Maung Yit - How To Face Economy Distaster, which way

စီးပွားပျက်ရာ ထန်းလက်နဲ့ကာ

မောင်ရစ်

ဖေဖော်ဝါရီ ၅၊ ၂၀၀၉

အမေရိကန်နဲ့ ကမ္ဘာတ၀ှမ်းမှာ စီးပွားပျက်ကပ်ဆိုက် (သကဲ့သို့) နေချိန်မှာ အစိုးရတွေသာမက လုပ်ငန်းရှင်တွေ၊ ကော်ပိုရေးရှင်းကြီးတွေက အရေးယူ စီမံချက်တွေ ဆောင်ရွက်နေကြပါတယ်။ အထင်ရှားဆုံး အရေးယူဆောင်ရွက်ချက်တွေက ဒေ၀ါလီခံခြင်း၊ အစိုးရထံ လက်ဖြန့်ခြင်း၊ အလုပ်များ ရုတ်သိမ်းခြင်းနဲ့ အလုပ်သမားများ လျော့ချခြင်းတို့ပဲ ဖြစ်ပါတယ်။

အခုတလော နိုင်ငံတကာကလူတွေ အစိုးရတွေ လုပ်ငန်းရှင်တွေအားလုံး ၀ိုင်းပြီး မော့ကြည့်နေကြတာက အမေရိကန်သမ္မတသစ်နဲ့ အစိုးရအဖွဲ့ရဲ့ အရေးယူ ဆောင်ရွက်ချက်တွေကိုပဲ ဖြစ်ပါတယ်။ သူတို့ ဘယ်လိုများ ဆောင်ရွက်ကြပါလိမ့်မလဲ လို့ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပြည်နယ်အစိုးရတွေကိုယ်တိုင်က ဗဟို (ဖက်ဒရယ်)က ဘယ်လိုများ ဆောင်ရွက်ကူညီမှု လမ်းညွှန်မှုတွေ ပေးမှာလိမ့်မလဲ ဆိုပြီး လုပ်လက်စတွေ၊ သုံးလက်စ စရိတ်တွေက ခေတ္တရပ်ပြီး စောင့်နေကြတာတွေ့ရပါတယ်။

အိုဘားမား အစိုးရအဖွဲ့က ကူငွေ၊ ထောက်ပံ့ငွေ၊ ချေးငွေ စတာတွေ ဘီလျံ ရာချီပြီးတော့ ဘဏ်တွေ၊ လုပ်ငန်းတွေနဲ့ ပြည်သူတွေဆီကို ပေးဖို့ပြင်၊ ပေးလည်းပေး၊ စာရင်းတွေလည်း ချ လုပ်ပေးနေပါတယ်။ အဲဒီမှာ သူတို့အစိုးရဖက်က ပြည်သူကို တိုက်တွန်းတဲ့ စကား ၃ ခွန်းကိုပဲ ပြောချင်ပါတယ်။

ပထမက ချွေတာဖို့ - ဒုတိယက စိစစ်ဖို့ နဲ့ တတိယက မျှဝေခံစားကြဖို့ ဖြစ်ပါတယ်။

အသုံးအဖြုံးကြီးတဲ့ အမေရိကန်တွေကို ချွေတာကြဖို့ ပြောပါတယ်။ အသုံးစာရိတ်တွေကို လျော့ချခိုင်းတာပါ။ ဒါ့အပြင် ရေရှည်အတွက် လောင်စာ၊ လျပ်စစ်၊ ဓာတ်ဆီ၊ ရေ စသည်တို့ကိုပါ ချွေတာကြဖို့ကိုပါ ပြင်ဆင်ခိုင်းတာ ဖြစ်ပါတယ်။

စိစစ်ဖို့ကတော့ အသုံးတွေ တလကြမ်း လျော့ကြ၊ ချွေတာကြတာမျိုးကို အလွန်အကျွံ မလုပ်ဖို့၊ ပြီးတော့ အစိုးရက အထောက်အပံ့တွေ ကူငွေတွေ လက်ခံ ရယူထားကြတဲ့ ကုမ္ပဏီကြီးတွေ၊ ပုဂ္ဂိုလ်ကြီး ငယ်တွေရဲ့ အသုံးတွေကို စီစစ်ကြဖို့၊ ၀ိုင်းဝန်း စောင့်ကြည့်ကြဖို့ကိုလည်း တိုက်တွန်း နိုးဆော်ထားပါတယ်။

