Burmese Community in Colorado hold Senior Thanks Giving and Traditional Festival

မြန်မာမိသားစု ကော်လိုရာဒိုက ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ ကျင်းပ
ကိုဦး
ဧပြီ ၂၉၊ ၂၀၀၉

ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီး ကျောင်းတွင် ဧပြီလ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။

ဆွမ်းအလှူရှင် ၁၂ ဦး လှူဒါန်းသည့် စုပေါင်းဆွမ်းဖြင့် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် အပူဇော်ခံ အဘိုး အဘွား (၁၀) ဦးတို့အား နံနက်စာလှူဒါန်းပြီးနောက် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များ နံနက်စာ သုံးဆောင်ခဲ့ကြသည်။
ထို့နောက် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ နာယက ဆရာတော် အရှင်ဝိစက္ခဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အခမ်းအနားကို စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဓမ္မပါလကျောင်းထိုင်ဆရာတော် အရှင်စန္ဒိမာ နှင့် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ ဥက္ကဌကြီး ဦးသန်းလွင်တို့ မှ သာသနာပြုလုပ်ငန်း အစီအစဉ် အချို့ကို အသိပေး ကြေညာခြင်း၊ မြန်မာစာပေ ယဉ်ကျေးမှု သင်တန်းမှ သင်တန်းသူ သင်တန်းသား ကလေးငယ်များက မိမိတို့ သင်ယူထားသည်များကို အဘိုးအဘွားတို့အား တင်ပြပြောကြားခြင်း၊ အပူဇော်ခံ ဘိုးဘွားများအား ပူဇော် ကန်တော့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် အဘိုးအဘွားများက ဆုပေးစကား ပြောကြားခြင်းနှင့် မြန်မာစာပေ ယဉ်ကျေးမှုသင်တန်း သင်တန်းသူမှ သင်တန်းသားများက အနန္တငါးပါးနှင့် ဆရာ၊ ဆရာမများအား ကန်တော့ခြင်း၊ ဆရာဆရာမများက ဆုပေးစကားပြောကြားပြီးနောက် ကလေးငယ်များကို ဆုနှင်းခြင်းများ ပြုလုပ်ခဲ့သည်။


ထို့နောက် ဆရာတော် အရှင်ဝိစက္ခထံမှ အနုမောဒနာတရား နာကြားပြီး ထေရဝါဒသာသနရက္ခိတအဖွဲ့၏ အဓိဋ္ဌာန် ဖြစ်သော “စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” သုံးကြိမ် နှင့် “ဗုဒ္ဓွသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

Comments