Nwe Aye - Poem for Pyon Cho - 2

“စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်၊ မှန်အောင် တည့်တည့်ပစ်မယ် ...”
တပါတီ ကြိုက်သလား၊ ပါတီစုံ ကြိုက်လား …
ဓား....ဓားချင်း...၊ လှံ...လှံချင်း … ဖြေရှင်းလိုသူ သွေးဆာသူ
ပြည်သူကို ခြိမ်းခြောက်၊ ငယ်မွေးခြံပေါက်များ၊ ပါးကွက်အာဏာသား “ခြင်္သေ့”
အင်းလျားကန်ပေါင်ရှေ့မြင်ကွင်း …
သွေးချင်းချင်းနီခဲ့ပေါ့

ပြုံးချို ဖတ်ဖို့ ကဗျာ - ၂
နွယ်အေး
မတ် ၁၅၊ ၂၀၀၉

(ဘုန်းမော်နေ့ ၂၁ နှစ် အထိမ်းအမှတ်)

နှစ် နှစ်ဆယ့်ခြောက်နှစ်
တိုင်းပြည်တစ်ခုလုံး
ဆုံးရှုံးမှုထက် မျိုးဆက်များစွာ
စာရိတ္တချို့ယွင်း ပုံသွင်းစက်ရုပ်
လှုပ်မလှုပ်ရှား
စကားလည်း မပြောသာ
တရားလည်း မဟောသာ
အာဏာဖိနှိပ် ဆိုရှယ်လိမ် တံဆိပ်ချိတ်
ခွေးချေးပိတ်ပုံပြင် ကရင်မုဆိုးကြီးအကြောင်း
ဗိုလ်မှူးဟောင်းစောကြာဒိုး ပြောခဲ့ဖူးတယ် …

၈၈ ဇူလိုင် ၂၁
ရန်ကုန်တက္ကသိုလ် (ပင်မ)
ဘွဲ့နှစ်သဘင်ခန်းမရှေ့
တရွေ့ရွေ့စုရုံး
လိပ်ခုံးဆေးကျောင်းသား ချီတက်သွားပြီ
အနီရောင်ဒေါင်းအလံတလွင့်လွင့် လွှင့်ထူ
ပြည်သူများ စိမ့်ဝင်ပူးပေါင်း
စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊
အင်းစိန်၊ မရမ်းကုန်း၊ ကောင်စီရုံးတွေ
မီးဟုန်းဟုန်း တောက်လောင်ခဲ့ပေါ့ …

၈၈ ဇူလိုင် ၂၃
အရေးပေါ်ပါတီညီလာခံ
ရာသက်ပန် ဥက္ကဋ္ဌကြီး
ချွေးစီးပြန် တုန်လှုပ်
နုတ်ထွက်ကြောင်း ကြေညာ
ကန့်လန့်ကာနောက်ဝင်ပုန်း
နောက်ဆုံး ရာဇသံ
ပြင်းထန်အမိန့်မှတ်
“စစ်တပ်ဆိုတာ
မိုးပေါ်ထောင်မပစ်
မှန်အောင်တည့်တည့်ပစ်မယ် ...”
တပါတီ ကြိုက်သလား
ပါတီစုံ ကြိုက်လား
ဓား....ဓားချင်း...
လှံ...လှံချင်း
ဖြေရှင်းလိုသူ သွေးဆာသူ
ပြည်သူကို ခြိမ်းခြောက်
ငယ်မွေးခြံပေါက်များ
ပါးကွက်အာဏာသား “ခြင်္သေ့”
အင်းလျားကန်ပေါင်ရှေ့မြင်ကွင်း
သွေးချင်းချင်းနီခဲ့ပေါ့

၈၈ ဇူလိုင် ၂၇
စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်
အရေးပေါ်စည်းဝေးကြ
နိုင်ငံတော်ဥက္ကဋ္ဌ၊ သမ္မတ
၁၇ ရက်မျှ ထီးနန်းစိုးစံ
တော်လှန်အုံကြွ ပြည်သူ
ဆူပူအကြမ်းဖက်သတဲ့လား
ရွှေတိဂုံဘုရားရင်ပြင် ဆန့်ကျင်လှုံ့ဆော်ရေးတရား
လူငါးယောက်ထက် မကျော်ရ
လမ်းမပေါ် မထွက်ကြနဲ့
စစ်တပ်က အမိန့်
ဖိန့်ဖိန့်ုတုန် လော်စပီကာ
ဒါ... စစ်ဒေသနယ်မြေ
အရေးအပေါ်အခြအနေ နယ်မြေသတ်မှတ်
ဖြတ်သန်းသွားလာခွင့်မပြု
လူစုခွဲပြန် ဆန်တပြီ ၂၂ကျပ်
ရိက္ခာပြတ်ဗိုက်မှောက် မကြောက်ရွံ့သူများ
ကျည်ဆန်ကြားမှ.. “ဒို့အရေး”

