Naing Linn Aung - Burmese Politics under dark

အမှောင်ရိပ်သန်း နေသည့် မြန်မာ့နိုင်ငံရေး
နိုင်လင်းအောင်
မေလ ၂၈ရက်၊ ၂၀၀၉

အဆုံး၏ အစလား
ရန်ကုန်မြို့တွင် သာမက မြန်မာနှင့် နိုင်ငံတကာမှာပါ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်ရှေ့ ဖြတ်သန်း သွားသည့် လမ်း တလျှောက် လုံထိန်းကားများ၊ စွမ်းအားရှင်ခေါ် နေ့စား လက်မရွံ့များကို တင်ဆောင်ထားသည့် ဒိုင်နာ ဘတ်စကားများ ၀င်လိုက် ထွက်လိုက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် မီဒီယာ သမား များကို မျက်ခြေ မပြတ် စောင့်ကြည့်လျက်ရှိကြသည်။

မြန်မာနိုင်ငံရေး နှင့် ပတ်သက်သည့် ထင်ရှားသည့် အဖြစ် အပျက်များ ဖြစ်ပျက်လေ့ ရှိသည့် မေလ၏ တတိယ သီတင်းပတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံး တင်ပြီဟု ကြားသိရသည်နှင့် လူထု အများက မြင်တွေ့ရရန် မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည် သတင်းကြားလို၍ သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ပြသရန် သော်လည်းကောင်း အင်းစိန်ထောင်ဗူးဝ ရှေ့သို့ လာရောက် စုရုံးခဲ့ကြသည်။

ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်တွင် နေထိုင်သူ မစန်းစန်းအေးသည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည်သူ တဦးဖြစ်ပြီး ယခု အဖြစ် အပျက် ဖြစ်ပျက်လျက် ရှိသည့် အခါ အင်းစိန်ထောင်ရှေ့သို့ သွားရောက်ကြည့် ရှုချင်ပြီး ဒေါ်စုကို ထောက်ခံကြောင်းလည်း ပြသလိုသည့် အတွက် ထိုနေရာသို့ သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုနေရာ တ၀ိုက်သို့ လာရောက်သည့် သူများအား အနီးကပ် စောင့်ကြည့်နေသည့် အရပ်ဝတ်ရဲများ၊ သတင်းပေးများ ရှိနေသည် ဆိုသည့် သတင်းများကိုလည်း ပြည်ပမှ လွှင့်ထုတ်သည့် မြန်မာဘာသာ ရေဒီယိုများမှ ကြားသိရသည့် အတွက် ဈေးဆွဲခြင်း တလုံးကို ယူပြီး အင်းစိန်ဈေးသို့ ထွက်လာခဲ့သည်။

ပိတ်ဆို့ ခြိမ်းခြောက် အင်အားသုံး
အင်းစိန်ဈေးသို့ မရောက်မီ ပိတ်ဆို့ထားသည့် နေရာမှ လမ်း ဆင်းလျှောက်ရပြီး ဈေးဘက်သို့ သွားရန် ရပ်ကွက် အတွင်း လမ်းကြို လမ်းကြားမှ ဖြတ်သန်းသွားရမည် ဖြစ်၍ အနီးအနားရှိ ဆိုက်ကား တစီးကို ဈေးသို့ လိုက်ပို့ပေးရန် ငှားလိုက်သည်။ ဆိုက်ကားဆရာက မျက်နှာစိမ်းလည်း ဖြစ်သောကြောင့် ဘယ်မှာနေလဲ၊ ဘာလို့ ဒီဈေးကို လာရတာလဲ စသဖြင့် သာမန် မေးလေ့ မရှိသည့် မေးခွန်းများကိုပါ မေးမြန်းခြင်း ခံလိုက်ရသည်။ ဆိုက်ကားသမား တယောက် အနေဖြင့် ခရီးသည်ကို အလ္လာပ သလ္လာပ ပြောဆိုသည့် သဘောထက် ကျော်လွန်ကာ စပ်စု သိရှိ လိုသည့် မေးခွန်းများဖြင့် မေးမြန်းလာ နေသဖြင့် ထို ပတ်ဝန်းကျင်တွင် ရဲများ၊ ရဲသတင်းပေးများ မည်မျှ ချထားကြောင်း မစန်းစန်းအေး ကိုယ်တိုင် ခံစား နားလည် လိုက်ရသည်။

