Myo Myint Cho - Letter to Refugee witth Love

ဒုက္ခသည်ယောင်ဆောင်သူက

ဒုက္ခသည်တွေဆီ ရေးတဲ့စာ

မျိုးမြင့်ချို

ဧပြီ ၉၊ ၂၀၀၉

အမေရိကန်ကြီး စီးပွားပျက်နေပြီတဲ့။ အမျိုးမျိုးပြောကြတယ်။ အမေရိကန်ဆိုတာကလည်း ကမ္ဘာပေါ်မှာ ပညာရှင်ဆိုသူတွေ အပေါဆုံး တိုင်းပြည်တွေထဲက တခုမဟုတ်လား။ ပြောမှပေါ့..။ ကောင်းနေတုန်းကတော့ စီမံခန့်ခွဲမှုညံ့တယ်လို့ လေသံတောင် မဟခဲ့သူတွေက “ပျက်မှာပေါ့ အစိုးရစီမံခန့်ခွဲမှုစနစ်ညံ့တာကိုး”လို့ ပြောပြန်တယ်။

ကွန်မြူနစ်ဘက် လှည့်ထားတဲ့ ပြောင်းဦးကို အကြမ်းဖက်ဝါဒီတွေဘက် ထိုးချိန်လိုက်တော့ “ဒါမှ ဒို့ခေါင်းဆောင်ကွလို့ …” သံကုန်ဟစ်သူတွေက … အခုတော့ “ပျက်မှာပေါ့ အကြမ်းဖက် တိုက်ဖျက်ရေးဆိုပြီး တမိုးလုံးဖျောက်ဆိပ်လုပ်တာကိုး” လို့ ဆိုကြတယ်။

“ရီပတ်ဘလီကင်တွေ သွေးဆာလို့တိုင်းပြည်ပျက်တာ” လို့ ပြောသူတွေကို “ရီပတ်ဘလီကင် ဖြစ်ဖြစ် ဒီမိုကရက်ဖြစ်ဖြစ် အရင်းရှင်စနစ်ဆိုတာ ဒီအတိုင်း ဖြစ်ကိုဖြစ်ရမှာ”ဆိုပြီး

“စကတည်းက ငါ မပြောလား သမားတွေ” က ပညာရှိလေသံနဲ့ တရားပြတယ်။

“ပြည်တွင်းက ဘဏ္ဍာအရင်းရှင်ကြီးတွေ၊ စီးပွားရေးသမားတွေနဲ့ လုပ်ငန်းရှင်တွေ မသမာလို့” ဆိုပြီး “အတွင်းပြန်ခတ်”တဲ့ သူက ခတ်တယ်။

အရင်တုံးက အမေရိကန်တွေကို ကျားကန်ပြီး အားသန်လာခဲ့သူတွေက အခုတော့ အမေရိကန်ဆို ကန်တန်တန် လုပ်ပြချင်နေပြီ။

“ဆရာလောက်ဆို တော်ရောပေါ့.. ဆရာကြီးလို့ အခေါ်မခံချင်ပါနဲ့တော့”

“ဒေါ်လာနေရာမှာ တခြားခိုင်မာတဲ့ ငွေတခုခု ပြောင်းသုံးကြရင် ဘယ့်နှယ်လဲ”

လို့ မေးဆတ်သူတွေလည်း ဆတ်နေပြီ။

တခါတုန်းက အာရှတိုက်ရဲ့ လူမမာကြီးလို့ ကင်ပွန်းတပ်ခံခဲ့ရဖူးတဲ့ နဂါးကြီးကလည်း အမြီးတရမ်းရမ်းနဲ့ မီးပန်းတွေ မှုတ်မှုတ် ပြနေချိန်ဆိုတော့ ... အင်း …

အမေရိကန်ပြည်ထောင်စုနဲ့ ငွေကြေး၊ စီးပွားရေးစတာတွေမှာ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ နိုင်ငံတွေလည်း မသက်သာလှဘူး။ ဘယ်သူ လက်ခံခံ၊ မခံခံ - အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေလိုဖြစ်နေတာ ဆိုတော့ တိုင်းပြည်တိုင်းလိုလို အနည်းနဲ့ အများတော့ အဖျားခတ်မိကြတာချည်းပါပဲ။ ဘယ်လိုဘဲဖြစ်ဖြစ် အမေရိကန်တွေကတော့ ကျွဲထက်ပိုမပိန်အောင် ဗိုသီဗတ်သီနဲ့ ပြန်အဖတ်ဆည်နေတာလည်း အမှန်ပါပဲ။

