More Restriction & Pressure to Political Prisoners in Burma

မြန်မာပြည်တွင်းရှိ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသားများကို ပိုမို တင်းကြပ်

မြစ်ကြီးနားထောင်က ဖောက်ထွင်း ၀ိဇ္ဇာတဦး ထောင်ဖောက်ပြေး

မိုးမခ အထောက်တော် ၀၀၅

မေ ၁၅၊ ၂၀၀၉

ရန်ကုန်မြို့ အင်းစိန်ထောင်သို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မိသားစုဝင်များကို ပြောင်းရွှေ့ ချုပ်နှောင်ထားပြီး နောက်ပိုင်း ရပ်နီး ရပ်ဝေးရှိ အကျဉ်းထောင် အသီးသီး၏ လုံခြုံရေးကို အထူး တင်းကြပ်လိုက်ကြောင်း ရန်ကုန်ရှိ သတင်း ရပ်ကွက်က ပြောကြားသည်။

“ယခင်ကတည်းက နိုင်ငံရေး အကျဉ်းသားတွေကို သာမန် ပြစ်ဒဏ်ကျတွေနဲ့ ရင်းနှီးမှုတွေ၊ ဆက်သွယ်မှုတွေ မပြုလုပ်နိုင်အောင် တားမြစ်တယ်။ နည်းအမျိုးမျိုးနဲ့ ကြပ်တည်း ဆင်းရဲအောင် လုပ်ထားတယ်။ ထောင်ဝင်စာ တွေ့မယ့် မိသားစုတွေကို ခြိမ်းခြောက် အနိုင်ကျင့်တာတွေ လုပ်တယ်။ ဒါက ထုံးစံပါ။ အခု ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်ယားကန် အရေးအခင်း ဖြစ်လာတော့ ပိုပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို လှုပ်ရှားမှုတွေ မပြုလုပ်လာအောင်၊ သတင်းတွေ ပြန့်နှံ့ မလာအောင် စသည်ဖြင့် တိုးပြီး ဆောင်ရွက်လာတဲ့ သဘောပဲ”

ဟု မိုးမခသို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးက ပြောကြားသည်။

လွန်ခဲ့သည့် တလခန့်က မြစ်ကြီးနား ထောင်သို့ ဖောက်ထွင်း ၀ိဇ္ဇာတဦးကို ပြောင်းရွှေ့ ချုပ်နှောင်ထားကြောင်း၊ ၎င်းနှင့် အတူ ပြစ်မှုကြီး ခံထားရသူတို့ ပူးပေါင်းပြီး လွန်ခဲ့သည့် ၁ ပတ်က ထောင်ဖောက် ပြေးခဲ့ကြကြောင်း၊ အဆိုပါလူ ထွက်ပြေး လွတ်မြောက်သွားပြီး ကျန်သူတို့ကို အာဏာပိုင်တို့က ဖမ်းမိလိုက်ကြောင်းကိုလည်း မြစ်ကြီးနား ရပ်ကွက် သတင်းများက တဆင့် ကြားသိရသည်။

“အခုလို အချိန်မျိုးမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေက နိုင်ငံရေး အခြေအနေကိုရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုဝင်တွေ အတွက်ရော ကိုယ်ချင်း စာနာ စိတ်တွေနဲ့ အလွန် စိုးရိမ် ပူပန်နေကြပါတယ်။ ထောင်ထဲက မျက်စိပိတ်၊ နားပိတ် နေကြရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်တိုင်ကလည်း ဒီလိုမျိုး မတရား အနိုင်ထက်ကျင့်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်မျိုးကို ဘယ်လိုနည်းနဲ့မှ ကျေနပ်ကြမယ် မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်”

ဟု နိုင်ငံရေး အကျဉ်သား တဦး၏ ဇနီး ဖြစ်သူက မိုးမခသို့ ပြောကြားခဲ့သည်။

Comments