ထိုအင်းစိန်ထောင် ဗူးဝရှေ့ ၀န်းကျင်တွင် နအဖ စစ်အစိုးရ၏ နေ့စား စွမ်းအားရှင်များ၊ လုံထိန်းရဲများ၊ အရပ်ဝတ်ရဲများ၊ ယူနီဖောင်းဝတ် ရဲများ ရာဂဏန်းနှင့်ချီ ချထားလျက် ရှိပြီး ဦးဝင်းတင် အပါ အ၀င် အန်အယ်လ်ဒီ ထောက်ခံသူများမှာ နှစ်ဆယ်ကျော် သုံးဆယ်မျှသာ ရှိသည်။ ထိုအတွက် လူစိမ်းတယောက် ၀င်လာလျင် ဒါဇင်မျှ မကသော မျက်လုံးများက လိုက်လံ စောင့်ကြည့်နေပြီး မသင်္ကာလျှင် နောက်ယောင်ခံ လိုက်လာလေ့လည်း ရှိသည်။

ရန်ကုန် မြို့ခံတို့ရဲ့ အသံနှင့် ခံစားမှု
အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးပြီး ၀င်ရောက်သွားခဲ့သည် ဆိုသည့် သတင်းကို နအဖ သတင်းစာများတွင် ဖတ်ရှုရစဉ်က ထိုအဖြစ်အပျက်သည် ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမည့် ကိစ္စနှင့် ပတ်သက်လာလိမ့်မည် ဟုမည်သူ တဦး တယောက်ကမှ မထင်မှတ် ထားခဲ့ကြပေ။ သို့ရာတွင် ထို အဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်ပိုင်း အကြာတွင် ဒေါ်စုကို တရားစွဲဆိုမည်၊ အင်းစိန်ထောင် ခေါ်ထုတ်သွားပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့် အခါတွင် စစ်အစိုးရ၏ အကြံ ကုန်နေသည့် အဖြစ်ကို သိရပြီး ရန်ကုန်မြို့ခံများမှာ စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြသည်။

ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသည့် ကုန်သည်များ၊ လဘက်ရည်ဆိုင် ပိုင်ရှင်များ၊ အငှားကား မောင်းသူများ အပါအ၀င် ရန်ကုန်မြို့ခံ အားလုံး နီးပါး ယခု အမှုကို စိတ်ဝင်တစား နားစွင့်လျက် ရှိနေကြသည်။ နံနက်စောစော၊ ညနေမှောင်ရီပျိုးပျ မြန်မာပိုင်းရေဒီယိုများ အသံလွှင့်ချိန်တွင် လှိုင်းတို ရေဒီယိုများကို သွားလေရာ သယ်ဆောင်ကာ နားထောင်လျက် ရှိသည်ကို တွေ့ရသည်။ လူထုမှာ မေလကုန်မှာ ဒေါ်စု လွတ်မြောက်လာမည် ဟု မမျှော်လင့်ထားကြသော်လည်း ယခု အဖြစ်လိုမျိုး မဆီမဆိုင်သည့် အမှုနှင့် ဒေါ်စုကို တရားစွဲကာ အင်းစိန်ထောင်သို့ ပို့လိမ့်မည် ဟူ၍ မည်သူကမှ ထင်မှတ်မထားခဲ့ကြ။

ဆိပ်ကမ်းသာလမ်းမှ ကွန်ပျူတာ ပစ္စည်းရောင်းသူ အမျိုးသမီး တဦးက``ဒီလို လုပ်တာကတော့ တော်တော်ကို ဗြောင်ကျလွန်းပါတယ်၊ ဖမ်းထားတာကိုက မတရားတဲ့ အပြင်၊ အဖမ်း ခံနေရတဲ့သူကို ဥပဒေ ချိုးဖေါက်တယ် ဆိုပြီး တရားစွဲတာ နအဖ အတွက် ရှက်စရာ အကောင်းဆုံး လုပ်ရပ်တခုပဲ´´ဟု ဆိုသည်။

ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်သူ အမျိုးသမီး တဦးကလည်း ``နေ့တိုင်း ဂြိုဟ်တု စလောင်းကနေ ဒီဗီဘီကို စောင့်ကြည့်နေတယ်၊ ဒေါ်စုအမှုနဲ့ ပတ်သက်လို့ ဘာတွေ ဖြစ်လဲ ဆိုတာ သိချင်လို့၊ အခု အဖြစ် အပျက်ကတော့ မတရားတဲ့ အပြင် အံ့အားသင့်စရာလည်း ကောင်းတယ်´´ ဟု ပြောဆိုသည်။

ပါးစပ်ပိတ်၊ နားပိတ် အသံတိတ် မီဒီယာ
မီဒီယာနယ်ပယ်မှ လူများအနေဖြင့် ယခု အဖြစ်အပျက်ကို ပြည်တွင်း မီဒီယာများတွင် မျှတစွာ ဖေါ်ပြခွင့် မရရှိနိုင်မှန်း သိလျက်နှင့် သတင်းသမား ဟူသည့် အသိစိတ်ကြောင့် အင်းစိန်တောင်ရှေ့ တ၀ိုက်သို့ သွားရောက်ကာ အခြေအနေ ကြည့်ရှု လေ့လာကြသည်၊ ဒါဇင်နှင့် ချီသည့် မျက်လုံးများ၊ အင်းစိန်ဈေးပေါ်မှ ရိုက်ကူးနေသည့် ဗီဒီယို ကင်မရာ တို့ကို ရင်ဆိုင်ကာ သွားရောက်ကြရခြင်း ဖြစ်သည်။

အင်းစိန်တွင် နေထိုင်သူ တဦးက သူတို့မိတ်ဆွေ တယောက် တရားရုံး ထုတ်သည့် ပထမနေ့နှင့် ဒုတိယနေ့တွင် ထိုနေရာသို့ သွားရောက်ကာ ပါလာသည့် ဒစ်ဂျစ်တယ် ကင်မရာဖြင့် ဓါတ်ပုံရိုက်ရာမှ ဒုတိယနေ့တွင် အိမ်ပြန်ရောက်မလာတော့ ဟုဆိုသည်။ နောက်ပိုင်း မိသားစုက လိုက်လံ စုံစမ်းတော့မှ ဖမ်းဆီးထားသည့် အဖြစ်ကို သိခဲ့ရသည်ဟုလည်း ဆိုသည်။

အန်အယ်ဒီ ဘာလဲ ဘယ်လဲ ဒီလိုပဲလား
နိုင်ငံရေး စိတ်ဝင်စားသူ အချို့နှင့် လေ့လာသူ အချို့တော့ အန်အယ်လ်ဒီ၏ ရပ်တည်ချက်ကို အားမရ ဖြစ်နေသည်ကိုလည်း ကြားသိရသည်။ အန်အယ်လ်ဒီ အနေဖြင့် ယခုထက်ပိုပြီး ပြောသင့် လုပ်သင့်သည်ဟု ထင်မြင်လျက် ရှိကြသည်။ အန်အယ်လ်ဒီ၏ ခေါင်းဆောင်မှုကို အားမရကြ၊ အန်အယ်လ်ဒီကို တခုတည်းသော အား အရှိဆုံး အတိုက်အခံ အဖွဲ့တခု အဖြစ် လက်ခံထားကြပြီး ယခုထက် ပိုပြီး ခေါင်းဆောင်မှု ပေးစေချင်ကြသည်။ ဒေါ်စု ထွက်လာမည့် အချိန် အထိ ခြေလှမ်းသစ် မလှမ်းဘဲ ပါတီ ဆက်လက် ရပ်တည်ခွင့် ရှိနေရေး တခုသာ အာရုံစိုက် နေလျင် မြန်မာ့နိုင်ငံရေး တိုးတက်ဖို့ နှောင့်နှေးနေမည် ဟု ဝေဖန် ပြောဆိုမှုများ ပေါ်ထွက်လျက် ရှိနေသည်။

