Quotes for 2009 June


မိုးမခ ရဲ့ ဇွန်လ စာကိုး စကားကိုး
ဇွန် ၂၉၊ ၂ဝဝ၉


“ဒရာမာ ရိုက်တဲ့ လူတွေကလည်း ပေါ့ပေါ့လေး မရိုက်ဘူး။ ရိုက်ပြီ ဆိုကတည်းက အကယ်ဒမီ မှန်းပြီး ရိုက်ကြတာ များတယ်”

ကြည်ဖြူရှင်၊ ရုပ်ရှင်ဒါရိုက်တာ
ပေါ်ပြူလာဂျာနယ်၊ ဇွန် ၉

“နိုင်ငံခြား ဆိုတာက မိဝေး ဖဝေးလည်း ဖြစ်တယ်၊ အုပ်ထိန်းသူလည်း မရှိတော့ လုပ်ချင်တာ လုပ်လို့ရတယ်လေ။ ဒါကြောင့် တိုးတက်ဖို့အတွက် ထိန်းချုပ်မှု ဆိုတာ လိုအပ်ပါတယ်။ - - နေမကောင်းဖြစ်လည်း ကိုယ့်ဘာသာ ဆန်ပြုတ်သောက်၊ ဆေးသောက်နေရတယ်။ အလုပ် လုပ်ရလွန်းလို့ မနက် အိပ်ရာထရင်တောင် လက်ကို ကောင်းကောင်းဆန့်လို့ မရဘူး။ - - သူများနိုင်ငံမှာ နေခဲ့ရတဲ့ အတွေ့အကြုံက ကိုယ့်ဘဝအတွက် နေထိုင် ပြောဆိုမှု၊ အချိန်၊ အလုပ်ကို လေးစားမှုတွေကို အများကြီး အံဝင်သွားစေပါတယ်”

ခန့်စည်သူ၊ သရုပ်ဆောင်
ပေါ်ပြူလာဂျာနယ်၊ ဇွန် ၉

“ပဲဝါလေး ရောင်းတဲ့ ဆိုင်တွေက တစ်ဆိုင်နဲ့တစ်ဆိုင် အရောင် သိပ်မတူကြဘူး။ တချို့ဆိုင်ကပဲက သိပ်မဝါဘူး။ တချို့ဆိုင်ကပဲက အရမ်း ဝါတယ်။ ရေဆေးတဲ့အခါမှာတော့ ရေတွေ အမြဲတမ်း ဝါနေတာကို တွေ့ရတယ်”
ဒေါ်အေးလှ၊ အင်းစိန်မြို့နယ် ဒေသခံ
24/7 News Journal ၊ ဇွန် ၁၄
အင်တာနက်ကဖေးများတွင် p-fingo ဖုန်း ဝန် ဆောင်မှုနှုန်း

“အပြင်က ဖုန်းနဲ့ခေါ်ရင် တစ် မိနစ် ကျပ်သုံး လေးထောင်ကျမှာကို p-fingo နဲ့ ခေါ်တော့ ကျပ် ၅ဝ၊ ၁ဝဝ လောက်ပဲကျလို့ တော်တော်အဆင် ပြေပါတယ်။ စစတုန်းကထက် အခု ဆိုရင် ခေါ်ဆိုခ နှုန်းထားတွေလည်း အတော် သက်သာလာပါတယ်”
ရန်ကုန်မှ စင်ကာပူသို့ ဖုန်းဆက်သူတဦး
Weekly Eleven ဂျာနယ်၊ ဇွန် ၂၄

“ဝိုင်းစုက ငယ်ငယ်ကတည်းက နှာခေါင်းက အားနည်းတာကို အကုန်လုံးက ပြင်ခိုင်းတယ်။ သွားပြတော့ ပြင်ဖို့ရယ်လို့ မဟုတ်ဘူး။ ပန်းလှိုင်မှာ သွားပြရင်းနဲ့ ဆရာဝန်နဲ့ ဘယ်လိုပြင်ရင် ကောင်းမလဲလို့ သွားတိုင်ပင်ရင်းနဲ့ နာရီဝက်လောက် နေတော့ ခွဲလိုက်တာ”