ထူးခြားတာက ကျနော်တို့ ဗမာနိုင်ငံက စစ်ဗိုလ်တွေကတော့ အေးဆေးပါတဲ့။ ဘာမှ မဖြစ်ပါဘူးတဲ့။ သူတို့ကို မထိခိုက်ပါဘူးတဲ့။

ဒီနေရာမှာ သူတို့ပြောတဲ့ “သူတို့” ဆိုတာ ဘယ်သူ့ကိုပြောတာလဲ ဆိုတာတော့ အားလုံးလည်း သိပြီးသားမို့ ဘာမှမပြောလိုပါဘူး။ ထားပါတော့လေ။ ကျနော် စိတ်ဝင်စားတာက ဒီမှာ (အမေရိကားမှာ) ရောက်နေကြတဲ့ ကျနော်တို့အပေါ်ရော ဒီဂယက်က ဘယ်အထိ ပွတ်တိုက် နေသလဲလို့ စစ်ကြည့်မိတယ်။

ကျနော်တို့လို့ ဆိုတဲ့နေရာမှာလည်း ပညာနဲ့အခြေခံလုပ်ရတဲ့ လုပ်သားတွေကို မဆိုလိုပါဘူး။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေကိုပြောတာပါ။ အရင်ကဆို အထည်ချူပ် စက်ရုံမှာ လျှောက်မယ့်သူက အထည်ချူပ်တတ်ရင်၊ သန့်ရှင်းရေးအလုပ်လျှောက်မယ့်သူက သန့်ရှင်းရေး လုပ်တတ်ရင်၊ စက်ပစ္စည်းတွေကို ကိုင်တွယ်မောင်းနှင်ရတဲ့ အလုပ်လျှောက်မယ့်သူက အဲဒါတွေကို ကိုင်တွယ်မောင်းနှင်တတ်ရင် ရပြီ။ မတတ်သေးရင်လည်း အလုပ်လုပ်ရင်း သင်ပေးသေးတာ။ ရွေးချယ်စရာတွေလည်း အထိုက်အလျောက်ရှိတယ်။

ဒီမှာ မကြိုက်သေးရင် - ဟိုမှာ ...။ ဟိုမှာ မကြိုက်တော့ရင် ဒီမှာ…။ ပြောင်းဖို့လည်း သိပ်မခက်ဘူး ဆိုပါတော့။ အင်္ဂလိပ် စကား ပြောတတ်လား ... ဆိုတာကတော့ မေးရိုးမေးစဉ်အနေနဲ့ မေးတာလောက်ပါ။

အခုတော့ ဒီလို မဟုတ်တော့ဘူး။ အာလူးကြော်စက်ရုံမှာ အလုပ်သွားလျှောက်လျှောက်၊ တည်းခိုခန်းလိုဟာမျိုးမှာ သန့်ရှင်းရေးအလုပ် သွားလျှောက်လျှောက် - အရင်ဆုံးမေးတဲ့စကားက “အင်္ဂလိပ်စကားပြောတတ်လား …” တဲ့။

ခက်တော့တာပေါ့။ ကဗျာဆရာ “မြေနု” ပြောသလို တသက်လုံး “စစ်မက်နဲ့ ကြီးပြင်း၊ ပြေးလွှားရင်း စာငတ်၊ ဘာတတ်လို့လဲ ... ဆရာရယ်” ဆိုသူတွေကို အင်္ဂလိပ်စာတတ်လား ဆိုတော့။

ခမျာများ လက်ပူတိုက် အင်္ဂလိပ်စာလေး၊ စကားလေး အပြေးအလွှား သင်ယူကြရှာပါရဲ့။

ဒါပေမယ့် အလုပ်ရှာရတာဟာ “ကျောက်စရစ်တောမာခေါင်ခေါင်မှာ၊ အတောင်ပံကျွတ်သည့် ကြိုးကြာ၊ ရေရှာ၍မရသကဲ့သို့” ဆိုတာလောက် မခက်ပေမယ့်၊ လွယ်တော့ မလွယ်လှပါဘူး။