နောက်ဆုံးတခုကတော့ မျှဝေခံစားကြဖို့ ဖြစ်ပါတယ်။ ဒုက္ခ သုခတွေကို နိုင်ငံသားတွေ အားလုံး လက်တွဲပြီး ခံစားကြဖို့ကို ပြောတာပါ။ ဒီနိုင်ငံက ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်ကောင်းကိုယ်စံ၊ တသီးပုဂ္ဂလ ဖြစ်လွန်းတော့ ဒီလိုအချိန်ကာလမှာ သူတို့တတွေ ၀န်နဲ့အားကို ၀ိုင်းဝန်းမျှခံကြဖို့၊ ကိုယ့်မှာရှိတဲ့ မုန့်တယှက်ထဲက တဖဲ့ကို လိုအပ်နေသူတွေကို ဝေပေးဖို့ကို တိုက်တွန်းတာဖြစ်ပါတယ်။ အလုပ်လုံးဝ ပြုတ်သွားမယ့်အစား အလုပ်ချိန်လျော့၊ လုပ်ခံလျော့ပြီး ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်လူမှုအသိုင်းအ၀ိုင်းကို ကျားကန် ထိမ်းသိမ်းဖို့ ဖြစ်ပါတယ်။

အစိုးရအသစ်က "ဗော်လံတီယာ" ဆိုတဲ့ ဆောင်ပုဒ်ကို ထုတ်ပေးပါတယ်။ စေတနာဝန်ထမ်း ၀ိုင်းဝန်းကြဖို့ပါ။ လူငယ်တွေ၊ ကလေးတွေ၊ မိသားစုတွေနဲ့ လူ့အဖွဲ့အစည်းတွေက တပိုင်တနိုင် ပတ်ဝန်းကျင်အကျိုးစီးပွားကို ရွက်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ပေးမှ ကျွေးမှ ဆိုပြီး လက်ဖြန့်နေမည့်အစား ရှိတာလေးနဲ့ ခွဲဝေပြီး စေတနာဝန်ထမ်းဆောင်ရွက်ပေးကြဖို့ကို အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။

စီးပွားပျက်ရာ ထန်းလက်နဲ့ကာလို့ ပညာရှိကြီးများအချို့က ပြောချင်လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် လူထုတဦးချင်းစီရဲ့ မဲတပြားစီကို တန်ဖိုးထားပြီး နိုင်ငံသား လူငယ်၊ လူကြီးတိုင်းကို မဲရုံကို ဆွဲခေါ်ပြီး အဲဒီ အများဆန္ဒ မဲဆန္ဒ စနစ်နဲ့ တက်လာတဲ့ နိုင်ငံခေါင်းဆောင်တဦးက နိုင်ငံသား တဦးချင်းစီကို သင့်မြတ်တဲ့ လမ်းညွှန်စကား ပြန်ကြားပေးတာကိုတော့ အသိအမှတ်ပြုရပေလိမ့်မယ်။

ထုံးစံအတိုင်း နိုင်ငံရေး စင်မြင့်၊ စီးပွားရေး၊ လွှတ်တော်၊ ဆီးနိတ်၊ အစိုးရ၊ နိုင်ငံတကာ၊ ဘာ ဘာ ညာညာ အသိုင်းအ၀ိုင်း၊ စည်းကမ်း၊ နည်းလမ်း၊ ဥပဒေ၊ ပေါ်လစီ စသည့် လူပိန်းနားမလည်တဲ့ မျက်နှာစာတွေက လုပ်ငန်းဆောင်တာတွေလည်း သူတို့ လုပ်ပါလိမ့်မယ်။ တီဗီ ရေဒီယို သတင်းစာတွေ ကတဆင့် ပရိသတ်က ဆက်လက် ရှုစားကြတာပေါ့နော်။