ဝိုင်းစုခိုင်သိန်း၊ အဆိုတော်၊ သရုပ်ဆောင်
နံနက်ခင်းဂျာနယ်၊ ဇွန် ၃

“အခုချိန်မှာ ခလုတ်တိုက်မိရင်တောင် အင်တာနက်ဆိုင် ဖြစ်နေပြီ။ စူပါမားကက်၊ မီနီမားကက်တွေလည်း ပေါလာတယ်”
ရန်ကုန်မှ လေအေးစက်အရောင်းကိုယ်စားလှယ်တဦး
Flower News ဂျာနယ်၊ ဇွန် ၉

“ဟိုတစ်လောက တုတ်တုတ်စီးသွားတဲ့ မြန်မာတွေ လမ်းမှာ ရိုက်အလုခံရတယ်။ တုတ်တုတ်က စိတ်မချရဘူးဟု စိုးရိမ်တကြီး ဆိုသည်။ ကျွန်တော်ကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် ဘန်ကောက်မှာ တုတ်တုတ်စီးရခြင်း ဖြစ်၍ တုတ်တုတ်နှင့်ပဲ ပြန်လိုသည်။ ပြီးတော့ တုတ်တုတ်မောင်းတဲ့လူက ကျွန်တော့်ကို တံခါးပိတ်ပြီး လော့ခ်ချထား၍မရ။ အန္တရာယ် ကြုံစေဦးတော့ တယောက်ချင်း ဆိုလျှင် ပြဿနာ မရှိ။ ကျွန်တော်လည်း မြန်မာသွေးတော့ အကြွေး ဆပ်ခွင့် ကြုံလျှင် ဆပ်လိုက်ချင်သေးသည့် အတွက် တုတ်တုတ်နှင့်ပဲ ပြန်ခဲ့သည်”

မြတ်ခိုင်၊ အယ်ဒီတာ
လျှပ်တစ်ပြက်ဂျာနယ်၊ ဇွန် ၅

“၁၉၉ဝ ပြည့်နှစ် နိုင်ငံရေး ဝန်းကျင်ဟာ အန္တရာယ်မကင်းခဲ့လို့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာလည်း အန္တရာယ် မကင်းနိုင်ဘူးလို့ ယူဆတဲ့သူတွေ ရှိတယ်။ ကျွန်တော့်အနေနဲ့ အဓိပ္ပာယ် ကောက်ယူရမယ် ဆိုရင် ၁၉၉ဝ တုန်းက လုပ်လို့ရမယ် ထင်ပြီး လုပ်ခွင့်မရတာ အခြေခံဥပဒေ မရှိလို့။ ဒီအချိန်မှာတော့ အခြေခံဥပဒေ တည်တည်တံ့တံ့ ရှိပြီလို့ ယေဘုယျ ပြောရမယ်။ ဒုတိယအချက်က ကောင်းပြီ အခု အခြေခံဥပဒေက အာမခံချက် ပေးထားတဲ့ အတွက် ဒီနိုင်ငံရေးကို နိုင်ငံသား အားလုံး အန္တရာယ် ကင်းစွာနဲ့ လုပ်လို့ရပြီလို့ ခင်ဗျား အာမခံသလား မေးရင် it depends လို့ ပြောရမယ်။

ဘာကြောင့် it depends လို့ ပြောရသလဲ ဆိုရင် အန္တရာယ် ကင်းသလား၊ မကင်း သလားဆိုတာ ဒီအခြေအနေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး ယန္တရား အထူးသဖြင့် လုံခြုံရေး အဖွဲ့ အစည်းများက ဘယ်လောက် အသွင် ကူးပြောင်းနိုင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်”

