သင်္ကြန်ရက်များအတွင်း ဦးပိန်တံတား အထူးစည်ကား
သင်္ကြန်အတက်နေ့ နံနက်ခင်း တံတားမြင်ကွင်း။ နေ့လည်ပိုင်းတွင် ပိုမို စည်ကားသည်။ (ဓာတ်ပုံ- မစ္စတာအောင်)
ဦးပိန်တံတားသည် မန္တလေးသင်္ကြန်၏ အထူးစည်ကားသည့် အရပ်ဒေသတခု ဖြစ်သည်။ နေ့လည်ပိုင်းတွင် မန္တလေးမြို့အတွင်းမှ ဒေသခံ အများအပြားဖြင့် အလွန် စည်ကားလေ့ ရှိသည်။
ဦးပိန်တံတားအောက် ရေပေါ် စားသောက်ဆိုင်များတွင်လည်း လာရောက် အပန်းဖြေသူများဖြင့် ပြည့်နှက်နေသည်။
စားသောက်ဆိုင်များတွင် အုန်းရည်၊ ထန်းရည်၊ ဘီယာ၊ တောအရက်၊ ရမ်အရက်၊ ထမင်းသုတ်၊ လက်ဖက်သုတ်၊ ငါးကလေးကြော် (ကျပ် ၁၅၀၀)၊ ပြောင်းဖူးကြော် (၈၀၀)၊ ဗူးသီးကြော် (၈၀၀) စသဖြင့် စားသောက်ဖွယ်ရာ မျိုးစုံ ရရှိနိုင်သည်။
ဦးပိန် တံတားသည် မန္တလေးမြို့အပြင်ဘက် အမရပူရမြို့နယ်အတွင်း တည်ရှိသည်။ တောင်တမန်အင်း ဖြတ်၍ ဆောက်ထားခြင်း ဖြစ်သည်။ သက်တမ်း ၂၀၀ ၀န်းကျင် ရှိပြီဟု သိရသည်။
အဆိုပါ တံတားသည် ပြီးခဲ့သည့်နှစ် သင်္ကြန်အတွင်း များပြားလှသည့် ပရိသတ်ကြောင့် အနည်းငယ် ပျက်စီးသွားသဖြင့် ပြင်ဆင်ခဲ့ရသည်။
ကျွန်းသစ်များဖြင့်သာ ဆောက်လုပ်ထားသော ဦးပိန်တံတားကို မြန်မာပြည်တွင်း ခရီးသည်များ သာမက နိုင်ငံတကာမှ ခရီးသည်များ သွားရောက် လည်ပတ်လေ့ ရှိသည်။
Comments