ပတ်ဝန်းကျင်ထိန်းသိမ်းရေး အနုပညာ ပြပွဲ ကျင်းပ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန်လ ၅ရက်၊ ၂ဝဝ၉
ပြပွဲတွင် တက်ရောက် အားပေးသော မိုးဟေကို
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန်လ ၅ရက်၊ ၂ဝဝ၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy5jHRXkC1y3avePaKcr23GxU4LphuP8IzWUhSqRy9Mu9q8_JTpaoxyCRj7xp1ohE84fMKf2uBGouxktElF77rAS10sZj9fgHFxz-8QhdnV-v1mkrKGLHSq4NOSV5VKQyUVCmT3ckXBZcz/s400/Moe+Hay+Ko+in+Green+Heart+exhibition+copy.jpg)
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ နိုးကြားလာစေရန် ရည်ရွယ်ပြီး အနုပညာ ရှင် ၅ဝ ၏ ဖန်တီးမှုလက်ရာများ ကိုစုစည်း ပြသသည့် Environment Art Exhibition အမည်ရှိ ပြပွဲတရပ်ကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့၌ စတင် ဖွင့်လှစ်ခဲ့သည်။
ထိုပြပွဲတွင် ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်းလက်ရာ အရေအတွက်အားဖြင့် ရာဂဏန်းကျော်မျှ ပြသထားပြီး တန်ဘိုးအားဖြင့် အနိမ့်ဆုံး မြန်မာငွေ ကျပ် ၂သောင်း၊ အက်ဖ် အီးစီ ၅ဝ မှ အမြင့်ဆုံး အက်ဖ်အီးစီ ၃ထောင် ဝန်းကျင် ထိတန်ဖိုးရှိသည့် ပန်းချီကားများ ပါဝင်သည်ကို တွေ့ရသည်။
ယခု ပြပွဲသို့ ပန်းချီ၊ ကာတွန်း၊ စာပေပညာရှင်များနှင့် အနုပညာနယ်ပယ်မှ သရုပ်ဆောင်၊ ဒါရိုက်တာများ လာရောက် အားပေးကြသည်ကို တွေ့ရသည်။ သရုပ်ဆောင် နှင့် မိုဒယ် မိုးဟေကိုလည်း လာရောက် အားပေးပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အတွက် အလှူငွေ ကျပ် ၁သိန်း ထည့်ဝင် လှူဒါန်းခဲ့သည်။
ပြပွဲကို ဦးဆောင် စီစဉ်သူများမှာ ဂရပ်ဖစ် ဒီဇိုင်းဆရာ ဦးစိုးဝင်းငြိမ်း၊ ကဗျာဆရာ မင်းထက်မောင် နှင့် ကာတွန်းဆရာ အော်ပီကျယ် အပါအဝင် အခြားစာပေ နယ်ပယ်မှ ပုဂ္ဂိုလ်များ ဖြစ်သည်ဟု သိရသည်။ ကာတွန်းဆရာ အော်ပီကျယ် ရေးဆွဲသည့် သစ်ထုတ်လုပ်သည့် အကြောင်း ကာတွန်းတကားကို မပြသရန် ပြပွဲစိစစ်သည့် အဖွဲ့ တားမြစ်ခဲ့သည် ဟုလည်း သိရှိရသည်။
အဆိုပါ ပြပွဲကို လာမည့် တနင်္ဂနွေနေ့ ညနေအထိ ပြသရန် စီစဉ်ထားပြီး ပြပွဲနေရာမှာ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ Myanmar Art Center (ယခင် ပန်းချီပန်းပုကျောင်း) ဖြစ်ပြီး နံနက် ၁ဝနာရီမှ ညနေ ၅နာရီအထိ မည်သူမဆို ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပြပွဲစီစဉ်သူများက ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သည့် ဆောင်ပုဒ်စာတန်းပါ လွယ်အိတ်နှင့် တီရှပ်များကိုလည်း ကျပ် ၂၅ဝဝ၊ ၁၅ဝဝ ဖြင့်ရောင်းချလျက် ရှိသည်ကို တွေ့ရသည်။

![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkugLTc7xlJNSPtue8SkLE2bwfoXeYnAYCU5XXBbhYNeVje9sDABYqkwd91YQeqyKk4DtKCN_0I_nc9PXnbyyRlQH_GODFf-dh54N7D8Tvaa35nA5Qo_8UBAW1V6lGCse4ZF3foB-_u-N/s400/Picture+1.jpg)
Comments