
ကမ္ဘာအေးကုန်းမြေတွင် မြန်မာသံဃာတော်တို့ သပိတ်မှောက်ကံဆောင်ခြင်း ပြုလုပ်ဟု ဆို
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၃၊ ၂၀၀၉
တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲအဖြစ် ပြည်တွင်းရှိ သံဃာ့တပ်ပေါင်းစုကြီးက ကြေငြာထားသည့်အတိုင်း ယနေ့ အောက်တိုဘာ ၃ ရက်၊ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ဖြစ်တယ်လို့ ကြားသိရပါတယ်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားဝင်း၊ သိမ်တော်ကြီးအတွင်း၊ ညနေ ၃ နာရီ ခန့်က သံဃာတော်များ စုဝေးကြပြီး ၀တ်ပြုဆောင်ရွက်မှုများ ပြုလုပ်ကြကြောင်း၊ ယခင် ၂ နှစ်ခန့်က သပိတ်မှောက်ကံဆောင်မှု ရွတ်ဖတ်ပုံနှင့် တူကြောင်း၊ ဘုန်းတော်ကြီး ၁၅ ပါးခန့် အတူ လာရောက်စုဝေးကြတာဖြစ်ကြောင်း၊ တချို့က ကားနှင့်၊ တချို့က ခြေလျင်လာကြသည်ကို တွေ့ရကြောင်း မျက်မြင်တဦးက ပြောကြားလိုက်ပါတယ်။
မြန်မာဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာတခုအဖြစ် ၀ါလကင်းလွတ် သီတင်းကျွတ်ပြီးသည့်နောက် ဘာသာရေးပွဲ၊ ကထိန်ပွဲများ ပြုလုပ်ကြလေ့ရှိတဲ့အပြင် သံဃာတော်တွေကိုယ်တိုင်လည်း ကျောင်းတိုက်များက ထွက်ခွာ စုဝေးပြီး ပ၀ါရဏာပွဲများ ဆောင်ရွက်လေ့ရှိတဲ့အကြောင်းလည်း သိရပါတယ်။
(ဓာတ်ပုံ - အောက်တိုဘာ ၃ ရက် ညနေ၊ ကမ္ဘာအေးဘုရားဝင်း၊ သိမ်တော်ကြီးအတွင်းမှာ သံဃာတော်များ စုဝေးနေတာကို တွေ့ရစဉ် - ဓာတ်ပုံ မိုးမခ)
Comments