Danok Pagoda collapse due to Thunder Strikes, local told


ဓနုတ်စေတီ ပြိုကျရခြင်းမှာ မိုးကြိုးပစ်ချခြင်းကြောင့်ဟု ရွာခံအချို့က ဆို
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၄ရက်၊ ၂၀၀၉

ဒလမြို့နယ်အပိုင် ဓနုတ်ကျေးရွာရှိ ရှေးဟောင်းစေတီ ပြိုကျရခြင်းမှာ မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်သည်ဟု ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ရ သည့် ဓနုတ် ရွာခံအချို့က ပြောဆိုသည်။ အဖြစ်အပျက်ဖြစ်ပျက်စဉ် နေ့က စေတီ အနီးတ၀ိုက်ရှိနေသူ အချို့နှင့် ပြုပြင်ရေးလုပ်ငန်း တွင် ကိုယ်တိုင်ပါဝင်နေသူ အချို့မှာ ဖြစ်ပျက်မှု မြန်ဆန်လွန်းသည့် အတွက် မည့်သည့်အကြောင်းကြောင့် ပြိုကျခဲ့သည်ကို ဝေခွဲမရဖြစ်ခဲ့ ရပြီး ရက်ပိုင်းအကြာတွင်မှ ယခုလို အကြောင်းရင်းကို သိရှိလာခြင်းဖြစ်သည်ဟု သိရသည်။

ထိုနေ့က စေတီ၏ ထီးတော်မပြိုကျမီ စေတီတော်၏ မြောက်ပိုင်းမှ မီးလုံးအနီကြီး ပေါ်ထွက်လာခဲ့သည်ကို စေတီပြုပြင်ရေး လုပ်ငန်းတွင် လုပ်အားပေးလုပ်ကိုင် နေသူများနှင့် ရွာခံအချို့က မြင်တွေ့ခဲ့ရသည်။ ထိုအပြင် မီးခိုးလုံးကြီးသဖွယ် ပေါ်ထွက်လာပြီး မှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် စေတီ၏ အလယ်ပိုင်း ပြိုကျလာခဲ့ ခြင်းဖြစ်သည်ဟုလည်း သိရသည်။ အဖြစ်အပျက် ဖြစ်ပွားခဲ့သည့် ထိုနေ့က ရာသီဥတုအနေ အထားမှာ မိုးရွာသွန်းနေခြင်း မရှိသော်လည်း မိုးတိမ်တောင်များ ရှိနေခဲ့သည်ဟု သိရှိရသည်။ ဓနုတ်စေတီတွင် မိုးကြိုးလွဲ တိုင်များ တပ်ဆင်ထားခြင်း မရှိကြောင်းလည်း သိရှိရသည်။

ဓနုတ်စေတီသည် ရှေးဟောင်းသမိုင်းဝင် စေတီတဆူဖြစ်ပြီး စေတီအား ပြန်လည်ပြင်ဆင်ရာတွင် ဘုန်းကံမရှိသူ ဖြစ်ပါက မအောင်မြင်နိုင်ဟု ဒေသခံများနှင့် လူကြီးသူမများက ယုံကြည်မှုရှိနေကြသည်။ အခြားအရေးကြီးသည့် အချက်တချက်မှာ မေလ ၇ရက်နေ့က ဒေါ်ကြိုင်ကြိုင်နှင့် သားသမီးများက ဓနုတ်စေတီတော် ထီးတင်ခဲ့စဉ်က နိုင်ငံရေးရည်ရွယ်ချက် မကင်းသည့် အစီအမံများ၊ ယတြာများကို ပြုလုပ်ခဲ့ဟန်တူသည် ဟုလည်း မြန်မာနိုင်ငံသား အချို့ကယုံကြည်လျက်ရှိသည် ကိုကြားသိရသည်။

နအဖ အစိုးရ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် ၄င်းတို့ မိသားစု၏ အာဏာတည်မြဲရေး၊ အတိုက်အခံများအပေါ် အနိုင်ရစေရေးအတွက် ဗေဒင်ယတြာများ ပြုလုပ်လေ့ရှိသည် ဟုလူအများက ယုံကြည်ကြပြီး ယမန်နှစ်ကလည်း ရွှေတိဂုံစေတီပေါ်တွင် လုံခြုံရေး အစောင့်အရှောက်များ ချထားပြီး နအဖ အာဏာတည်မြဲရေး အတွက် ယတြာချေခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုဓနုတ် မိုးကြိုးပစ်ခံရခြင်းသည် နအဖ ခေါင်းဆောင်တို့အတွက် မကောင်းသည့် အတိတ်နိမိတ်ဖြစ်ပြီး မေလဆန်းတွင် ပြည်သူအများက လေးစားယုံကြည်သည့် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရား အမှုဆင်ကာ တရားစွဲဆိုခြင်းကြောင့် ယခု အတိတိမိတ်များ ပေါ်ထွက်လာရခြင်း ဟုလည်း လူအများအနေဖြင့် ယုံကြည်လျက်ရှိကြသည်။

ယခုထိ သိရှိရသည့် အချက်အလက်များအရ ဖြစ်ပွားသည့် နေ့တွင်သေဆုံးသူ ၄ဦး ရှိခဲ့ပြီး ဒုတိယနေ့ တွင် အပျက်အစီးများကြားမှ သေဆုံးသူ ၈ ဦး ထပ်မံတွေ့ရှိခဲ့ရသည်ဟု ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် အမည် မဖေါ်လိုသူတဦးက ပြောကြားသည်။ ထို့ကြောင့် အနည်းဆုံး အသက်ဆုံးရှုံးရသူ ၁၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၅၀မှ ၈၀ဦးအကြားရှိသည်ဟု ဒလနှင့် ရန်ကုန်ဆေးရုံကြီးမှ ရရှိသည့် ကိန်းဂဏန်းများအရသိရှိရသည်။

Comments