local media is not allowed to cover the collapsed pagoda news

ဓနုတ်စေတီ ပြိုသည့် သတင်း မဖော်ပြရန် ညွှန်ကြားထား
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၃၁ရက်၊ ၂၀၀၉

မေလ ၃၀ရက် စနေနေ့ မွန်းလွဲပိုင်းတွင်ပြိုကျခဲ့သည့် ဓနုတ်စေတီနှင့် ပတ်သက်သည့် မည်သည့် သတင်းမှ ဖေါ်ပြခြင်း မပြုရန် စာပေစိစစ်ရေးက သတင်းဂျာနယ်တိုက်များသို့ အသိပေးထားသည်ဟု ရန်ကုန်မြို့မီဒီယာ အသိုင်းအ၀ိုင်းထံမှ သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်လည်း ဖေါ်ပြသည်ကို မတွေ့ရှိရဘဲ၊ ဘရာဇီးလ် နိုင်ငံတွင် တာတမံ ကျိုးပေါက်ပြီး လူ၎ ယောက်သေဆုံးသည့် သတင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျပြီး လူ ၂ ဦး သေဆုံးသည် ဆိုသည့် နိုင်ငံတကာ သတင်းမျိုးကိုသာ ဖေါ်ပြထားသည်။

ယခုကဲ့သို့သော သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှု သတင်းမျိုးကို နအဖ စစ်အစိုးရ၏ ဆင်ဆာအဖွဲ့က မည်သည့်အတွက်ကြောင့် ဖေါ်ပြခွင့် မပြုသည်ကို မြန်မာနိုင်ငံမှ ပြည်သူများ အနေဖြင့် နားမလည်နိုင်ကြသော်လည်း အချို့သော မီဒီယာ သမားများ၏ ပြောဆိုချက်အရ သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှုများကို ကိုင်တွယ် ဖြေရှင်းသည့် အခါ နောက်ကျပြီး မထိရောက်သည့် ကယ်ဆယ်ရေး လုပ်ကိုင်ခြင်းများနှင့် ထိုသို့ လုပ်ကိုင်ရာတွင် လွဲမှားသည့် စီမံခန့်ခွဲမှုများကြောင့် အသက်မသေသင့်ဘဲ သေဆုံးရသည် အဖြစ်တို့ ပေါ်လွင်လာမည့် အရေးကို စိုးရိမ်၍ ဖြစ်နိုင်သည်ဟု သိရသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတင်ထားသောစေတီ ပြိုကျသည့် အတွက် နအဖအတွက် နိမိတ်မကောင်း ဆိုသည့် လူထု ထင်မြင်ချက် ပြန့်နှံ့မည်ကို စိုးရိမ်သည့် အတွက် သတင်း မီဒီယာများတွင် မဖေါ်ပြရန် တားမြစ်ခြင်းလည်း ဖြစ်နိုင်သည် ဟု မီဒီယာလောကတွင် ဝေဘန် ကောက်ချက်ချလျက် ရှိသည်။

Comments