![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVvExZktFW1mSaSi78gesuu1OJoBUenlV1T0HFAqUZ2fUFRxtrgW4G9tymeHxrpfhIgTDLwUqAccHhZAdUXcXInwh7lDIU3IOJfn11Yh8f5vIFkvo_qNIk3NNZ71Lo3vwJPn0Kxvfpyoo/s320/U+Tin+Oo148.jpg)
ဗိုလ်ချုပ်ကြီး သူရတင်ဦး၏ တပ်မတော် အတွင်းမှ ဘ၀ကောက်ကြောင်း
ကောက်နုတ်ချက် - ကိုဖိုးတရုတ်ဘလော့က ကူးယူသည်
မတ် ၁၂၊ ၂၀၀၉
၁၉၂၇ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ပုသိမ်မြို့တွင် မွေးဖွားခဲ့ပါတယ်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှာ ဆယ်တန်းအောင်သည်အထိ ပညာ သင်ကြားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် အသက် ၁၆ နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ ) တွင် တပ်သား အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်းမှာ ဗိုလ်လောင်းအဖြစ် အသက် (၁၇)နှစ် အရွယ်မှာ တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ကြည်း (၃၆၅၁) ဒုဗိုလ်အဆင့်နဲ့ ပြန်တမ်းဝင် အရာရှိ အဖြစ်စတင်ခန့်အပ်ခံရပါတယ်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာဘဲ ဗိုလ်ဖြစ်လာခဲ့ပြီး ၁၉၄၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ လက်နက်ကိုင်တပ်များ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်တွေမှာ စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေး ကိုလည်း ဆင်နွှဲခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးသူရတင်ဦးဟာ ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတဦး ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁)မှာ တပ်ခွဲမှူးအဖြစ် ၁၉၄၉ခု ဇွန်၂၂ ရက်နေ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၀ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှာပင် ဗိုလ်မှူးအဆင့်နှင့် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပါတယ်။ ထိုတပ်ရင်းမှာပင် ၁၉၅၁ခု နိုဝင်ဘာ၂၇ရက်နေ့တွင် တပ်ရင်းမှူး ဖြစ်လာပါတယ်။ ထို့နောက် ၁၉၅၄ခု ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့် ရရှိခဲ့ပါတယ်။ ၁၉၅၇ခု မေလ၃၀ ရက်နေ့တွင် အမှတ် (၄) ခြေလျင် တပ်ရင်း တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံခဲ့ပါတယ်။
၁၉၅၇ခု စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၅၈ခုတွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် တိုင်းမင်းကြီး ဖြစ်လာပြီး ၁၉၆၀-၆၁ ခုတွင် အမှတ်(၁၃) တပ်မဟာမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ကာ ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့ပါတယ်။ ၁၉၆၁-၆၂တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပါတယ်။ ၁၉၆၃ခု ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ခံရပြီး နောက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို ပေးအပ်ခြင်း ခံရပါတယ်။ ၄င်းမှတဆင့် ၁၉၆၄ ခု စက်တင်ဘာ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။
၁၉၇၂ ခု ဧပြီလ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ စစ်တပ်ရဲ့ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်တဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရချိန်မှာ သူ့ရဲ့အသက်ဟာ ၄၅နှစ်သာ ရှိသေးလို့ တပ်မတော်ရဲ့ အသက် အငယ်ဆုံး ဗိုလ်ချုပ်တွေထဲမှာ တစ်ဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ၁၉၇၄ခုမတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ တိုက်ပွဲတွေမှာ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့တဲ့အတွက် “သူရဘွဲ့”ကိုလည်း ရရှိခဲ့ပါတယ်။
နောက်ရက်တွေမှာ စိတ်ဝင်စားဖွယ်ရာ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ ဘ၀ အတွေ့အကြုံတွေကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။
http://photayokeking.myanmarbloggers.org/2009/03/nld.html
သရုပ်ဖော် - မင်းကျော်ခိုင်
Comments