Win Pe Bag - 11

ဝင်းဖေလွယ်အိတ် အမှတ် ၁၁
ရုပ်ရှင် အကယ်ဒမီဆု
ဝင်းဖေ
ဇန်န၀ါရီ ၂၈၊ ၂၀၀၉


သောတရှင်များခင်ဗျား ၊

ပြီးခဲ့တဲ့အပတ်က စစ်အစိုးရရဲ့ ရုပ်ရှင်ဆင်ဆာ အကြောင်းတွေ ပြောရင်းနဲ့ဆက်ပြီး ဒီတပတ် ရုပ်ရှင် အကယ်ဒမီအကြောင်း တင်ပြချင်ပါတယ်။

ရုပ်ရှင် ပညာ ထူးချွန်ဆုတွေ နှစ်စဉ် ချီးမြှင့်ပေးတာဟာ အလွန်ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရုပ်ရှင် အနုပညာသည်တွေကလည်း ရုပ်ရှင် အကယ်ဒမီဆုကို မြတ်မြတ်နိုးနိုး တန်ဘိုးထား မျှော်လင့်ကြပါတယ်။ ရုပ်ရှင်ပညာ ထူးချွန်ဆု ရသူတွေဟာ ထိုက်ထိုက် တန်တန် ကြိုးစား အားထုတ် ရယူကြတာလည်း မှန်ပါတယ်။ တခါတလေ အကယ်ဒမီဆုပေးအဖွဲ့နဲ့ အများပြည်သူဆန္ဒ လွဲချော်တာမျိုးကလေးတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ အချိန်ကာလ ရောက်လာပြီ ဆိုရင် ရုပ်ရှင် လောကကြီး တခုလုံးနဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေဟာ စိတ်ဝင်တစား လှုပ်လှုပ်ရှားရှား တပျော်တပါး ရှိကြတာလည်း မှန်ပါတယ်။

ဆုပေးပွဲရောက်ပြီ ဆိုရင်လည်း ပြည်သူချစ်တဲ့ ရုပ်ရှင် အနုပညာသည်တွေ တနေရာတည်းမှာ တစုတစည်း တည်းဆုံကြမယ်၊ အကောင်းဆုံး အဝတ်အစားတွေနဲ့ အလှဆုံး အမြူးကြွဆုံး မြင်ကြရမယ် မဟုတ်လား။ ဒီသတင်းတွေကိုလည်း ရှိသမျှ မီဒီယာတွေမှာ ဖေါ်ပြကြပြီးတော့ တနိုင်ငံလုံးက စိတ်ဝင်တစား ဒီအကြောင်းတွေကိုပဲ ဆွေးနွေး ပြောဆိုကြမယ် မဟုတ်လား၊ အရေးအကြီးဆုံးက ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကို တနိုင်လုံးက သိပ်ပြီး စိတ်ဝင်စားကြတယ် ဆိုတဲ့ ကိစ္စတွေပါပဲ။

ဒီတော့စစ် အစိုးရ ဝါဒဖြန့်ချိရေး နဲ့စည်းရုံးသိမ်းသွင်းရေးက မျက်စေ့ ကျလာပြီပေါ့။ ပထမ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး ပေါ်လစီကားတွေကို နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရိုက်ကူး ထုတ်လုပ် ပြသမယ်။ အဲဒီကားတွေဟာ ရုပ်ရှင်ဖလင်နဲ့ ရိုက်ကူး ပြသတာဖြစ်မယ် ဆိုရင် ပါဝင် လုပ်ဆောင်ပေးကြတဲ့ အနုပညာသည်တွေကို ရုပ်ရှင် ပညာ ထူးချွန်ဆု အကယ်ဒမီ ပေးလို့ရပြီ။ သိပ် အရုပ်မဆိုးအောင် အနည်းနဲ့ အများ ထိန်းသိမ်းပြီး ဆုတွေ ပေးပါတော့တယ်။

