NLD MP U Maung Maung Latt passed away



အင်န်အယ်ဒီပါတီ၏ သာကေတ (၁) မဲဆန္ဒနယ်အမတ်

ဦးမောင်မောင်လတ် (ခ) ဒေါက်တာလှိုင်နီ ရက်လည်ဆွမ်းသွပ်

မိုးမခအထောက်တော် (ရန်ကုန်)

မတ် ၁၊ ၂၀၀၉

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြော ကုသဆောင်မှာ ၁နှစ်နဲ့ ၉ လကြာ ဆေးကုသမှု ခံယူခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက် (၂၀၀၉) တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့တဲ့ အင်န်အယ်ဒီပါတီ သာကေတ (၁) မဲဆန္ဒနယ်အမတ် ဦးမောင်မောင်လတ် (ခ) ဒေါက်တာလှိုင်နီ၊ အသက် ၅၉ နှစ်ရဲ့ ဈာပနကို ဖေဖော်ဝါရီ ၂၄ နံနက် ၁၀ နာရီက ရေဝေးသုဿန်မှာ သင်္ဂြိုလ်ပြီးစီးခဲ့ပါတယ်။


ဒေါက်တာလှိုင်နီရဲ့ ရက်လည်ဆွမ်းကျွေး တရားနာ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈၊ (၂၀၀၉) စနေနေ့က သာကေတမြို့နယ် ဇနီး ဒေါ်ရင်မြ (ခ) ဒေါ်ခင်လှလှ နေအိမ်မှာ ပြုလုပ်ခဲ့ပြီး ပါတီအဖွဲ့ဝင်များ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ မိတ်ဆွေများ တက်ရောက်ခံကြပါတယ်။

ဒေါက်တာလှိုင်နီဟာ သြဂုတ်လ ၉ ရက်၊ ၁၉၅၀ ခု ဖွား၊ ပျဉ်းမနားဇာတိ၊ အဖ ဦးလှမြိုင် (ရဲဘော်သုံးကျိပ် ဗိုလ်ရန်အောင်)၊ အမိ ဒေါ်လှိုင်လှိုင်တို့ရဲ့သား၊ အထက (၃) ဗိုလ်တထောင်က ဆယ်တန်းအောင်ပြီး၊ ဆေး (၁) က ၁၉၇၇ မှာ ဆရာဝန်ဘွဲ့ရခဲ့ပါတယ်။ ဆေးကျောင်းသားဘ၀ ကျွန်းဆွယ်အရေးအခင်းနဲ့ ဦးသန့်အရေးအခင်းတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၈၈ အရေးအခင်းကာလမှာ “မာဃလုလင်” တရားမ၀င်စာစောင် ထုတ်ဝေခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီ) ဖွဲ့စည်းခါကကတည်းက ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ သာကေတ (၁) မဲဆန္ဒနယ်မှ အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။


စက်တင်ဘာ ၃၀၊ ၁၉၉၀ နေ့၊ မန္တလေးအနောက်တောင်မြို့နယ် အင်န်အယ်ဒီရုံးမှာ ပြုလုပ်ခဲ့တဲ့ စင်ပြိုင်အစိုးရဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကာ ပုဒ်မ ၁၂၂ (၁)နဲ့ ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပါတယ်။


ဒေါက်တာလှိုင်နီ ကွယ်လွန်ချိန်မှာ မသက်ထားအောင်၊ ကိုရန်မျိုးအောင်+မမိုးသူဇာ၊ ဒေါက်တာဟန်မင်းအောင်+မစောမြတ်စန္ဒာဝင်း၊ မသက်ထားနွယ်ဝင်း၊ မောင်ရဲဇာနည်အောင် (ခ) ဖိုးချစ် နဲ့ မြေး ၃ ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရှိရပါတယ်။

Comments