ဖြူဖြူသင်း
ကီကီ (Idiot Love)
ဇူလိုင် ၁၅၊ ၂၀၀၉
၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)
ဇူလိုင်လ မှာ မြန်မာနိုင်ငံတော်အတွက် သမိုင်းတွင်ရတဲ့ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက် ဖြစ်ခဲ့ရတဲ့ရက် နှစ်ရက် ရှိတာ အတိတ် မမေ့တတ်ကြသူများ မှတ်မိကြမယ်လို့ မျှော်လင့် ပါတယ် ။
နိုင်ငံ တခုရဲ့  စစ်မှန်သောအစိုးရ ဆိုတာ မိမိတို့ တိုင်းသူပြည်သားတွေရဲ့ အသက် အိုးအိမ် ကို ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံသားတွေရဲ့  စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး အစရှိသည်တို့ ကို အဆင်ပြေ ချောမွေ့ စေအောင် လုပ်ဆောင်ပေးကြရ မှာ ဖြစ်တယ် ။ အကယ်၍ ဒီ အစိုးရအနေဖြင့် ထိုကိစ္စအဝဝ တို့ ကို ရာနှုန်းပြည့် မလုပ်ဆောင်ပေးနိုင်ပါက ကူညီလုပ်ဆောင်ပေးမည့် အဖွဲ့အစည်းတို့၏ ကမ်းလှမ်းချက်များကို လက်ခံပြီး ပြည်သူ့အကျိုးကို ရှေးရှု ဆောင်ရွက်ပေးသင့်ပါတယ် ။
ပြည်သူ့အကျိုးကို လုံးဝဥပက္ခာပြုကာ မိမိတို့၏ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုနေကြသော အစိုးရတို့မှာ မိမိတို့အာဏာတည်မြဲရေးအတွက် ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သားများကို မတရားတဲ့အမိန့် အာဏာများဖြင့် ဖိနှိပ်ချုပ်ချယ်ကြတာတွေကြောင့် ဒီလိုအခြေအနေမျိုးမှာ အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံသူ လူတန်းစား ၂ ရပ်အကြား မှာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရတာ မထူးဆန်းလှပါဘူး ။
ဒါပေမဲ့ ထူးဆန်းတာတချက်ကတော့ ဒီလိုဖိနှိပ်အုပ်ချုပ်ရုံမျှမကသေး၊ နင်းပြားဘဝဖြင့် အတိဒုက္ခရောက်နေကြသူများအား လူသားချင်းစာနာစိတ်ကင်းမဲ့စွာ လျှစ်လျှုပြုထားခြင်းအပြင်၊ မေတ္တာစိတ် ၊ လူစိတ် အပြည့်ဖြင့် အိတ်စိုက် ကူညီ ပေးကြသူများကိုပါ ဖမ်းဆီး၊ ချုပ်ချယ်၊ နှိပ်ကွပ်ခြင်းပြုကြတာတွေသည် … “ဘယ်လိုခံယူချက်မျိုးဖြင့် လုပ်ကြပါသလဲ” ဟု အဖြေမရှိတဲ့ မေးခွန်းတခုကို ထုတ်မိပါတယ် ။
ဒီနေ့ မှာလွန်ခဲ့တဲ့ ၄၇ နှစ်က အဖြစ်အပျက်ကြောင့် မြန်မာပြည်ရဲ့သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ အမည်းစက် စွန်းထင်းစေခဲ့တဲ့ အာဏာရှင်စစ်အစိုးရရဲ့  လူမဆန်တဲ့လုပ်ရပ်တွေ များလှစွာထဲမှ ခု ဒီဖက်ခေတ်က လတ်တလော အကြောင်းအရာလေးတခုကို ဖေါ်ပြပေးလိုပါတယ်။
AIDS ခေါ် ကိုယ်ခံနိုင်စွမ်းအားကျဆင်းမှုရောဂါကြီးဟာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု ကျော်အချိန်မှ စ၍ လူသားများကို ခြိမ်းခြောက်လျှက်ရှိတဲ့ ရောဂါဆိုးကြီးဖြစ်ပြီး ကမ္ဘာ နိုင်ငံ အသီးသီး၌ တာဝန် ရှိပြီး၊ တာဝန်သိတတ်ကြသော အစိုးရအဖွဲ့အစည်းများမှ အင်တိုက်အားတိုက် ကာကွယ် တိုက်ဖျက်ရင်း ဝေဒနာသည်များကို စောင့်ရှောက် ကုသပေးနေကြပါတယ် ။
