ဥရောပသမဂ္ဂ၏ ဒုက္ခသည်များအတွက် စိုးရိမ်မှုကို စစ်အစိုးရ ပယ်ချ
AP သတင်းဌာန
ဇွန် ၁၄၊ ၂၀၀၉
အင်္ဂါနေ့က တပ် (Tak) ခရိုင်၊ သာဆောင်ယမ်း (Tha Song Yag) မြို့သို့ ရောက်ရှိလာသော ဒုက္ခသည်များ (ဓာတ်ပုံ - AP)
AP သတင်းဌာန
ဇွန် ၁၄၊ ၂၀၀၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlx1l3JGxbMJ8eFO_T-esd7uzxAZkfs6-hZc8tS-HyaI1OYeJFNRu5hMzbGuXO1Uato2coZ3qu82luPJYhrBDgXBiY5LTYPFbosvDpKphZ0SrEv-riwzlygBp4xIKIn_FSCVm9S0Ze2BO_/s400/ap.jpg)
မြန်မာ့တပ်မတော်၏ ကရင်သူပုန် စစ်ဆင်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မိသည်ဟု ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်ကို မြန်မာအစိုးရက ယနေ့ ပယ်ချလိုက်သည်။ တိုက်ပွဲများမှ လွတ်မြောက်ရေးအတွက် ထောင်နှင့်ချီသော တိုင်းရင်းသား လူနည်းစုများ နိုင်ငံမှ ထွက်ပြေးခဲ့ပြီးချိန်တွင် ထိုသို့ ပယ်ချလိုက်ခြင်း ဖြစ်သည်။
မြန်မာပြည် အရှေ့ဘက်ခြမ်းတွင် ပြုလုပ်ခဲ့သော ထိုးစစ်များကြောင့် ကရင်တိုင်းရင်းသား ၄၀၀၀ မက ၎င်းတို့၏ ဒေသကို စွန့်ပြီး ထိုင်းနိုင်ငံဘက်သို့ ယခုလအတွင်း ရှောင်တိမ်းခဲ့ရသည်ဟု ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း ( TBBC )က ပြောသည်။ ထိုအသင်းသည် နယ်စပ်မှ ဒုက္ခသည်များကို ကူညီနေသော အဓိက အသင်း ဖြစ်သည်။
ဥရောပ သမဂ္ဂသည် ဒုက္ခသည်များ အလုံးအရင်းနှင့် ထွက်ပြေးရခြင်းကို “အလွန်အမင်း စိုးရိမ်ကြောင်း”၊ ထိုးစစ်များကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုကြောင်း ပြီးခဲ့သည့်အပတ်က ထုတ်ဖော် ပြောဆိုခဲ့သည်။
ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက် ပါရှိခဲ့ရာ ဥရောပသမဂ္ဂ၏ ဝေဖန်ချက်မှာ အခြေအမြစ် မရှိဘဲ နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်နေသည်၊ “တိကျခိုင်လုံမှု မရှိသော သတင်းများကို အခြေခံကာ ထုတ်ပြန်ခဲ့ကြောင်း ထင်ရှား ပေါ်လွင်နေပါသည်” ဟု ဖော်ပြထားသည်။
တိုက်ပွဲများကို “အချင်းချင်း ဖြစ်ပွားသည့်တိုက်ပွဲများ” အဖြစ် နိုင်ငံခြားရေး ဌာနက ဖော်ပြလိုက်သည်။ အစိုးရနှင့် ပူးပေါင်းလိုသော လက်နက်ချလိုသော ကရင်တပ်ဖွဲ့များကို ထိုင်းနိုင်ငံ အခြေစိုက် ကရင်သူပုန်များက တားဆီးခြင်းကြောင့် ဖြစ်ပွားရသည့် တိုက်ပွဲများ ဖြစ်ကြောင်း ပြစ်တင် ပြောဆိုထားသည်။
ကရင်တိုင်းရင်းသား ဒုက္ခသည်များသည် ထိုင်းနယ်စပ်မြို့ မဲဆောက်မှ ၆၂ မိုင်ခန့် ဝေးကွာသည့် အရပ်ရှိ နေရာ အများအပြားတွင် ခိုလှုံလျက် ရှိသည်။
အကူအညီပေးရေး အဖွဲ့များက ဒုက္ခသည်များကို အရေးပေါ် အစားအသောက်၊ အမိုးအကာ နှင့် အခြား လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့လျက် ရှိသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က သောကြာနေ့တွင် ပြောရာတွင် ဒုက္ခသည် အများအပြားမှာ ကရင်ရွာသားများ ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ လုပ်အားပေး ခိုင်းစေခြင်း၊ ပေါ်တာ အထမ်းသမားအဖြစ် ခိုင်းစေခြင်းတို့ကို ကြောက်ရွံ့သဖြင့် ရှောင်တိမ်းလာသူများ ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံရှိ စခန်းအသီးသီးတွင် ထိုးစစ်များကြောင့် တိမ်းရှောင်လာရသူ တသိန်းခန့် ရှိနှင့်ပြီး ဖြစ်သည်။ အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်သည်။ အကူအညီ ပေးရေး အဖွဲ့တို့၏ အဆိုအရ တောထဲတွင် လူ ၅ သိန်းခန့် ပြေးလွှား ပုန်းရှောင်နေရသည်ဟု သိရသည်။

Comments