Burmese ex-Premier U NU passing marked 14 years

မြန်မာပြည်၏ နောက်ဆုံး ပါလီမန်ဒီမိုကရေစီ ၀န်ကြီးချုပ်ဟောင်း ဦးနု ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်

ဆွမ်းကျွေးဖိတ်စာတွင် ဆဋ္ဌသံဂါယနာ ပဓာန သာသနာ့ ဒါယကာကြီး ဟု ဖော်ပြထား

မိုးမခ အထောက်တော် ၀၀၃

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉

ယနေ့ ရန်ကုန်မြို့၊ ပဏ္ဏိတာရမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာတွင် ကျန်ရစ်သူ သမီး သန်းသန်းနုနှင့် ဦးနုတပည့်များက ၁၉၆၂ မတိုင်မီ ၀န်ကြီးချုပ်ဟောင်း၊ ၁၉၈၈ အရေးအခင်းကာလက ကြားဖြတ်အစိုးရ ကြေညာခဲ့သူ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏ နယကကြီးဖြစ်သူ ဦးနု ကွယ်လွန်ခြင်း ၁၄ နှစ် ပြည့် ဆွမ်းကျွေး အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာတရားကို ကိုင်းရှိုင်းသူ၊ သာသနာပြုသူဟုလည်း ခံယူသူ ဦးနု၏ ကွယ်လွန်ခြင်း ၁၄ နှစ် ဖိတ်ကြားလွှာတွင် ဆဋ္ဌသံဂါယနာ ပဓာန သာသနာ့ ဒါယကာကြီး ဦးနုဟု အထူးပြုပြီး ဖိတ်ကြားထားသည်။

ဆွမ်းကျွေးသို့ နိုင်ငံရေးနှင့် စာနယ်ဇင်း နယ်ပယ်မှ မိတ်ဆွေများနှင့် မိသားစုများ တက်ရောက်ကြသည်။ ဆရာဦးဝင်းတင်၊ ဆရာဒဂုန်တာရာတို့လည်း လာရောက်ကြကြောင်း သိရသည်။

“သူ့ဆီက အာဏာကို သိမ်းခဲ့တဲ့ စစ်ဗိုလ်တွေ၊ ဗိုလ်ချုပ်တွေနဲ့ ဦးနုဟာ တလျောက်လုံး ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ အာဏာကိုမက်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ နောက်ဆုံးမှာ တိုင်းပြည်က အထွတ်အမြတ်ထားတဲ့ သံဃာတော်တွေကို သတ်ဖြတ်ခဲ့တယ်။ အာဏာကို နည်းမျိုးစုံနဲ့ ဖက်တွယ်တဲ့သူတွေက သူတို့ကို သူတို့ သမ္မတတို့၊ ၀န်ကြီးချုပ်တို့၊ ဗိုလ်ချုပ်မှူးကြီးတို့ ဘယ်လိုပဲ အမည်နာမတွေ ကိုယ့်ဖာသာ အတင်းသတ်မှတ်လို့ ရချင်ရမယ်။ ဒါပေမယ့် ဦးနုလိုတော့ သမိုင်းမှာ သာသနာပြုတဲ့ ခေါင်းဆောင်တဦးအဖြစ်ကို သူတို့ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကို ထင်ရှားစေတဲ့သဘောပဲ”

ဟု စာပေပညာရှင်တဦးက ထင်မြင်ချက်ကို ထုတ်ဖော်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဦးနု၏ နှစ် ၁၀၀ ပြည့် မွေးနေ့ကို မိသားစုများက ကျင်းပခဲ့သည်။

Comments