ပြဿဒ်က စ လောင်တဲ့မီးကိုး။

ဒီမှာ ညည်းကြတယ်။ တချို့များ ခြူသံတောင်ပါရဲ့။ ထိုင်းလို နိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် လုပ်နေကြတဲ့ ဗမာအလုပ်သမားတွေနဲ့ ပြည်တွင်းကဗမာအလုပ်သမားတွေသာ ကြားရင် - ဘယ်လိုနေမလဲ မပြောတတ်ပါဘူး။ ဘယ်နားသွားသွား မကြားချင်ချင်၊ ကြားချင်ချင်၊ ကြားရတတ်တဲ့ အသံပါ။

တချို့ကတော့ ဒီစီးပွားပျက်လှိုင်း ကိုယ့်ကိုယ် ဆောင့်လာရင်တောင် အသာလေး ရှောင်ပေးလိုက်ရုံပဲလို့ ပေါ့ပါ့ပါးပါးခံယူထားသူတွေ အသံလည်း ကြားရတယ်။ ကောင်းပါတယ်။ ငရဲကလာသူအတွက် ပြာပူဆိုတာ အေးဆေးပါဆိုတဲ့ သဘော။ တချို့ကတော့ နေသေးသပ ခြုံထဲကလို့ ကြုံးဝါးပြီး ပြန်ကောင်းလာချိန်ကို မျှော်တလင့်လင့်နဲ့ပါ။ ဒါလည်းမဆိုးပါဘူး။ အားမတန်ချိန်မှာ မာန်လေးနည်းနည်းလျှော့ထားသလိုပေါ့၊ တချို့လည်း ခြိုးခြံချွေတာရေး အစီအစဉ်လေးတွေ ဆွဲလို့။ ဒါလည်း ကောင်းတာပါပဲ။ ရှိတာလေးနဲ့ ဝအောင်စားဆိုတဲ့ အစဉ်အလာ ဆိုဆုံးမမှုကနေ သွေဖည်မသွားသေးဘူးလို့ ယူ စရာပါ။

ကျနော်ကလည်း ဒီကို မုန့်ဝေချိန်နဲ့လွဲပြီး တုတ်ဝေချိန်နဲ့တည့်တည့်တိုး ရောက်သူဆိုတော့ “မုန့်ဝေချိန် ရွှေထီးဆောင်း ဇာတ်လမ်း” တွေ ပြန်ကြားရတယ်။ ဝမ်းသာတာပေါ့။ ကိုယ့်လူမျိုးတွေ ကောင်းစားခဲ့တာဘဲဟာ။ ဒုက္ခသည်(အစစ်)တွေအနေနဲ့ ရောက်လာကြပြီး၊ ဒီလိုနိုင်ငံမှာ ကိုယ်ပိုင်အိမ်နဲ့၊ ကားကောင်းကောင်းနဲ့၊ အလုပ်ခိုင်ခိုင်နဲ့ နေနိုင်ဖို့ဆိုတာ လွယ်မှ မလွယ်ပဲကိုး။

ကိုယ့်လူမျိုးတွေထဲက တချို့နေနိုင်တာမြင်တော့ ပီတိဖြစ်မိတယ်။ “တုတ်ဝေချိန်၊ ဗိန်းဗောင်းတိုက်သံ” တွေကိုတော့ မရောက်လာခင်ကတည်း နားစွန်နားဖျားတွေ ကြားခဲ့ရပါတယ်။ ရောက်ရောက်ချင်းလည်း ဆောက်နဲ့ထွင်း ခံခဲ့ရပါတယ်။