ကြွေးကျော်သံ နံရံကပ်ပိုစတာ
လမ်းပေါ်မှာ စာတွေပြန့်ကြဲ
ရုပ်ပြောင်ဆွဲသူတွေလည်းရှိ
ထိမိတဲ့သရော်စာ
လမ်းထိပ်မှာ စာချိတ်
ပိတ်နှောင်ခြံစည်းရိုးခေတ်
ရပ်ကွက်တိုင်း ကင်းစောင့်ရင်း
အကျဉ်းထောင်ထွက် ရဲဘက်ပြေးများ
ထောင်သားတွေပြိုဆင်း

မြို့တွင်း မဟာရန်ကုန်
လုံခြုံတဲ့ တောရွာအသွင်ပြောင်း
အုံးမောင်းခေါက်သံကြားရဲ့လား
စစ်ကားလာရင် သတိ
ဂျင်ကလိ၊ မှိန်း၊ လှံ၊ တုတ်၊ ဓား
ကိုင်ဆောင်ထား
အသင့်ရှိပါစေ။

(၂)

နေ၀င်းအစိုးရ ပြုတ်ကျရေး
ဖမ်းဆီးကျောင်းသား ပြန်လွှတ်ပေး
ကျောင်းသားသမဂ္ဂ ဖွဲစည်းရေး
ဒို့အရေး
ဒို့အရေး… ဒို့အရေး...

ဟေး...ပြည်လမ်းပေါ်မှ အသံများ
ကျောင်းသားထုကြွေးကြော်သံ
ဆူညံတုန်ဟီး...
နွေ... မီးတောက်မတ်လ
မဆလ ဆန့်ကျင်ပွဲ
ရင်ထဲမီးတောက်ထွန်းညှိလိုက်ပြီ...

စနစ်ပြောင်းမည်
ဒီမိုကရေစီတိုက်ပွဲ သတ်ရဲသူ အရှုံး
တတိုင်းပြည်လုံး အထွေထွေသပိတ်
မွတ်သိပ်ဆာလောင်သောလူထု
ဒုတိယလွတ်လပ်ရေး သမိုင်းသစ်

၆၂၊၈၈
၂၆ နှစ်တာနိုင်ငံရေးရှင်းတမ်း
ဥဒါန်းမကျေ သွေးပေ စွန်းထင်း
ဗိုလ်နေ၀င်း မောင်းပြန်သေနတ်
ပစ်ခတ်အတုံးအရုံး ဆုံးရုံး သမဂ္ဂ
ဇူလိုင် ၇ ရက် သွေက်စက်နဲ့စ
မဆလ ပါတီ မြန်မာပြည်သစ်
ခေတ် အမာရွတ် တထောင်
စစ်ရာဇ၀တ်ကောင် ဓားမိုး
မင်းဆိုးမင်းညစ် ယာဇ်ပလ္လင်ဘေး
ကျောင်းသားသွေးတွေ ပင်လယ်ဝေ....

၆၃ ပြည်တွင်းငြိမ်းချမ်းရေး
ဆွေးနွေးပွဲများ
ငှက်ကျားကို ပန်းကန်ပြားနဲ့ဧည့်ခံ
ပဉ္စမံတပ်တွေလှုပ်ရှား
ဝံပုလွေအကြံသမား
ခံ့ညားထည်ဝါမျက်လှည့်
မြို့တော်ခမ်းမရဲ့ရှေ့မှောက်
ခြောက်ခရိုင်လူထု
ပြည်သူ့ငြိမ်းချမ်းရေးတောင်းဆို
ဆွေးနွေးလိုမှုပျက်ပြား
ကျည်အားမောင်းသန်
အာဏာရှင်ဆန်ခဲ့တယ်