မြန်မာတပြည်လုံး အတိုင်းအတာဖြင့်ပြောရလျှင် AIDS ရောဂါ ခံစားနေရသူပေါင်း ၂ သိန်းခွဲ အနက် ဆေးကုသမှုခံယူနိုင်သော လူနာပေါင်းမှာ တသောင်း ခွဲ ခန့်သာ ရှိပါတယ် ။အစိုးရ မဟုတ်သော အဖွဲ့ အစည်း NGO အကူအညီ ရရှိသူမှာ လေးထောင် ခန့်သာ ရှိပါတယ် ။ ရောဂါကြောင့် သေဆုံးရသူအရေအတွက်မှာ တနှစ်ထက်တနှစ် မြင့်မားလာရာ ယခုနှစ်တွင် ၂သောင်းခွဲ ရှိမည်ဟု ခန့်မှန်းထားကြပါတယ် ။
အဆိုပါ ARV ဆေးတွဲတန်ဖိုး မှာ တလစာ ရောဂါ ပထမအဆင့် (၂၅,၀၀၀၊ ၃၀,၀၀၀) ကျပ်၊ ဒုတိယအဆင့် (၅၀,၀၀၀) ကျပ်ခန့်ရှိပြီး၊ ပြည်တွင်းကုမ္ပဏီ လေး ငါးခု အပြင် ဆေးဆိုင်တိုင်း၌ လိုသမျှ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းရှိ ရောဂါဝေဒနာခံစားနေရသူအများစုမှာ ဒီလို ဈေးကြီးသော ဆေးများကို ဝယ်ယူသုံးစွဲ ဖို့ မတတ်နိုင်ကြတဲ့အတွက် ရောဂါဆိုးကို အရှုံးပေးကာ အသက်ဆုံးရှုံးရသူပေါင်း မနည်းလှပါ ။
အဲဒါတွေကတော့ ခုလောလောဆယ် မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ ရောဂါအခြေအနေ ၊ ကုသရေးအခက်အခဲတွေနဲ့ ရောဂါသည်တို့ရဲ့ လစ်လျှုရှုခံစားနေရတဲ့ အကြောင်းများထဲက တစိတ်တဒေသပါ။
ဒီအကြောင်းတွေကို ပြောမယ်ဆိုရင် သူ မအကြောင်းကို ချန်လှပ်ထားလို့ မရနိုင်ပါဘူး ။
အေအိုင်ဒီအက်စ်ဝေဒနာသည်များကို ကူညီစောင့်ရှောက်သူအဖြစ် ထင်ရှားတဲ့ မဖြူဖြူသင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်အဖွဲ့ခေါင်းဆောင်တဦး ဖြစ်ပြီး လုပ်ဖော်ကိုင်ဘက်များနှင့်အတူ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ ပညာပေးရေးလုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှစပြီး တစိုက်မတ်မတ် လုပ်ကိုင်နေသူ ဖြစ်ပါတယ် ။
၇ နှစ် အတွင်း လူနာပေါင်း ၁၈၀၀ ကျော်ကို ကူညီခဲ့တဲ့ မဖြူဖြူသင်းဟာ ၂၀၀၀ ခုနှစ်က ဒေါ် အောင်ဆန်းစုကြည်ရဲ့  ရွေးကောက်ပွဲ ခရီးစဉ်ကို လိုက်ပါသွားရင်းနဲ့ ဦးဆုံးအကြိမ် အဖမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ သူသွားမြင်လိုက်ရာမှ စိတ်ထဲမှာ တော်တော်ခံပြင်းသွားပြီး အဲ့ဒီထောင်ထဲမှာတင် သူမ နိုင်ငံရေးဆက်လုပ်မယ် ဆိုတဲ့ အဲ့ဒီလိုမျိုး သံဓိဌာန်ကို ချခဲ့တယ်။ လေးလ ကျော်ထောင်ကျပြီး ပြန်ထွက်လာပြီးကတည်းက အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ကူညီစောင့်ရှောက်တဲ့လုပ်ငန်းကို စပြီး လုပ်လာခဲ့ ပါတယ်။