အမေရိကန်အနေနဲ့ “ကိုင်သမျှမြေ ရွှေပြန်ဖြစ်ဖို့” ကို သိပ်မျှော်လင့်မထားဘဲ ရောက်လာသူ ဆိုတော့ နေသာဖြေသာ ရှိပါတယ်။ ကြာတော့ “မုန့်ဝေချိန် အလွမ်းဇာတ်”တွေ ပြန် က တာမြင်ရင် အထည်ကြီးပျက် ပျက်ပြနေလားလို့ တွေးမိချင်လာတယ်။ တခါတခါ စိတ်အချဉ်တောင် နည်းနည်း ပေါက်မိတယ်။ ပြောတော့ မပြောမိခဲ့ပါဘူး။

“ဟိုတုန်းကများ - ကားဆို ဇီးရိုး မိုင်းလေ့ဂ်ျမှ။ (Zero Mileage ဆိုတာက ကားအသစ် ကျပ်ချွတ်ကို ပြောတာပါ။ သူများစီးပြီးသား တပတ်ရစ်တွေ မသုံးဘူးဆိုတဲ့ သဘော)။

“ပစ္စည်းဆိုရင်လည်း ဘယ် အမှတ်တံဆိပ်မှ” တို့ …

“ဈေးဝယ်ရင် ဘယ်ကုန်တိုက်ကြီးတွေမှ” တို့ …

“အပြင်ထွက်စားရင်လည်း ဘယ်ဆိုင်မှာမှ” …

“ကိုယ့်အိမ်နဲ့ကိုယ် နေတာ၊ အပတ်မင့်န်တွေမှာ မနေဘူး” တို့ …

ဘာတို့ ညာတို့ ပေါ့လေ။

အဲဒါတွေကြားမိတော့ “အပြောဝံ့လှပါလား”လို့တော့ တွေးမိပါတယ်။

လက်ထဲရှိတဲ့ငွေယားလေးနဲ့၊ ဘဏ်ကအတိုးနဲ့၊ ချေးယူလိုက်တာလေးနဲ့ပေါင်းပြီး လက်ငင်း ပေးတန်သလောက် ပေးထား၊ ကျန်တာကို လစဉ် အရစ်ကျလေး သွင်းပြီး နေလိုက်ရင်၊ (အလုပ်ကလည်း မြဲနေမယ်ဆိုရင်ပေါ့လေ) … ဘယ်လောက်ဆို ကိုယ်ပိုင်အိမ်လေးနဲ့ နေနိုင်ပြီ။ စမတ်ကျကျလေး ဖြစ်သွားပြီ … ဆိုတဲ့ အိပ်မက်လှလှလေးတွေ တိမ် ဖြစ်သွားတာမြင်ရတော့ - စိတ်မကောင်းဖြစ်မိတယ်။

ကားဖိုး၊ အိမ်ဖိုးတွေ မပေးနိုင်တော့လို့ ကားတွေ အိမ်တွေပြန်အပ်ရလိုက်ရတာကို ဘဝတခုစာ အပျက်အမှတ်နဲ့ “သိမ်ငယ်သံ” တွေကြားတော့ ဘာပြောရမှန်း မသိသလိုဖြစ်မိတယ်။ လူမည်း မိသားစုတစု အဲသလိုကြုံရတဲ့ဒဏ်မခံနိုင်လို့ ဆိုပြီး တမိသားစုလုံး သတ်သေသွားကြတဲ့အကြောင်း တီဗီထဲကြားလိုက်တော့ ဒီလူတွေ ဒို့လောက် ခံနိုင်ရည်မရှိဘူးလို့ ကြံဖန်တွေးမိတယ်။

ဒီကို ဘယ်လိုပုံစံနဲ့ ရောက်လာ ရောက်လာ၊ အလုပ်သမားတွေအဖြစ်နဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြရသူတွေရဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်ကရတဲ့ ခံစားခွင့်၊ အလုပ်ကြောင့်ရရှိလာတဲ့အကျိုး … စတာတွေမှာလည်း ထိုင်းကဗမာအလုပ်သမားတွေနဲ့ရော၊ ဗမာပြည်က ဗမာအလုပ်သမားတွေနဲ့ရော မတူပါဘူး။ နိုင်းယှဉ်ချက်အရ ပြောကြကြေးဆိုရင်တော့ ဒီမှာက အပုံကြီးသာပါတယ်။