နေရာတကာ
အာဏာနဲ့လည်မြိုညှစ်
ညစ်ပတ်စဉ်းလဲကြ
ယုတ်မာကောက်ကျစ်ကြ
ခေါင်းပေါင်းစတလူလူနဲ့
ငွေစက္ကူ တရားမ၀င်ကြေညာ
တရာတန်ထဲက ဗိုလ်ချုပ်
ငုတ်တုတ်ထထိုင် ဘာမျှမပြောနိုင်

ဆီကိုရေချိုး
ဆေးရိုးမီးလှုံ စပါးတောင်လို ပုံခဲ့
ရွှေဘုံရွှေနန်း အံ့မခန်းရတနာ
ရွှေဝါစပါး၊ စားလို့မကုန်
ဖူလုံ ပေါကြွယ်ဝ
အရှေ့တောင်အာရှ စပါးကျီလည်း
ဖြိုခွဲခံရ “လလသသ”
အဓမ္မ စပါးသိမ်းပွဲ
ကောက်ရိုးပုံထဲ ဖြဲရှာ
ကိုယ့်ဝမ်းစာ ကိုယ်မစားရ
ငဘ အမည်ပြောင်းပြီး
ဦးကြီးတို့ ခေတ်ကောင်းပေါ့
ရှေ့သို့....ရှေ့သို့....
ချောက်ထဲ တွန်းပို့ခံရပြန်တယ်...

တောင်သူလယ်သမား
အလုပ်သမား
ပုပ္ပါး၊ ချောက်၊ နှီးနှောဖလှယ်ပွဲ
ရွှေမှုန်ကြဲပြီး သွေးခွဲသပ်လျှို
အုန်းရေချိုသောက် ငပလီရောက်စံပြလုပ်သား
ဝံ့ကြွား ဂုဏ်ယူစရာ
အသပြာရှစ်ပဲ လည်မှာချိတ်လို့
ခေါင်းညိတ်တဲ့ ပုတ်သင်ညိုပြာတွေကလည်း
တူညီ ယူနီဖောင်းကိုယ်စီဝတ်လို့ပေါ့ ...

ဆ.စ.တ.က
လှပထည်ဝါရှုမငြီး
ဝန်ကြီးတိုက်ဆောက်
ရေသောက် ဗိုက်မှောက်ပြည်သူ
လူတွေမှာ နဖားကြိုးတန်းလန်းနဲ့

စနစ်သစ်ပညာရေး
သင်ပေးတဲ့ပညာ
ကွမ်းယာ၊ ဆေးလိပ်၊ ရေခဲရေရောင်း
ပလက်ဖောင်းဈေးသည်ဘ၀ရောက်
သူ့နောက်မှာ ဘွဲ့ဒီဂရီ
တသီတတန်းကြီးချိတ်လို့

၆၅ ကုန်လု
စစ်ကဲ
စစ်မှူးကြီးတွေစု
၂၂ ခု ကော်ပိုရေးရှင်း
ဆွေမျိုးသားချင်း ဆွမ်းလောင်းပွဲကြီးမှာ
ဝေသန္တာရာဟာ …
ပါတီဗျူရိုတွေ ဖြစ်တယ်

ကန့်သတ်ကုန် ၃၂၆
၆၆ ခုနှစ်ဟာ အသားဝါရောဂါနဲ့
ပေါင်စတာလင် ငွေကြေးကထွက်
အာမခံချက်မရှိ နွမ်းရိစုတ်ဖွာ
ဗမာပိုက်ဆံ တန်ဘိုးကင်းမဲ့အသစ်ပြောင်း
ငါးပိရောင်းသူ ထောင်ငါးနှစ်ကျ
အလှူခံရတဲ့ ကောက်ညှင်းဆန်လေး
အေးဓားပြတိုက်ယူ တောသူတောင်သား
စပါးစိုက်သူ ထမင်းငတ်တဲ့ခေတ်မှာ
ဆန်ပြဿနာ
ရင်နင့်စရာ စစ်တွေ ဆန်လုပွဲမဟုတ်
တရုတ် ဗမာ ၆၇ အရေးအခင်း
ပြောင်းလဲခြင်း မျက်လှည့်ဆရာ
သင် ပီကိုလာမဟုတ်
ဥုံခံမန်းမှုတ် ရုပ်သေ နာမ်သေ ယတြာအခြေ ကောင်းပါပေရဲ့ ...

(ဆက်လက်ဖော်ပြပါမည်)

Comments