အန်အယ်ဒီပါတီက ဖွင့်လှစ်ပို့ချတဲ့ HIV/AIDS ကာကွယ်စောင့်ရှောက်ရေးသင်တန်းတွေ UNDB ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေက ဖွင့်လှစ်တဲ့သင်တန်းတွေကို တက်ရောက်ခဲ့ပြီးတော့ တစိုက်မတ်မတ် စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရောဂါ ကျွမ်းနေတဲ့ လူနာတွေကို မရွံမရှာ ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်ပေးတဲ့အတွက် လူနာတွေရဲ့အားကိုးခြင်းကို ခံခဲ့ရတယ်။ တချို့လူနာတွေဆို သူမကို တွေ့တာနဲ့တင် ရောဂါ တဝက်လောက် သက်သာတယ်လို့ ပြောဆိုကြပါတယ်။
သူမ ဟာ ၂၀၀၇ ခုနှစ် မတ်လက Czech သမ္မတနိုင်ငံ၊ People in Need ဖောင်ဒေးရှင်းက ပေးအပ်သော Homo Homini ဆုကို ချီးမြှင့်ခံရခဲ့ရပါတယ်။ မြန်မာပြည်နိုင်ငံရေး လှုပ်ရှားမှုထဲမှ ထင်ရှားသည့် အမျိုးသမီးများဖြစ်ကြတဲ့ မစုစုနွေး၊ မနီလာသိန်းတို့နှင့်အတူ ပူးတွဲ ချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။ ထိုဆုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများမှာ စွမ်းစွမ်းတမံဆောင်ရွက်သူတွေ ၊ နိုင်ငံရေးပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် လှုပ်ရှားသူတွေကို ပေးအပ်သည့်ဆုဖြစ်ပါတယ်။
ဒီဆု ကို ချီးမြှင့်ခံရကြောင်း သိရတော့ သူ ပြောခဲ့တဲ့ စကားလေးများက ဒီလိုပါ …
“ ဒီဆုကို ပေးလိုက်တယ် ဆိုကတည်းကလေ ကျမတို့ မြန်မာပြည်မှာ လူ့အခွင့်အရေးရော၊ ဒီမိုကရေစီအရေးရော ဆုံးရှုံးနေတာ ဆိုတာပေါ့နော်၊ ဟိုး ရှေး တော်တော်ကြာကြာကတည်းက ကျမတို့ ကြိုးစား လာခဲ့ကြတာပေါ့နော်၊ လွတ်လပ်ရေးအတွက်ရော၊ ဒီမိုကရေစီအတွက်ပေါ့နော်၊ အဲဒီအတွက်ကို၊ ကြိုးပမ်းလာတဲ့ လူတွေအတွက်ကို ရည်စူးပြီးတော့ပေးတယ်လို့ ကျမ ခံယူတယ်လေ၊ အခု (၃) ယောက်ကို ပေးတယ်ပေါ့လေ၊ ဒီ (၃) ယောက်ကို ပေးတယ်လို့လည်း ကျမ မခံယူဘူး၊ အဓိကကတော့ ဒီစက်တင်ဘာမှာ ဖြစ်သွားတဲ့ ကိစ္စပေါ့နော်။ ဒီမိုကရေစီရေးရယ်၊ လူ့အခွင့်အရေး ရယ်၊ လွတ်လပ်ရေးအတွက်ကို ရဟန်း သံဃာတွေရော၊ ကျောင်းသား ပြည်သူလူထုတွေရော သူတို့ အသက်စွန့်ပြီးကြိုးပမ်းခဲ့ကြတယ်။ အဲလိုလူတွေအားလုံးအတွက်၊ ရဟန်းသံဃာတွေ၊ အဖမ်းဆီး နှိပ်စက်ခံပြီး လုပ်ထားသူတွေအတွက် ရည်ရွယ်ပြီးပေးတာလို့လည်း ကျမအနေနဲ့ ခံယူတယ်လေ၊”
ဒီအမျိုးသမီး (၃) ဦးစလုံးရဲ့ ကိုယ်စား ရရှိခဲ့တဲ့ဆုကိုတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက နိုင်ငံရေးအကျဉ်းသူဟောင်း မလဲ့လဲ့နွယ်ကနေ သွားရောက် ရယူခဲ့ပါတယ်။ ဒီဆုဟာ (၂၀၀၀) ခုနှစ်က ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ပေးအပ်ခဲ့တဲ့ ဆုလည်း ဖြစ်ပါတယ်၊ ဒီဆုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေ။ နိုင်ငံရေး ပဋိပက္ခတွေမှာ တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းနေသူတွေကို ချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။
သူမဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲများကို ဦးဆောင်ပြုလုပ်သောကြောင့် ၂၀၀၇ ခု မေလ ၂၁ ရက်က အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ထပ်မံ ခံခဲ့ရပါတယ် ။
သူမမှာ ပန်းနာရင်ကြပ်ရောဂါရှိနေပေမဲ့ သူ့ကျန်းမာရေးကိုတောင် အလေးမထားဘဲ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြခဲ့ပါသေးတယ် ။
အဲဒီနောက် ပြန်လွတ်လာပြီး စေတနာ့ဝန်ထမ်းအလုပ်တွေကို အားကြိုးမာန်တက် ဆက်လက် လုပ်ကိုင် နေခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၀၇ သြဂုတ်လအတွင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သော ထင်ရှားသည့် လူငယ်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရချိန်မှစပြီး အခြေအနေအရ လူမြင်ကွင်းမှ ပျောက်ကွယ်အောင် တိမ်းရှောင် နေထိုင်ခဲ့ ရပါတယ် ။
ဤအချိန်အတွင်း သူ၏လူနာအချို့တည်းခိုနေထိုင်သည့် ရန်ကုန်မှ မဂ္ဂင်ကျောင်းတိုက် ချိတ်ပိတ်ခံခဲ့ရပြီး၊ ဖခင်ဖြစ်သူလည်း ရုတ်တရက် ကွယ်လွန်ခဲ့ ရပါတယ် ။
ဤသို့ အများအကျိုး ၊ အေအိုင်ဒီအက်စ်ရောဂါသည်များအား ကိုယ်ထိလက်ရောက် ပြုစု စောင့်ရှောက်ပေးခဲ့သူ မဖြူဖြူသင်းကိုယ်တိုင် ရေးသားခဲ့သော အောက်ပါ ကဗျာလေးကို ( ဖြူဖြူသင်းဘလော့ဂ)် မှ ကူးယူ ဖော်ပြပါလိုက်ပါတယ်။
ဝေးမျက်ရည်
နိုင်ငံခြားသွား သားက
ပြန် ရောက်လာတယ်၊
ဗမာပြည်တွင်းရှိရင်း သမီးက
အဖေ့ရဲ့ နောက်ဆုံးခရီးအတွက်
ထွက် မလာနိုင်ခဲ့ဘူး။
ဒီတိုင်းပြည် စနစ်ဆိုးမှာ
ဒီအဖြစ်မျိုးတွေ ဘယ်လောက်ကြုံနေရပြီလဲ။
အဖေ မျှော်တဲ့ သမီး
သမီး တွေ့ချင်တဲ့ ဒီအဖေ
ဘယ် ကြမ္မာဆိုးတွေက ခြားထားသလဲ။
သမီး မရောက်နိုင်တဲ့ အဖေ့ဈာပန
သမီး အမျှဝေသမျှ အဖေ ရပါစေ
သေခြင်းတရားကြောင့် ဘ၀ ခြားလည်း
အဝေးက ရှိုက်တဲ့ သမီး မျက်ရည်
ကြားမယ်ထင်တယ် အဖေ …။ ။
( ဖြူဖြူသင်း )
သူမလို လူများ အမြောက်အများပေါ်ထွက်ပြီး မြန်မာပြည်သားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပံ့ပိုးပေး နိုင်ကြပါစေ။
အာဏာရှင် စစ်အစိုးရ အမြန်ဆုံး ကျဆုံး ပါစေ ။
သွေးမြေကျရသော အဖြစ်ဆိုးများ နောင်ခေတ်အဆက်ဆက်မှာ မရှိပါရစေနဲ့  ။
အောက်ပါ နေရာများမှ အချက်အလက်များ ကိုးကား ပြီး ရေးသားဖေါ်ပြ အပ်ပါတယ် ။
http://burmese.bnionline.net
http://www.khitpyaing.org
http://www.drlunswe.blogspot.com
http://www.kiki-idiotlove.com/2009/07/blog-post_07.html ကဖော်ပြပါတယ်။
Comments