Some KOK shops and Prostitutes sites closed

ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေ အချို့ပိတ်ထားရ

မိုးမခ အထောက်တော်၊ ရန်ကုန်

စက်တင်ဘာ ၂၈၊ ၂၀၀၉

ရန်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင်အား လာဘ်စားမှု စွပ်စွဲချက်များဖြင့် စစ်ဆေးဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေဆိုင်များ အနေဖြင့် စီမံချက်ရှိသည့် အကြောင်းကြောင့် ယခုလ ကုန်ရက်ပိုင်းအထိ ခေတ္တရပ်နားထားကြသည်ဟု သိရသည်။

ရန်ကုန်မြို့ရွှေဂုံတိုင်တွင် ကာရာအိုကေ ဆိုင်ဖွင့်လှစ်ထားသူ တဦးက``လာမယ့် ၂၈ရက်နေ့ထိ စီမံချက်ရှိတယ်လို့ နယ်မြေခံရဲတွေက လာပြောထားလို့ နားထားရတယ်။ တချို့ရက်မှာ ဧည့်သည်ရှိလို့ အနီးအနားက ဆိုင်လည်းဖွင့်ထားတယ်ဆိုရင် စွန့်ပြီး တရက်တလေ ဖွင့်တာလောက်ပဲ၊ သူတို့က ၂၈ ရက်နေ့ထိ မဖွင့်ပါနဲ့ ပြောထားတော့ အဲဒီနေ့အထိ စောင့်ရမှာပေါ့´ ဟုဆိုသည်။

စက်တင်ဘာ လဆန်းကတည်းက ရန်ကုန်တိုင်း ရဲမှူးကြီးဖြစ်သူကို လာဘ်စားမှု စွပ်စွဲချက်များဖြင့် စစ်ဆေးနေခဲ့ပြီး လလယ်ခန့်တွင် ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။ ရန်ကုန်တိုင်း ရဲမှူးကြီးနှင့် အတူ ဆိပ်ကမ်းမြို့နယ် စခန်းမှူး၊ တောင်ပိုင်းခရိုင်ရဲမှူး၊ ကျောက်တံတား စခန်းမှူး အပါအ၀င် အခြားမြို့နယ်မှူး၊ စခန်းမှူးနှစ်ဦး စုစုပေါင်း ၅ဦးဖမ်းဆီးခံထားရသည်ဟု လည်းသိရသည်။

ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်၏ ဇနီးဖြစ်သူမှာ ပုဇွန်တောင်မြို့နယ်တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားခဲ့ပြီး ဇနီးဖြစ်သူက ရဲမှူးကြီး၏ လုပ်ပိုင်ခွင့်အာဏာများကို သုံးစွဲကာ ကိုယ်ကျိုးစီးပွားရှာခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလျက်ရှိသည်။

ရန်ကုန်တိုင်းရဲမှူးကြီးရာထူး နေရာကို ယခင် ရန်ကုန် အနောက်ပိုင်းခရိုင်ရဲမှူး ဖြစ်သူ အောင်နိုင်သူအား ခန့်အပ်ခဲ့ပြီးနောက် ယခုလို အနှိပ်ခန်းနှင့် ကာရာအိုကေ ဆိုင်များအား နှိမ်နှင်းမည့် စစ်ဆင်ရေး တရပ်ကို လုပ်ဆောင်ပြသခြင်း ဖြစ်သည်ဟု ရဲနှင့်နီးစပ်သူ လုပ်ငန်းရှင်တဦးက ပြောသည်။

သို့ရာတွင် ထိုလုပ်ငန်းများ လုံးဝ ပိတ်သိမ်းသွားသည်အထိ လုပ်ဆောင်ရန်ရည်ရွယ်ချက်မရှိပဲ စစ်ဆင်ရေး ကာလတွင် အဖမ်းအဆီးပြသရန်၊ ခေတ္တရပ်နားထားကြစေလိုသည့် ရည်ရွယ်ချက်မျိုးသာဖြစ်သည်ဟု ထိုလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့တွင် အနှိပ်ခန်း၊ ကာရာအိုကေနှင့် အလှပြင်ဆိုင်တို့တွင် အမျိုးသမီး လုပ်သား၊ စားပွဲထိုးနှင့် အလှပြင်သူတို့ကို ငှားရမ်းကာ ပြင်ပလုပ်ငန်း ဗန်းပြပြီး လိင်ကိစ္စ အရောင်းအ၀ယ် တပိုင်းထိ လုပ်ကိုင်သည့် သာဓကများစွာရှိသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။

ထိုသို့သော လုပ်ငန်းများကို စစ်တပ်အရာရှိကြီးများ၏ ဆွေမျိုးသားချင်းများ၊ ရဲအရာရှိကြီးများနှင့် အကျိုးတူလုပ်ကိုင်ကြသူများ နှင့် လစဉ် ဆက်ကြေးပေးပြီး လုပ်ကိုင်သူများက လုပ်ကိုင်ကြသည် ဟုလည်း ရန်ကုန်မြို့ခံများက ဆိုသည်။ ထိုသို့ကောက်ခံရရှိသည့် ဆက်ကြေး လစဉ်ကြေးများက ရဲနှင့် စရဖ အဖွဲ့ဝင်များ ကိုထောက်ပံ့ပေးနေကြရသည်။

ရန်ကုန်မြို့လယ် လူနေရပ်ကွက်ဟု ဆိုသည့် ကျောက်တံတား မြို့နယ် တခုအတွင်းမှာပင် အနှိပ်ခန်းပေါင်း ၃၀မှ ၄၀ အကြားရှိသည်ဟု အမည်မဖေါ်လိုသည့် အနှိပ်ခန်းဖွင့်လှစ်ထားသူ တဦးကဆိုသည်။ ထိုအနှိပ်ခန်းများမှ ရဲနှင့် ရယက (ရပ်ကွက် ငြိမ်းချမ်းသာယာရေးကောင်စီ) သို့လစဉ် ဆက်ကြေးပေးဆောင်ရသည်ဟု လည်းသိရှိရသည်။

Comments