မြန်မာနှစ်သစ်ကူး စစ်တွေကို မုန်တိုင်းဖြတ်ဦးမည်၊
ဆုတောင်းပွဲများလုပ်ကြဖို့ သတင်းပြန့်
မိုးမခ အထောက်တော် ၀၀၅
ဧပြီ ၁၇၊ ၂၀၀၉
လက်ရှိ ပြည်တွင်းက မိုးလေ၀သဌာနက သတိပေးချက်မရသေးသော်လည်း ပြည်ပရေဒီယိုများကတဆင့် ထိုအရပ်ဒေသရှိပြည်သူတို့က သတင်းရနေကြပြီဆိုသည်။ မနှစ်က စစ်တွေကို မုန်တိုင်းဝင်မည်ဟု သတင်းထွက်ခဲ့စဉ်က ဘာသာရေး အစီအမံများ၊ ဆုတောင်းပွဲများ ပြုလုပ်ရန် တိုက်တွန်းဖူးသော ရခိုင်ဆရာတော်တပါးက ယခုတွင်လည်း ဘုရားသို့ ကပ်လှူဆုတောင်းမှုများပြုကြရန် တိုက်တွန်းထားသည်ဟု ကြားရသည်။
“ဘုရားကို ဘယ်နေရာကပဲ ကပ်ကပ်၊ နှစ်ဆန်း ၁ ရက်နေ့၊ ညနေ ၆ နာရီ၊ သပြေ ၆ ညွန့်၊ ရေ ၆ ခွက်၊ တံခွန် ၆ ခု (၇ ရက် သားသမီးပါတဲ့ ဂြိုလ်တံခွန်တိုင်)၊ သစ်သီး ၆ လုံး (ဘာသစ်သီးပဲဖြစ်ဖြစ် ၆ ရက် ခံတဲ့ အသီး - ဥပမာ မာလကာ၊ ပန်းသီး) စတာတွေနဲ့ ကပ်ကြဖို့၊ ဆုတောင်းစာက ၇ ရက် သားသမီးများ အောင်မြင်ပါစေ၊ ကျန်းမာ ရွှင်လန်းကြပါစေ၊ အားလုံး အန္တရယ်ခပ်သိမ်း ကင်းဝေးကြပါစေ … ဆိုပြီး ၆ ခေါက် ရွတ်ကြရမယ်လို့ ဆိုတယ်။ ပြီးတော့ ၆ ရက်တိတိ ထားပြီးမှ စွန့်ရမယ်လို့ ပြောပါတယ် ...”
ဟု ရန်ကုန်က မိတ်ဆွေတဦးက ကြားသိသမျှကို ထုတ်ပြောသည်။ မြန်မာရိုးရာ ထုံးတမ်းအစဉ်အလာအတိုင်း နှစ်သစ်ကူးသင်္ကြန်ပွဲတွင်လည်း ဘာသာရေးအဆုံးအမများအတိုင်း ကောင်းမှုကုသိုလ်များ ပြုလုပ်ကြမည်မြဲ ဖြစ်သဖြင့် ထိုညွှန်ကြားချက်ကို ထည့်သွင်းလုပ်ဆောင်ဖို့ သူ့အတွက် မခဲယဉ်းပါဟု မှတ်ချက်ပေးသည်။
“မြန်မာပြည်က ပြည်သူတွေမှာ သင်္ကြန်ကို ပျော်နေကြတယ်သာဆိုတယ်၊ အခုလို သတိပေးချက်တွေ မုန်တိုင်းသတင်းတွေ ထွက်လာရင် ဆောက်တည်ရာမရဖြစ်ကြရတယ်။ အစိုးရကို အားကိုးလို့မရဘူးဆိုတာကို သိကြပါတယ်။ …” ဟု ၎င်းက ပြောခဲ့သည်။
Comments