hair for road

သတင်းထဲက ဂဏန်းများ၊ လမ်းဖောက် တံတားဆောက်ရန် လှူဒါန်းကြသည့် ဆံပင် အလေးချိန်
စက်တင်ဘာ ၅၊ ၂၀၀၉
၁၂၄၁ ပိဿာ

( ဓာတ်ပုံ - shwenantthar.com )

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးရှိ လည်ငေါက်-ချင်ပြစ်လမ်း ဆောက်လုပ်ရန် အလှူခံခဲ့ရာ မန္တလေးမြို့သူမြို့သားများက ကျပ် ၂၈၈ သိန်း၊ လက်ဝတ် ရတနာများ နှင့် ဆံပင် ၁၂၄၁ ပိဿာ လှူဒါန်းကြသည်ဟု မော်ဒန်သတင်းဂျာနယ်တွင် ရေးထားသည်။

ထိုလမ်းသည် ကျေးရွာပေါင်း(၆၀) ကျော်မှ ဒေသခံ လူထု အားကိုးရသည့် လမ်းဖြစ်သည်ဟု www.shwenantthar.com တွင် ဖော်ပြထားသည်။ ပျက်နေသော လမ်းကို အလှူခံပြီး ပြုပြင်ကြရာ ငွေကြေး အခက်အခဲရှိသူများက ဆံပင်ဖြတ်ပြီး လှူကြလေသည်။

လမ်း ပြုပြင်ရေး စီမံကိန်းတွင် တံတား ၈ စီး ဆောက်လုပ် ပြီးစီးသွားပြီဟု ဆိုသည်။ ဆံပင် ရောင်းချပြီး ရလာသည့် ငွေအများအပြားကိုလည်း အသုံးပြုခဲ့သောကြောင့် ထိုတံတားများကို ရွှေဆံနွယ် တံတားများ၊ ရွှေဆံပင် တံတားများဟု ခေါ်ကြသည်။

တခြား မြို့ကြီးများတွင်လည်း ထို လမ်း ပြုပြင်ရေး စီမံကိန်းအတွက် ဆံပင်၊ ငွေသား၊ လက်ဝတ် ရတနာများ လှူဒါန်းမှုများ ရှိခဲ့သည်။

ဆံပင်အတု ပြုလုပ်သည့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပါက ဆံပင် ၁ ပိဿာလျှင် ကျပ်ငွေ ၂ သိန်း ၀န်းကျင် ရရှိနိုင်သည်။

Comments