အမျိုးသမီးရေးရာလည်း ပါတီဖွဲ့မည်
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၂ရက်၊ ၂၀၀၉
နအဖ အစိုးရ၏ အာဏာတည်မြဲစေအောင် အထောက် အကူပြုသည့် အဖွဲ့အစည်းတခု ဖြစ်သည့် အမျိုးသမီးရေးရာ အဖွဲ့ကို လာမည့် ၂၀၁၀ တွင်ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင် စေရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
ယခုလက်ရှိ အစိုးရ ၀န်ထမ်း တာဝန်ထမ်းဆောင်နေပြီး အမျိုးသမီးရေးရာ အဖွဲ့တွင်လည်း အရေးပါသည့် ရာထူးတာဝန်ယူထားသူ များကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် အမျိုးသမီးရေးရာ အဖွဲ့ စည်းဝေးတွင် အစိုးရ၀န်ထမ်း မဟုတ်သူများနှင့် အစားထိုးလဲလှယ် လိမ့်မည်ဟု အမျိုးသမီး ဌါနဆိုင်ရာ အရာရှိ ၀န်ထမ်း တဦးကပြောဆိုသည်။
အစိုးရ ၀န်ထမ်းများအနေဖြင့် နိုင်ငံရေး ပါတီတခုခုတွင် ၀င်ရောက် လှုပ်ရှားခွင့် မရှိသည့် အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သိရှိရပြီး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကိုမူ ပါတီအသွင် ပြောင်းမည့် ရည်ရွယ်ချက်မရှိသေးပဲ ယခင်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဟု လည်းသိရှိရသည်။
လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ယခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေကို ကြေညာ အသိပေးခြင်း မရှိသေးသော်လည်း နအဖ၏ လက်ခွဲ ပါတီများ ဖြစ်လာမည့်ု အမျိုးသမီးရေးရာ အဖွဲ့ကဲ့သို့သော အင်အားစုများကိုမူ လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိ သည်ကိုတွေ့ရသည်။
အမျိုးသမီးရေးရာ အဖွဲ့ကို ၂၀၀၄ခုနှစ်တွင် ဖြုတ်ချခြင်း ခံခဲ့ရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွှန့်၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်ရွှေက တလျှောက်လုံး ဦးဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်ကုန် ပိုင်းတွင် ထိုစဉ်က ၀န်ကြီးချုပ် ရာထူး ဆက်ခံသူ ဗိုလ်ချုပ်ကြီးစိုးဝင်း ဇနီးကို လွှဲပြောင်းတာဝန်ပေး အပ်ခဲ့သည်။
နအဖ စစ်အစိုးရသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အတိုက်အခံ အန်အယ်လ်ဒီ ပါတီက အပြတ်အသတ် အနိုင်ရခဲ့သည့် ကံကြမ္မာမျိုးနှင့် ထပ်မံ မကြုံတွေ့ရစေရန် လူထုအား ခြိမ်းခြောက်ခြင်း၊ လက်ခွဲ ပါတီငယ် အများအပြားဖြင့် ရွေးကောက်ပွဲကို လုံးဝ လွှမ်းမိုးနိုင်အောင် ကြိုးစားခြင်း၊ စစ်တပ်မဟုတ်သည့် အဖွဲ့အစည်းများ ပြင်ဆင်မှု မလုပ်နိုင်စေရန် အချိန်နီးကပ်မှ ရွေးကောက်ပွဲ ဥပဒေကို ကြေညာမည့် လက္ခဏာတို့ ကိုတွေ့မြင်နေရသည်။
Comments