ပဋိပက္ခလို အားလုံး ဆက်စပ် ပတ်သက် ယှက်နွယ် ရှုပ်ထွေးနေတဲ့ ဖြစ်စဉ်တွေကို လေ့လာ သုံးသပ်ကြည့်ပြီးတဲ့အခါ ကျနော်တို့ နိုင်ငံအတွက် သင်ခန်းစာယူစရာ တခုခု ရှိမှာ သေချာပါတယ်။ ။

(ပြီးပါပြီ)

Comments