ဒေါက်တာ နေဝင်းမောင်၊ နိုင်ငံရေးသမား
The Voice ဂျာနယ် june 8

“ဘက်စုံပဲ အကူအညီတောင်းတာပဲ။ စစ်တပ် အသိုင်းအဝိုင်း ဆိုလည်း ကျွန်တော်တို့ အကူအညီ တောင်းတာပဲ။ အခု လူသတ်မှု police case တွေပေါ့၊ အဲဒါတွေ ဆွဲကြိုးချတာတို့၊ ရထားတိုက်တာတို့၊ ရေနစ်သေတာတို့ အဲဒါတွေလည်း ကျွန်တော်တို့ပဲ လုပ်ပေးရတာ။ အမှန်မှာ ဒါ စည်ပင်က လုပ်ရမဲ့ ကိစ္စ၊ ဒါပေမဲ့ ကျွန်တော်တို့ပဲ အကူ လာတောင်းတော့ ကျွန်တော်တို့ပဲ လုပ်ပေးနေရတယ်။ ကျွန်တော်တို့ကတော့ အားလုံး ဆင်းရဲ ချမ်းသာ မရွေး၊ မိတ်ဆွေ ရန်သူမရွေး အားလုံး လုပ်ပေးနေရတာပေါ့လေ။ ဒါပေမဲ့ အခု ကျွန်တော်တို့ ကူညီပေးတဲ့ အပိုင်းက နည်းနည်းတော့ နည်းသွားတယ်။ အစတုန်းက တနေ့ကို အလောင်း ၅ဝ ကို သင်္ဂြိုဟ်ပေးရတယ်။ အခုဆိုရင် အလောင်း ၃၅ လောက်ပဲ ကျွန်တော်တို့က လုပ်ပေးနိုင်တော့တယ်။ အချိန်က ကျွန်တော်တို့က မရတော့ဘူး။ မရဘူးဆိုတာ ဒီရေဝေးမှာ ကားသွားယူရတာ။ ဝေးသွားတယ်”

ကျော်သူ၊ နာရေးကူညီမှုအသင်းခေါင်းဆောင်
RFA သတင်းဌာန၊ ဇွန် ၁၉

“ခုလို လုပ်တာမှာ အစိုးရက စီမံကိန်းတွေနဲ့ လုပ်ဆောင် နေတယ် ဆိုပြီး ဒေသခံ လူထုက တော့ အဲသလို ယုံကြည် နေကြပါတယ်။ ရသေ့တောင် မြို့နယ်မှာ သောင်းကျန်း သူလည်း မရှိဘူး။ အေးဆေး တည်ငြိမ်တဲ့ မြို့နယ် တခု ဖြစ်ပါတယ်။ အဲသလို တည်ငြိမ် အေးချမ်းတဲ့ မြို့မှာ စစ်တပ် တပ်ရင်း (၃) ခု လာပြီး တပ်စွဲပါတယ်။ သူတို့ တပ်ချမယ့် နေရာ တွေက လယ်တွေကို သိမ်းပါတယ်။ တောင်တွေကို သိမ်းပါတယ်။ မြစ်ချောင်း အင်းအိုင်တွေကို သိမ်းပါတယ်။ ကျွန်တော်တို့ အများစု ပြည်သူလူထုဟာ တောတောင်တွေ ချောင်းတွေကို မှီခိုပြီး လုပ်ကိုင် စားသောက်ကြသူတွေ ဖြစ်ပါ တယ်။ တောင်ကို ဝါးခုတ် သစ်ခုတ်သွားရင် စစ်သားတွေ ပိုင်တဲ့တောင် ဆိုပြီး ဓားတွေကို သိမ်း လူတွေကို ရိုက်ပုတ် ပါတယ်။ ချောင်းတွေ မြစ်တွေ ဆိုရင်လည်း သူတို့ပိုင်တဲ့ ချောင်းဆိုပြီး ငါးဖမ်း ခွင့်မရပါဘူး။ အဲသလို ဖြစ်လာတော့ အဲဒီဒေသက လူငယ်တွေဟာ မထူးဘူးဆိုပြီး ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေကို ထွက်ခွာသွားကြပါတယ်။ ရွာတွေမှာ ကျန်နေခဲ့တာက အမျိုးသမီးတွေဘဲ ဆိုတော့ အိမ်ထောင်ပြုမယ့် အရွယ် ရောက်လာတဲ့အခါ အနီးအနားမှာ ရှိတဲ့ ဗမာ စစ်သားတွေကိုဘဲ ယူကြရတာ ပါဘဲ။ ခုဆိုရင် ရခိုင်ပြည်နယ် အနှံ့အပြားမှာ စစ်သား မိန်းမ မရှိတဲ့ ရွာဆိုလို့ မရှိတော့ပါဘူး။ တချို့ စစ်သားတွေကျရင် သူတို့မိန်းမတွေကို ယူသွားပေမယ့် အများစုက ယူမသွားတဲ့ အတွက် ဗိုက်တလုံးနဲ့ ကျန်ခဲ့ကြရတဲ့ အမျိုးသမီးတွေက ပိုများပါတယ်”
ရသေ့တောင်မြို့နယ် လူငယ်တဦး
နိရဉ္စရာသတင်းဌာန၊ ဇွန် ၁၄

