pieces of news stories in the willows

မိုးမခတောထဲက သတင်းအပိုင်းအစများ
နိုင်ငံတကာ အဆင့်မီ၊ စိစစ်ရေးရုံး၊ ကာတွန်းဆရာ အကြံပြုချက်၊ လက်နက်ငယ် အဖွဲ့ ၃၀
အဝေးကြည့်မှန်ပြောင်း
သြဂုတ် ၃၀၊ ၂၀၀၉

စိစစ်ရေးရုံးက နေပြည်တော်ကို အထိမခံ
ခုတလော လေထန်ကုန်း၊ လေအန်ကုန်း လက်ဖက်ရည်ဆိုင်များမှာ ပြောနေကြတဲ့ထဲမှာ နေပြည်တော် အကြောင်းလည်း ပါပါတယ်။

ဂျာနယ် တစောင်က မထည့်မနေရ နိုင်ငံတော်ဆောင်းပါး တပုဒ်ရဲ့ ခေါင်းစည်း မဆိုစလောက် မှားသွားတယ် တဲ့။

ဟုတ်ပါတယ်၊ ရွှေပြည်တော် မျှော်မဝေးပြီမို့ ဆိုတဲ့ လူမဖတ်တဲ့ ဆောင်းပါးရှည်ကြီးမှာပါ။ “ရွှေပြည်တော်” အစား “နေပြည်တော်” လို့ စာစီစာရိုက် ချို့ယွင်းသွားတာပါ။

ဒီ ချို့ယွင်းမှုအတွက် စာပေ စိစစ်ရေးရုံးက အယ်ဒီတာများ တာဝန်ရှိသူများ တပြုံတမကြီးကို ဖိတ်ခေါ် မေးမြန်းပြီး ပြင်းထန်စွာ သတိပေးခြင်းအမှုကို ပြုလုပ်တယ်လို့ ဆိုပါတယ်။

ဖိတ်ခေါ်ခံရသူများကလည်း ဆောရီး လို့ ပြောပြီး မှိုမရတဲ့ မျက်နှာနဲ့ ပြန်ခဲ့ရပါသတဲ့။ သူတို့မှားမိတာ ဒါမှ မဟုတ်ပါဘူး၊ ပင်တိုင်ဆောင်းပါးရှင် လူထုစိန်ဝင်းကိုလည်း လူထူစိန်ဝင်းလို့ လုပ်မိပါသေးတယ်။ လူထူစိန်ဝင်း အကြောင်းကိုတော့ စာပေစိစစ်ရေး လူကြီးမင်းများက မကန့်ကွက်ဘူးလို့ ဆိုပါတယ်။

အာဏာရှင် ဇင်ဘာဘွေ နဲ့ အာဏာရှင် မြန်မာ ပေါင်းပြီ
အာဏာသိမ်းမှု ၂၁ နှစ် ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ စစ်အစိုးရက အာဖရိကတိုက် အာဏာရှင် နိုင်ငံတခုနဲ့ သံအဆက်အသွယ် လုပ်လိုက်ပါပြီ။ ဟုတ်ပါတယ်၊ ရောဘတ်မူဂါဘီ အုပ်ချုပ်တဲ့ ဇင်ဘာဘွေ နိုင်ငံနဲ့ပါ။

“နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒ ရှိကြသည့် အားလျော်စွာ” သံအမတ်ကြီးအဆင့် သံ အဆက်အသွယ် လုပ်တယ်လို့ မနေ့ ထုတ်ဝေတဲ့ သတင်းစာများမှာ ဆိုထားပါတယ်။ ဘယ်လို ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။

နှစ်နိုင်ငံ ဆင်တူတဲ့အချက်တွေ ရှိပါတယ်။ ဇင်ဘာဘွေ ကျေးဇူးရှင်က ဘုရင်ဖြစ်လာတာ ၂၉ နှစ် ရှိပါပြီ။ မြန်မာပြည်က ကျေးဇူးရှင်က ဘုရင်ဖြစ်တာ ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ဒီနေရာမှာတော့ ကျနော်တို့ မြန်မာပြည်က ခံလိုက်ရပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကို ထောင်ထဲ ထည့်ထားပေမယ့် ဇင်ဘာဘွေကတော့ လွန်ခဲ့တဲ့ ၃ လက နိုင်ငံရေး အကျဉ်းသား ၃ ယောက်ကို လွှတ်ပေးလိုက်ပြီးနောက်မှာ တယောက်မှ မရှိတော့ပါဘူး တဲ့။ ဒီအချက်မှာတော့ မြန်မာပြည်က သာသွားပြီခင်ဗျ။

မြန်မာဘီယာများ နိုင်ငံတကာ အဆင့်မီပြီ
“နိုင်ငံတကာ အဆင့်မီ” ဆိုတာကို နှစ်သက်သူ များလာတဲ့ အချိန်မှာ Myanmar Brewery Limited က အရောင်း မြှင့်တင်ရေးကို နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နေပါတယ်။ မြန်မာပြည်မှာ လူသုံးများတဲ့ ဘီယာများကို ပုံမှာတွေ့ရတဲ့အတိုင်း အရောင်း မြှင့်တင်နေခြင်းပါ။ မိုးမခ သတင်းထောက်ဆီကို အီးမေးလ်ကတဆင့် ရောက်လာတဲ့ ဓာတ်ပုံမှာ ဗမာကွ ဟုဂုဏ်ယူနိုင်ကြပြီဖြစ်ပါကြောင်း လို့ ဆိုထားပါတယ်။ နိုင်ငံတကာအဆင့်မီ ဆိုပေမယ့်လည်း ရိုးရာမပျက်အောင် ပုသိမ်ထီးတွေကိုလည်း အသုံးပြုထားပါတယ်။