တနာရီကို ၈ ဒေါ်လာလောက်ရတဲ့ အလုပ်ကလေးတခုလောက် ပုံမှန် ရသွားပြီ၊ မြဲသွားပြီဆိုရင် ကားလေးတစီးလောက်တော့ အရစ်ကျချေတဲ့စနစ်နဲ့ ဝယ်လို့ ရသွားပြီ။ (ကားဆိုတာကလည်း ဒီမှာတော့ မရှိမဖြစ်လူ့အသုံးအဆောင်ပစ္စည်းပါ)။ အပတ်မင့်န် ကောင်းကောင်းလေးတွေမှာ ရေပူ ရေအေးနဲ့ လေပူလေအေးနဲ့ (ဒါလည်း ရာသီဥတုလိုအပ်ချက်အရ) နေပြီး၊ ပုံမှန်လေး စားလို့ သောက်လို့ နေနိုင်နေပါပြီ။

နောက်ပြီး အလုပ်ကအခြေအနေမကောင်းလို့ အနားပေးလိုက်တယ် (Lay off ပေါ့လေ) ဆိုရင်လည်း အလုပ်လက်မဲ့ကြေးလေး လျှောက်ပြီး စားနေလို့ ရသေးတယ်။ ဒီလို Lay off စားနေချိန်မှာ အစိုးရက အိမ်လခ၊ မီးလခ(လျှပ်စစ်ခ) ထောက်ပံ့ပေးတဲ့ ရုံးတွေသွားပြီး လျှောက်ကြမယ်ဆိုလည်း တစိတ်တပိုင်းတော့ ရနေကြသေးတယ်။

ပညာအခံရှိသူတွေကျတော့ (လူရည်လေးလည်းလည်မယ် ဆိုရင်) Lay-off စားချိန်ဆို ကျောင်းလေးဘာလေးတက်လိုက်ရင်၊ ပညာသင်ချေးငွေတို့၊ ထောက်ပံ့ကြေးလေးတို့နဲ့ ဖူဖူလုံလုံလေး ရှိကြပါတယ်။ ဒီအချိန်အတွင်းမှာ နောက်ထပ် အလုပ်သစ် ပြန်ရှာရင်း၊ စားလို့ နေလို့ ရနေသေး ပါတယ်။

ဆိုလိုတာက - အလုပ်လက်မဲ့ ဖြစ်တာချင်းအတူတူ ပူစရာတော့ နည်းသေးတယ်၊ ဆင်းရဲတာချင်းအတူတူ ကိုယ်ပိုင်ကားလေးနဲ့ ဆင်းရဲတယ်၊ အနှိမ်ခံရတာချင်းအတူတူ လူလို့တော့ အသိအမှတ်ပြု ခံကြရသေးတယ်။ ဘာပဲပြောပြော ကိုယ့်မြေမဟုတ်ပေမယ့် ရပ်နေလို့ ရသေးတယ်။ ကိုယ့်ရေမဟုတ်ပေမယ့် အဝသောက်လို့ရတယ်။ ကိုယ့်လေ မဟုတ်ပေမယ့် အဆုတ်တွေ ပြည့်သွားအောင် ရှုရှိုက်ခွင့်ရှိတယ်။ ကုန်ကုန် ပြောရရင် လွတ်လပ်တဲ့ကောင်းကင်တခု အောက်ကနေ မနက်ဖြန်တွေကို မစားရ ဝခမန်း ယုံလို့ ရနေပါသေးတယ်။

ဆုံးရှူံးစရာကျန်သေးတဲ့ ဆုံးရှူံးမှုတွေကို ကြုံနေချိန်တွေမှာ၊ ဆုံးရှူံးစရာ ဘာမှ မကျန်တော့အောင် ဆုံးရှူံးနေရသူတွေဘက်ကို ငဲ့ကြည့်လိုက်တော့ - “မုန့်ဝေချိန် အလွမ်းဇာတ်” တွေကိုရော၊ “တုတ်ဝေချိန် ဗိန်းဗောင်း တိုက်သံ”တွေကိုပါ တဝက်တပျက်၊ ဥပက္ခာစိတ်နဲ့ “နားအဝင် ယဉ်တတ်လာပြီ” လို့သာ …။

Comments