“အခု နောက်ထပ် ရိုက်ဖို့ ရှိတာက အမွှေးတိုင်ကြော်ငြာပါ။ ဒဏ်ကြေလိမ်းဆေး၊ သနပ်ခါး၊ skin care နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေရောပေါ့။ ဘယ်ကြော်ငြာတွေ TV က လာလို့ လာမှန်း မသိပါဘူးကွယ်။ အစ်မလည်း အလုပ်တွေ မအားလို့ TV မကြည့်ဖြစ်လို့ပါ”

အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်
Hello ဂျာနယ်၊ ဇွန် ၂

“ပလပ်စတစ်အိတ် - - ဆန့်ကျင်တာ မဟုတ်ဘူး။ တတ်နိုင်သလောက် လျှော့ချ သုံးစွဲဖို့ပါ။ အပူထည့်သုံးမယ် ဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်လို့ ပလပ်စတစ်အိတ်ကို မသုံးသင့်ဘူး။ - - - ဈေးဝယ်တဲ့ နေရာမှာ ပလပ်စတစ်အိတ် တွေ အများကြီး သုံးနေမယ့်အစား ချည်သားအိတ်လေးတွေနဲ့ အသုံးပြုနိုင်အောင် စပြီး Plastic Bag ကို No ဆိုတဲ့ အမှတ်အသားနဲ့ လုပ်ထားတဲ့ စာတန်းပါတဲ့ အိတ်ကလေးတွေကို စပြီး ရောင်းတာပါ။ သူတို့ အဓိက ရည်ရွယ်တာက အမျိုးသမီး အိမ်ရှင်မတွေ အတွက်ပါ။ ဒါပေမယ့် အဲဒီအိတ်ကလေးကို ဈေးကွက်ထဲမှာ လူကြိုက်များသွားတာက လူငယ်တွေပါ။ ပထမတော့ ဈေးဝယ်တဲ့နေရာမှာ သုံးဖို့ ဆိုတော့ ကြိုးတိုတိုလေးနဲ့။ နောက်တော့ လွယ်နိုင်အောင် ကြိုးရှည်နဲ့ ပုံစံပါ ထပ်ပြီး ရောင်းပေးပါတယ်”
မအိအိ၊ သဘာဝပတ်ဝန်းကျင်ချစ်သူ
True News ဂျာနယ်၊ ဇွန် ၂