ကာတွန်းဆရာရဲ့ အကြံပြုချက်
မင်းကြားကြီး သန်းရွှေ အတွက် အကြံကောင်း ဉာဏ်ကောင်း တခုကို ကာတွန်းဆရာ ဟန်လေးက ကမ်းလှမ်းထားပါတယ်။

“ဗိုလ်ချုပ်မှူးကြီးက ဒီလောက် စွမ်းတဲ့ အာဏာတွေ ပါဝါတွေကို ခါးမှာပဲ ချိတ်ထားတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် အဲဒါကို ခေါင်းထဲ ဖြစ်ဖြစ်၊ နှလုံးသားထဲကို ဖြစ်ဖြစ် သွင်းလိုက်ရင် အရမ်း ကောင်းသွားမှာပဲ” တဲ့။ ဧရာဝတီ မဂ္ဂဇင်းနဲ့ မနေ့က လုပ်တဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။

ကဗျာဆရာတွေရဲ့ အရေးအသားတွေဟာ နားလည်ရ ခက်သလို ကာတွန်းဆရာရဲ့ စကားကလည်း ဘယ်လို သဘောပေါက်ရမှန်း မသိ ခက်ခဲနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး နဲ့ စာဖတ်သူများ အခက်အခဲ မဖြစ်အောင်၊ ရှင်းရှင်း လင်းလင်း နားလည်အောင် ကာတွန်းဆရာက သရုပ်ဖော်ပုံ ဆွဲထားတာကို တွေ့ရပါတယ်။
ကာတွန်းဆရာတွေဟာ ကဗျာဆရာတွေထက် စာဖတ်သူအပေါ် စေတနာ ပိုရှိတယ်လို့ ကောက်ချက် ချရမလို ဖြစ်နေပါပြီ။

ပြေးနိုင်မှ လွတ်မယ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့မှာ နေ့ခင်းဘက် လှုပ်ရှား တိုက်ပွဲဝင်ကြရမယ့် လက်နက်ငယ် အဖွဲ့ပေါင်း ၃၀ ကျော် ဖွဲ့စည်းလိုက်ပြီလို့ ဂျာနယ် တစောင်မှာ ဖော်ပြထားပါတယ်။ သူတို့ကို တပ်ဆင်ထားတဲ့ လက်နက် အမျိုးအစားကတော့ LG 2009 လို့ ခေါ်နိုင်တဲ့ လေးခွ (လေးဂွ) တွေဖြစ်ပါတယ်။ ဒီလက်နက်ကို တချို့ ဒေသတွေမှာတော့ ဘတ်ခွ လို့ လူသိများပါတယ်။

ဒီလက်နက်နဲ့ နှိမ်နင်း ခံရမှာကတော့ လမ်းဘေးဈေးသည်တွေ၊ အင်္ကျီမပါဘဲ ကားမောင်းသူတွေ၊ ကားလမ်းကို စည်းကမ်းမဲ့ ဖြတ်ကူးသူတွေ၊ လမ်းဘေး အပေါ့သွားသူတွေ မဟုတ်ဘူး လို့ သိရပါတယ်။ လက်နက်ငယ် အဖွဲ့ပေါင်း ၃၀ ကျော်က တာဝန်ယူပြီး နှိပ်ကွပ်ရမှာကတော့ ရန်ကုန်မြို့တော် မြေအောက်လောကသားတွေ ဖြစ်တဲ့ ကြွက်တွေ ဖြစ်ပါတယ် တဲ့။

ရန်ကုန်မြို့က အကဲခပ်တွေကတော့ ရောဂါပိုး အခမဲ့ သယ်ဆောင် ဖြန့်ဝေတဲ့ ကြွက်တွေကို အခုလို အကြမ်းဖက်တိုက်ခိုက်မယ့် နည်းလမ်းဟာ အလုပ်မဖြစ်နိုင်ဘူးလို့ ဝေဖန်နေကြပါတယ်။

ကြွက်ကောင်ရေ လျော့နည်းပြီး မျိုးသုန်းသွားနိုင်တဲ့ နည်းလမ်းတခု သူ့မှာ ရှိနေတယ်လို့ အမည်မဖော်လိုသူ တိရိစ္ဆာန်ဆရာဝန် (တိရိစ္ဆာန်များကို ဆေးဝါး ကုသပေးသူ ဆရာဝန်) တဦးက မိုးမခရဲ့ ရန်ကုန်မြို့အခြေစိုက် သတင်းထောက်တဦးကို ပြောပြပါတယ်။

သူ့ရဲ့ နည်းလမ်းကတော့ ခေတ်မီ ဆေးဝါးများ အကူအညီနဲ့ ကြွက်တွေ ကိုယ်ဝန်မရအောင် ပြုလုပ်မယ့် နည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆေးတွေကို ကြွက်တွေ ကျက်စားတတ်တဲ့ နေရာဒေသတွေမှာ ချထားပေးရပါမယ် တဲ့။ အသုံးပြုမယ့် ဆေးဟာ ထိုးဆေး မဟုတ်ဘူး လို့လည်း သူက အခိုင်အမာ ပြောပါတယ်။ ။

Comments