အော် ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အမေရိကန်ရဲ့ ဟိုဖက်တခြမ်းက မြန်မာပြည် စစ်အစိုးရကတော့ သူတို့ရဲ့ ချွတ်ခြုံကျ နိုင်ငံတော်အဖြစ်က လွတ်မြောက်နိုင်ဖို့အတွက် ကုလသမဂ္ဂကြီးကို တောင်းဆိုလိုက်တာက - စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဗီဇာပိတ်ဆို့မှုတွေ၊ ငွေကြေးပိတ်ဆို့မှုတွေကို ဖွင့်ပေးပါတဲ့ ခင်ဗျာ။

နာဂစ်ဆိုင်ကလုံး ကပ်ဘေးကြီး ဆိုက်စဉ်က အဆီးအတားမရှိ တလဟောဝင်လာတဲ့ နိုင်ငံတကာရဲ့ ငွေကြေး၊ ရိက္ခာ အကူအညီ အထောက်အပံ့တွေကို ပြန်ပြီးတော့ "ပိတ်ဆို့အရေးယူ" ခဲ့သူ၊ တိုင်းပြည်ရဲ့ အထွေထွေ အကြပ်အတည်းကြီးကို ထောက်ပြပြီး ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ် ဆန္ဒပြုတဲ့ ရဟန်းသံဃာနဲ့ ပြည်သူတွေကို ဖမ်းဆီး နှိမ်နှင်းခဲ့သူ၊ ဒုက္ခရောက်နေသူတွေကို စေတနာ့ဝန်ထမ်း ကူညီဖေးမသူတွေ၊ မတရားမှုတွေကို ဖော်ထုတ် ထောက်ပြသူတွေကို ထောင်ဒဏ် အနှစ် ၆၀ ကျော် ချမှတ်ခဲ့သူ ခင်ဗျားတို့ ကျနော်တို့ရဲ့ စစ်အစိုးရကြီးက အဲသည်လို တောင်းဆိုလိုက်တော့ စီးပွားပျက်ကပ် ၀ဲသြဃထဲ တ၀ဲလည်လည်ဖြစ်နေသူများခင်ဗျာ စစ်အစိုးရထံက နမူနာ ဘာယူရမှန်းတောင် မသိတော့ဘူးလို့ ဆိုရမလိုပါ။

အိုဘားမားက သူ့တိုင်းသူပြည်သားများအတွက် မှာတဲ့စကားတွေပဲ တပ်မတော်ကြီးကို လက်ဆောင်ပေးချင်ပါတယ်။ နံပါတ် ၁ က ချွေတာပါခင်ဗျား။ ကျည်ဆံတွေ၊ ထောင်ဒဏ်တွေ၊ ရက်စက် ညှင်းပန်းမှုတွေကို ချွေတာပါခင်ဗျား။ အဲ နံပါတ် ၂ က စိစစ်ပါခင်ဗျား။ ကိုယ့်လုပ်ရပ်တွေကို ပြန်လည် စိစစ်ပြီး ဘေးက ပြောလာ ထောက်ပြလာတာကို နားထောင်လိုက်နာ လုပ်ကိုင်ကြည့်ပါဦး ခင်ဗျား။ ပြီးတော့ မျှဝေခံစားကြပါဦး ခင်ဗျား။ အာဏာတွေ၊ ပါဝါတွေကို အတင်းအကြပ် ဖက်တွယ်ထားပြီး ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ စိတ်ထားကနေ စေတနာကလေး ထားပြီး မတူတဲ့သူတွေ အတူယှဉ်တွဲ လုပ်ကိုင်ရေးကို ဦးတည်ကြည့်ပါဦးခင်ဗျား။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားတွေကတော့ တတိုင်းပြည်သားချင်း၊ တမျိုးသားချင်း ဆိုတဲ့ စိတ်ထားနဲ့ ရီပတ်ဘလီကင်၊ ဒီမိုကရက်၊ လူဖြူ၊ လူမည်း၊ လူဝါ၊ မခွဲခြားဘဲ ဒီစီးပွားပျက်ကပ်ထဲ အတူတကွ ခါးစည်းပြီး ခံနေကြတာပါပဲ။ တိုင်းပြည်ရဲ့ မျက်နှာတခုတည်းကို ကြည့်လိုက်တဲ့အခါ တိုင်းသူ ပြည်သား အားလုံးဟာ မိတ်ဆွေတွေပါ။ ရန်သူဆိုတာ သူတို့မှာ မရှိပါ။

Comments