“နေ့စဉ် လိုင်းကားတွေပဲ သုံးနေရတာ။ နွေပိုင်းမှာ ပြဿနာ သိပ်မရှိပေမယ့် မိုးတွင်းဆို မိုးပက်၊ မိုးယိုတာတွေောကာင့် တော်တော် ဒုက္ခရောက်ရတယ်။ တစ်ခါတစ်ခါ ကားအမိုးက ကျတဲ့ ရေတွေက သံချေးရေတွေ ဆိုတော့ အကျအဝတ်အစားတွေမှာ စွန်းကုန်ရော၊ အဲဒီထက် ဆိုးတာက ကားသမား တွေက လူမရရင် တချို့မှတ်တိုင်တွေမှာ နာရီဝက်လောက် စောင့်တယ်။ သူတို့ချင်း အပြိုင် အဆိုင် မောင်းကြပြီ ဆိုရင်တော့ ခရီးသည်ကို အတင်းဆွဲတင်၊ အတင်းတွန်းချတာမျိုးတွေ လုပ်တာပဲ။ စီးပွားရှာတယ် ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ခရီးသည်တွေဘက်ကိုလည်း ထည့် စဉ်းစားသင့်တာပေါ့”
ရန်ကုန်မှ ဘတ်စ်ကားစီး ခရီးသည် ဝန်ထမ်းတဦး
Ecovision ဂျာနယ်၊ ဇွန် ၃

“ယွန်းထည်လုပ်ငန်းကို မိရိုး ဖလာလုပ်ငန်းအနေနဲ့ ရှေးကတည်း က လုပ်ကိုင်ခဲ့ပါတယ်။ ပုဂံယွန်း၊ မောင်းထောင်ယွန်းနဲ့ ကျောက်ကာယွန်းလုပ်ငန်း ဆိုပြီး ခေတ်ပြိုင်အနေနဲ့ ထွန်းကားခဲ့ပါတယ်။ ရှေးက အိမ်ခြေ ငါးရာလောက် ရှိတဲ့ ကျောက်ကာရွာကြီးမှာ အိမ်ခြေ ငါးရာစလုံးက ယွန်းထည်လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။- - - ယွန်းထည်လုပ်ငန်းပိုင်ရှင် ကို တိုက်ဆရာလို့ခေါ်ကြပြီး တိုက် ဆရာ တစ်ဦးဟာ တပည့် ဆယ့်ငါး ဦး ခန့်ကို ပညာပေးနိုင်ပြီးအလုပ် လည်း ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ကျောက်ကာရွာမှာ ယွန်းလုပ်ငန်း လုပ်ကိုင်တဲ့ တိုက်ဆရာ ၁၂ ဦး လောက်သာ ရှိပြီး အကြမ်းထည် လုပ်ကိုင်တဲ့သူက များပါတယ်။ အချောထည် လုပ်ကိုင်ပြီး နိုင်ငံခြားနဲ့ ဆက်သွယ် လုပ်ကိုင်သူ အနေနဲ့ ကျောက်ကာရွာမှာ တစ်ဦးသာ ရှိပါတယ်”

ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးဆန်းဝင်း၊ ကျောက်ကာရွာ
Weekly Eleven ဂျာနယ်၊ ဇွန် ၂၄

“အင်တာနက်က သတင်းကို သူငယ်ချင်းတစ်ယောက် ကြည့်ပေး၏။ ကျွန်တော်ကတော့ အင်တာနက် မကြည့်၊ ဘလော့တွေ မသိ၊ တောကျသော၊ ဒီဘက်မှာ ခေတ်မမီသော၊ စာအုပ်သာ ဖတ်သောသူပါ”
ကိုတာ၊ စာရေးဆရာ၊ အယ်ဒီတာ၊ စာအုပ်ထုတ်ဝေသူ
ချင်းတွင်း မဂ္ဂဇင်း၊ ဇွန်

Comments