ပထမတော့ ထိန်းထိန်းသိမ်းသိမ်းကလေး ရှိပါသေးတယ်။ နောက်ပိုင်းကျတော့ ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီကိုပဲ ဝါဒဖြန့်ချိရေး လက်နက်၊ စည်းရုံး သိမ်းသွင်းရေး လက်နက်အဖြစ် ထိထိရောက်ရောက် သုံးလာပါတော့တယ်။ စစ်အစိုးရ ဝါဒ ဖြန့်ချိရေး ကားတွေကို ရိုက်မပေးဘဲ ရှောင်နေကြတဲ့ ရုပ်ရှင် အနုပညာသည်တွေကိုလည်း အကယ်ဒမီဆုနဲ့ ဝေးသွားချင်သလား ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေနဲ့ ထိန်းချုပ်လာပါတော့တယ်။

အဲဒီလိုနဲ့ ရုပ်ရှင်အနုပညာ ထူးချွန်ဆု ဆိုတာရဲ့ ဂုဏ်သိက္ခာကို ထိပါး လာပါတော့တယ်။ ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီရယင်ဘဲ ရုပ်ရှင် အနုပညာ တကယ်ထူးချွန်လို့ မဟုတ်ဘဲ စစ်အစိုးရကို ဖားလို့ စစ်အစိုးရကို ပံ့ပိုးလို့ ဆုရတယ်လို့ မှတ်ချက်ပေးတာတွေ အတော်များလာပါတယ်။ ဒါမှမဟုတ် ဆုရတဲ့သူကို ဝါဒဖြန့်ချိရေးကားနဲ့ ရတာ ဟုတ်မဟုတ် စိစစ် တန်ဘိုးဖြတ်ကြတဲ့ အဆင့်ကို ရောက်လာပါတယ်။ တချို့ဆိုရင် စစ်အစိုးရ ဝါဒဖြန့် ကားတကား ထွက်တာနဲ့ အဲဒီကားထဲက ပညာသည်တွေကို ဆုရတော့မှာပဲလို့ တစ်ကြို ပေးနေကြတော့တာပါပဲ။

ဝါဒဖြန့်ကားနဲ့ ဆုရကြတဲ့ ပညာသည်တွေကလည်း ကိုယ့်အနုပညာနဲ့ကိုယ် ဆုနဲ့ ထိုက်တန်အောင် ကြိုးစားထားတာ အမှန်ဖြစ်ပေမဲ့ တကယ် ဆုရတဲ့အခါမှာ ခံတွင်းပျက်နေတတ်ကြပါတယ်။ ဝါဒဖြန့်ကားတွေကို ရှောင်ကြတဲ့ ရုပ်ရှင် အနုပညာသည်တွေမှာ အကြောင်းအမျိုးမျိုး ရှိပါတယ်။ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ရှောင်ကြတာတွေ ရှိသလို ပြည်သူလူထုက ဆန့်ကျင်နေတဲ့ စစ်အစိုးရ ဝါဒဖြန့်ချိရေးမှာ ပါဝင်မိရင် ပြည်သူလူထု ငြိုငြင်မှုရဲ့ အမုန်း ဒဏ်ကို ကြောက်လို့ ရှောင်ကြတာတွေလည်း ရှိပါတယ်။
အာဏာကို အသုံးပြုပြီး အကူ အညီ တောင်းတာကို မနှစ်မြို့လို့ ရှောင်ကြတာရှိသလို အလကားမတ်တင်းနဲ့ လုပ်မပေးနိုင်လို့ ရှောင်ကြတာတွေလည်း ရှိပါတယ်။ တချို့ ပညာသည်တွေဆိုရင် ဝါဒဖြန့်ကားထဲမှာကိုပဲ ပြည်သူ့ချဉ်ဖတ် နေရာမှာ တာဝန်ယူမိရာက နောက်ပိုင်း ရုပ်ရှင်လောကတခုလုံးက ဝိုင်းပယ်ပြီး သုံးမယ့်သူ မရှိတော့လို့ ထမင်းအိုး ကွဲရတဲ့အဖြစ်တွေအထိ ခံကြရရှာပါတယ်။

