Gang Rape by Soldiers Reported in Karen State

ကရင်အမျိုးသမီးတဦးကို စစ်သားများက အုပ်စုလိုက် အဓမ္မကျင့်
စောသိန်းမြင့် (ကေအိုင်စီ)
မေ ၂၉၊ ၂၀၀၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးဆဲလယ်ကျေးရွာမှ ရွာသူ ကရင် အမျိုးသမီးတဦးအား မေလ (၂၅)ရက်နေ့တွင် နအဖ ခလရ(၂၈၃) တပ်ရင်းက အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုနေ့နံနက် (၉)နာရီ အချိန်ခန့်တွင် အသက် ၃ဝနှစ်ရှိ ထီးဆဲလယ်ရွာသူ တဦးကို တိုက်ကင်းလှည့်လည်နေသည့် အမှတ်(၂) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ဗိုလ်ကြီးဌေးဝင်း ဦးဆောင်သည့် စစ်ကြောင်း(၂)၊ ခလရ(၂၈၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့ကြောင်း နယ်မြေခံတဦးက ကရင်သတင်းစဉ်ကို ပြောသည်။

“အဲဒီနေ့မှာ သူတို့လင်မယားက ပြောင်းဖူးခြံကို သွားတယ်။ မိန်းမဖြစ်သူက ပြောင်းတဲမှာ နေတယ်။ ယောက်ျားဖြစ်သူက ပြောင်းခင်း ထဲကိုဆင်းပြီးတော့ အလုပ်သွားလုပ်တယ်ပေါ့။ သိပ်မကြာပါဘူး။ အဲဒီ နအဖ စစ်ကြောင်း ခလရ(၂၈၃)က ပြောင်းခြံထဲကိုဝင်လာပြီး တဲမှာရှိတဲ့ မိန်းမကို တွေ့တော့ တောထဲကို အတင်းဆွဲခေါ်သွားပြီး မုဒိမ်းကျင့်တော့တာပဲ။ တပ်ရင်းတရင်းလုံး ဝိုင်းကျင့်တော့ သူ့မိန်းမရဲ့ အော်သံဆူညံနေတာကို ယောက်ျား ဖြစ်တဲ့သူက ကြားပေမဲ့ တအားကြောက်ပြီး မသွားရဲဘူး ဖြစ်နေတယ်”ဟု သူက ပြောသည်။

ယင်းသို့ အဓမ္မကျင့်ရာတွင် ခလရ(၂၈၃)မှ ဗိုလ်ကြီးဌေးဝင်းနှင့်အတူ တပ်သားအယောက် (၃ဝ)ကျော် ပါဝင်ပြီး နာရီဝက်ခန့်အကြာတွင် အဆိုပါတပ်ဖွဲ့ဝင်များ ပြောင်းခင်းထဲမှ ပြန်လည်ထွက်ခွာသွားမှသာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သွားရောက်သယ်ယူ၍ ရွာအထိ ပြန်လည် ခေါ်ဆောင် လာခဲ့သည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ထိုနယ်မြေတွင် လုံခြုံရေးတာဝန်ယူထားသည့် ဒီကေဘီအေ (၉ဝ၇)တပ်ရင်းမှူး ဗိုလ်နှုတ်ခမ်းမွေးကို ကရင်သတင်းစဉ်က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပါ။ မေလ (၂၈)ရက်နေ့၌ ဗိုလ်နှုတ်ခမ်းမွေးအား ဒေသခံတဦးက အကြောင်းကြား ပြောဆိုရာတွင် သူ့အနေဖြင့် စုံစမ်းစစ်ဆေးပြီး ဖြေရှင်း သွားမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအဖြစ်အပျက် ဖြစ်ပွားသွားခဲ့သည့် နောက်ပိုင်းတွင် ပြောင်းစိုက်ပျိုးသည့် ထီးဆဲလယ်ရွာသူရွာသားများသည် မိမိတို့၏ ပြောင်းခင်းများ သို့ ယခုအချိန်ထိ မသွားရဲကြတော့ဘဲ ကြောက်ရွံ့နေကြသည်။ သို့သော် မေလ (၂၉)ရက်နေ့တွင် နောက်ဆုံးရရှိသည့် သတင်းများအရ အဆိုပါ နအဖ တပ်ဖွဲ့သည် ဒေသဆိုင်ရာ ဒီကေဘီအေ တပ်ဖွဲ့များအား ထိုသတင်း မပေါ်ပေါက်ရေးအတွက် တားမြစ်ထားသည်ဟု သိရသည်။

ထိုဒေသရှိ ထီးဆဲလယ်၊ အူးဖိုးထာ၊ လယ်ဟော်၊ ကနဲလေး၊ မော်ခီး၊ မော်ဖိုးကလိုး၊ ကွီးဆဲဖော၊ ဘလားတို၊ ကော်ဆဲ၊ ကလော်ဝေါ်၊ ဖောဘူး လာ့ထာ၊ ဂေါ်ဖိုးခီးနှင့် ဝေါ်လေကျေးရွာတို့ရှိပြီး နအဖ စစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(၂)မှ လက်အောက်ခံတပ်ရင်းများနှင့် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း(၉ဝ၆)နှင့် (၉ဝ၇)တို့ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

ယခင်ကလည်း နအဖစစ်တပ်က ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မကျင့်မှုများ ကျူးလွန်ခဲ့ကြသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ စုံစမ်း၊ အပြစ်ပေး၊ အရေးယူခြင်း မရှိပေ။

Comments