ဘယ်လို အဆုံးသတ်မလဲ
ယခုကဲ့သို့ အမေရိ့ကန် နိုင်ငံသား တယောက် ရေကူးကာ ဒေါ်စုအိမ်ထဲ ၀င်ရောက်ခဲ့သည့် အဖြစ် အပျက် မဖြစ်ပျက်ခဲ့လျှင်လည်း နအဖ အနေဖြင့် ဒေါ်စုအား ဆက်လက် ဖမ်းဆီးထားမည် ဆိုသည့် အချက်ကို မည်သည့် မြန်မာနိုင်ငံသားမှ သံသယ မရှိကြပေ။ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ယခု အဖြစ်အပျက်သာ မဖြစ်ပွားခဲ့လျင် ဒေါ်ဆောင်ဆန်းစုကြည်မှာ မကြာခင် လွတ်မြောက်လိမ့်မည် ဆိုသည့် အပြောကိုလည်း မည်သူမှ အယုံအကြည် မရှိကြ။

ဆက်လက် ဖမ်းဆီးထားလိုသည့် အတွက် ကြောင့်သာ ဘာမဆိုင် ညာမဆိုင် ယခု အဖြစ်အပျက်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခဲ့ခြင်း ဖြစ်သည်ဟု အားလုံးက နားလည်ထားကြသည်။ စစ်အစိုးရ အနေဖြင့် ဆီလို အပေါက်ရှာနေသည့် ကြားထဲတွင် ဒေါ်စုခြံထဲ ရေကူးဝင်သည့် ကိစ္စ ပေါ်လာသဖြင့် ထိုအဖြစ် အပျက်နှင့် အတင်း ဆွဲစပ်ခဲ့ခြင်း ဖြစ်သည်။

လျှော့တွက်မိသူ ဘယ်သူဖြစ်မည်
သို့ရာတွင် စစ်အစိုးရ မတွက်ချက်ထားခဲ့သည်မှာ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ၏ တုံ့ပြန်မှု ဖြစ်သည်။ တရုတ်နှင့် ရုရှမှ လွဲလျှင် ယခုလောက် နိုင်ငံတကာက တညီတညွတ်တည်း ကန့်ကွက်ကြ၊ သဘောထား အမြင်ကို ထုတ်ဖေါ်ကြသည်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းတုန်းက ကဲ့သို့ပင်ဖြစ်သည်။ နအဖ အစိုးရက နိုင်ငံတကာ၏ အမြင်၊ တုံ့ပြန်မှုကို လျော့တွက်ထားခဲ့ပုံပေါ်ပြီး ယခင်က ရေငုံ နှုတ်ဆိတ်နေလေ့ ရှိသည့် အာဆီယံက အသံထွက်လာ၊ ဝေဘန် ပြောဆိုလာသည်ကို မခံမရပ်နိုင် ဖြစ်နေပုံရသည်။

နအဖအစိုးရမှာ နိုင်ငံတကာ အလယ်တွင် ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေး အခင်းအပြီး မျက်နှာငယ် ခဲ့ရသကဲ့သို့ ယခု လက်ရှိ အချိန်တွင်လည်း ထပ်မံ ကြုံတွေ့နေရပြီဖြစ်သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းတားပြီး လူထု လှုပ်ရှားမှုနှင့် အန်အယ်လ်ဒီ ပါတီ အသက်ဝင် လှုပ်ရှားလာမည့် အရေးကို ဟန့်တားမည် ဟုနအဖ အစိုးရက သံဓိဌာန် ချထားပုံရရာ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နည်းနှင့် မဆို ထောင်ဒဏ် ချမှတ်မည်မှာ သေချာသလောက် ရှိသည်။

ထောင်ဒဏ် အပြစ်ပေးပြီး အိမ်မှာ အကျယ်ချုပ်ဖြင့် ပြန်ထားမည်လား၊ သို့မဟုတ် အင်းစိန်ထောင်တွင်ပင် ထောင်ဒဏ်ကျခံရသူ အဖြစ်နှင့် သီးသန့် ထားရှိမည်လား ဆိုသည်မှာ ယခုအချိန်တွင် သဲသဲကွဲကွဲ မသိနိုင်ကြသေးပေ။

တခု သေချာသည်မှာကား လူထု ဆန္ဒ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဝေဘန် ထောက်ပြမှု တို့ကို ဆန့်ကျင်ကာ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် စီရင်မည့် အဖြစ်သည် နအဖ အစိုးရအတွက် ပိုမို ခက်ခဲလာစေမည့် နိုင်ငံရေး ကစားကွက်တခုကို ဖန်တီးလိုက်သလို ဖြစ်စေမည့် အချက်ပင် ဖြစ်သည်။


Comments