ဒါဟာ ရုပ်ရှင် အနုပညာနယ်ပယ် တခုတည်းမှာတင် မဟုတ်ပါဘူး။ တခြား အနုပညာ နယ်ပယ်တွေမှာလည်း စစ်အစိုးရရဲ့ လုပ်ဖော်ကိုက်ဘက် ကြံရာပါလို ဖြစ်သွားရင် ဂုဏ်သိက္ခာ ထိပါးကုန်ပါတယ်။ လျှမ်းလျှမ်းတောက် နာမည်ကြီး စာရေးဆရာကြီးတွေတောင် စစ်အစိုးရနဲ့ ပလူးပလဲ လုပ်တယ်လို့ ပြည်သူလူထုက မြင်သွားတာနဲ့ သိက္ခာရော ရှင်သန် ရပ်တည်မှုရော ထိုးကျသွားတာကို အများကြီး တွေ့နေရပါတယ်။ တကယ့်နာမည်ကြီး ဂီတပညာရှင် အဆိုတော်တွေလည်း အစိုးရ ပေါ်လစီသီချင်း ဆိုပေးမိလို့ ပြည်သူလူထုရဲ့ အငြိုအငြင် ခံရပြီး သူ့ကိုယ်ပိုင် ရပ်တည်မှု သိသိ သာသာကြီး ယိမ်းယိုင်သွားတာမျိုးတွေလည်း သိမြင်နေကြရတာပါပဲ။

တကယ်ကတော့ နိုင်ငံတော်အစိုးရတခုမှာ ထိုက်တန်တဲ့ သိက္ခာ ရှိနေတာ မှန်ရင် နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တယ်၊ နီးစပ်တယ် ဆိုတဲ့ ကိစ္စဟာ ဂုဏ်တက်ကြရမယ့် ကိစ္စပါ၊ နိုင်ငံတော် အစိုးရအဖွဲ့က ချီးမြှင့်တဲ့ ဆုတွေ ဘာတွေ ရကြတယ် ဆိုတာဟာ အလွန် ကြက်သရေ မင်္ဂလာနဲ့ ပြည့်စုံကြရမှာပါ။ မြန်မာ စစ်အစိုးရ အာဏာပိုင်များ အနေနဲ့ အလေးအနက် ထားပြီး စဉ်းစားချိန် တန်ပါပြီ။

အလေးအနက် စဉ်းစားနေတာပါပဲ ဆိုရင်လည်း စဉ်းစားပုံ စဉ်းစားနည်း မှားနေတာလည်း ဖြစ်နိုင်ပါတယ်။ အနုပညာ ထူးချွန်ဆုတွေကိုလည်း စစ်လက်နက်ပစ္စည်းတွေအဖြစ် သုံးနေရတာ အလွန် စိတ်ပျက်စရာ ကောင်းမှန်း သိသိကြီးနဲ့ လုပ်နေကြရတယ်လို့ ပြည်သူ လူထုက နားလည်နေကြပါတယ်။ မြန်မာ အနုပညာသည်တွေရဲ့ လောကမှာ သန့်သန့် ရှင်းရှင်း ကြည်ကြည် လင်လင် လန်းလန်း ဆန်းဆန်းနဲ့ ရှင်သန် တိုးတက်ခွင့် ပေးဖို့ အချိန်တန်ပါပြီ။ စစ်အာဏာရှင်များ အနေနဲ့ ပြဿနာ အရင်းအမြစ်တွေကို တကယ် မြင်နိုင်စွမ်းရှိတဲ့ ဉာဏ်အလင်း ပွင့်လာပြီး အမြန်ဆုံး ပြုပြင်နိုင်ကြပါစေ။

ကျန်းမာ ချမ်းသာကြပါစေ။ ကျနော်ဝင်းဖေပါ။ ။

[ မူရင်း - ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]

Comments