Zarganar Returns - Thee Lay Thee Performace in LA on January 06, 2009 Get link Facebook X Pinterest Email Other Apps ဇာဂနာ ပြန်လာတဲ့ည … သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်ပွဲ မိုးမခ ဇန်န၀ါရီ ၅၊ ၂၀၀၉ အမေရိကန်ကို အငြိမ့်ပွဲစဉ်များကပြရန် ရောက်ရှိလာတဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ရဲ့ ပွဲဦးထွက် ပွဲတော်ကို လော့အိန်ဂျလိစ်မှာ ယမန်နေ့က ကျင်းပခဲ့ပါတယ်။ အယ်လ်အေ သြဂနိုက်ဇာ၊ မန္တလေးဂေဇက်အဖွဲ့နဲ့ အယ်လ်အေရောက် မြန်မာမိသားစုများက ၀ိုင်းဝန်းကမကထပြုကြတဲ့ပွဲ ဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ထက်သန်သူ မြန်မာမိသားစုများ တက်ရောက်အားပေးကြတဲ့အတွက် ကပွဲခန်းမကြီးတခုလုံး ပြည့်ခဲ့တယ်လို့ ဆိုပါတယ်။လက်မှတ်ရောင်းရငွေများ၊ ရန်ပုံငွေ အစားအသောက်နဲ့ သီးလေးသီး ဒီဗီဒီ ရောင်းရငွေများအားလုံးကို သီးလေးသီးအဖွဲ့ ပွဲစဉ်များ အောင်မြင်စွာဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်သူများနှင့်တကွ ရွှေပွဲလာပရိသတ်အားလုံးက စေတနာအပြည့်နဲ့ လှူဒါန်းကူညီတဲ့ပွဲတော်တခုအဖြစ် တွေ့ရပါတယ်။ သီးလေးသီးအဖွဲ့သားများက အမျိုးသားရေးကို ထုတ်ဖော်တဲ့၊ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေများကို ထင်ဟတ်ဝေဖန်တဲ့ ပြက်လုံးများ၊ ကဇာတ်များနဲ့ ကပြခဲ့တဲ့အပြင် သူတို့ရဲ့ အနုပညာဆရာ၊ ထူထောင်သူ၊ ဦးဆောင်ပေးသူ လူရွှင်တော် အနုပညာရှင် ကိုဇာဂနာ့ကို အထူးသတိတရ ထုတ်ဖော်ပြောဆိုပြီး ဂုဏ်ယူစွာ တိုင်တည်ရင်း၊ ကျေးဇူးစကားဆိုရင်း စင်ပေါ်ကနေ သူလက်ဆင့်ကမ်းပေးခဲ့တဲ့ ပြက်လုံးများ၊ သီချင်းများကို ကပြခဲ့တာကို ပရိသတ်က အားပါးတရ အားပေးကြတာကို တွေ့ရပါတယ်။ ယခုအချိန်မှာ မြန်မာပြည်တွင်းမှာ ထောင်နဲ့ချီသော နိုင်ငံရေးအကျဉ်းသားများနဲ့အတူ ကိုဇာဂနာဟာ ထောင်ဒဏ် ၅၉ နှစ် ကျခံနေရပေမယ့်၊ ကိုဇာဂနာရဲ့ သြဇာနဲ့ အနုပညာတွေဟာ အချုပ်အနှောင် အတားအဆီးမဲ့စွာ နိုင်ငံတကာမှာ လွတ်လပ်စွာ လွင့်ပျံ့ ခရီးပေါက်နေတာကို တွေ့နေရပါတယ်။ မြန်မာအမျိုးသားများကလည်း သီးလေးသီးနဲ့ ဆေးရောင်စုံအဖွဲ့ကို ဇာဂနာ့ ကိုယ်စား ခေတ်ရဲ့ ကြေးမုံသဖွယ် အားပေးကြပါတယ်။ အဲဒီပွဲတော်ဟာ ကိုဇာဂနာ ပြန်လာတဲ့ည တညပဲ။ ဒီလိုပဲ ဖြစ်လာရတော့မယ် … လို့ ထင်မြင်ကြောင်း မှတ်ချက်ပေးလိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံရောက်ရှိနေတဲ့ ကိုဇာဂနာ့ ပါရမီဖြည့်ဖက် မလွင်မာဦးနဲ့ သမီး ငယ်ဦးမွန်တို့ကို သီးလေးသီးပွဲကြည့် ပရိသတ်ထဲမှာ တွေ့ခဲ့ရပါတယ်။ သားဖြစ်သူ မြတ်ကောင်းကတော့ နယူးယောက်မှာ ရှိနေတယ်လို့ သိရပါတယ်။ Comments
Comments