Myat Noe Khin - 2012 and Nibiru Hoax


၂ဝ၁၂ နှင့် နိဘီရု ပဋိပက္ခ
မြတ်နိုးခင်
အောက်တိုဘာ ၃ဝ၊ ၂ဝဝ၉
အခုတလော ရောက်လာတဲ့ forward မေးလ်တွေထဲမှာ ၂ဝ၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမ္ဘာပျက်မယ် ဆိုတာတွေချည်း ဖြစ်နေပါတယ်။ မေးလ်တစောင်မှာတော့ မြန်မာပြည်က နာမည်ကြီး ဗေဒင်ဆရာ တယောက်ရဲ့ အင်တာဗျူးကိုပါ တွဲပြီး ပို့လာတယ်။ 
ဆရာကြီးက “ကမ္ဘာကြီး တခုလုံး ပျက်မယ်။ ကမ္ဘာတဝှမ်းလုံးက နက္ခဗေဒ ပညာရှင်လေ့လာသူတွေ သိတယ်။ သိပ္ပံပညာရှင်တွေက အစ သိတယ်။ အင်တာနက်မှာလည်း ပြန့်နေတာ” တဲ့။ လူတွေ ချစ်ချစ်ခင်ခင် နေသင့်တယ်လို့ ဆရာကြီးက တိုက်တွန်းသွားတယ်။
          ဆရာကြီး ပြောတာက လွန်လွန်းပါတယ်။ အင်တာနက်တွေမှာ ပြန့်နေတယ်ဆိုတာတော့ မှန်ပါတယ်။ ကမ္ဘာ့ နက္ခဗေဒ ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေက ဒီသတင်းကို သိတာ မှန်ပေမယ့် ဒီကမ္ဘာပျက်မယ် ဆိုတာကို အတည်ပြု ပြောဆိုနေတာ မဟုတ်ပါဘူး။ လက်ခံထားတယ် ဆိုတဲ့သူတွေဟာ အပျော်တမ်း နက္ခတ်လေ့လာသူတွေပဲ ဖြစ်ပါတယ်။ 
တချို့ကတော့ ပြောကြမယ်။ ကမ္ဘာမပျက်ခင် တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နေဖို့ ဆိုထားတဲ့အချက်က အဓိကပဲ၊ ဒါကြောင့် ဒီ message ကို ဖြန့်ပါတယ်ပေါ့။ 
၂ဝ၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်၊ နိဘီရုလို့ အမည်ရတဲ့ ဂြိုလ်သိမ်တခုက ကမ္ဘာကို တည့်တည့် ဝင်တိုက်ပြီး ကမ္ဘာကြီး မီးလောင်ပေါက်ကွဲမယ်၊ ဒါမှမဟုတ်လည်း ကမ္ဘာကို ပွတ်ကာသီကာ ဝင်တိုက်သွားမယ် ဆိုတဲ့ ဒီသတင်းတွေ အင်တာနက်မှာ ပြန့်နှံ့နေတာ ၂၁ ရာစု အစပိုင်း ကတည်းက ဖြစ်ပါတယ်။ 
ဒီဇာတ်လမ်းကို စ ခဲ့တာကတော့ Zeta talk ဆိုတဲ့ ဝက်ဘ်ဆိုဒ်ပိုင်ရှင် Nancy Lieder ဖြစ်ပါတယ်။ သူ့ရဲ့ အင်တာနက်စာမျက်နှာတွေဟာ ဂြိုလ်သား၊ အမျိုးအမည်မသိ ဂြိုလ်၊ ယာဉ်ပျံ၊ ဂြိုလ်သားတွေနဲ့ စကားပြောထားတာတွေနဲ့ ပြည့်နေပါတယ်။ 
ဂြိုလ်သားတွေက သူ့ကို ဖမ်းသွားပြီး သူ့ဦးနှောက်ထဲ စက်ကိရိယာတခု ထည့်လိုက်တာကြောင့် ဂြိုလ်သားတွေနဲ့ စကားပြောနိုင်စွမ်း ရှိတယ်လို့ ဆိုထားတဲ့ Nancyဟာ ၁၉၉၅ မှာ ဒီဇာတ်လမ်းကို စခဲ့တာပါပဲ။ 
စကြာဝဠာ အပြင်မှာ ရှိတဲ့ အရာဝတ္ထုတခုဟာ စင်္ကြာဝဠာကြီးတခုလုံးကို ချေဖျက်ပစ်မယ်လို့ သူ့ ဝက်ဘ်ဆိုဒ်မှာ ရေးပါတယ်။ ကမ္ဘာပေါ်က သက်ရှိတွေ အကုန် ပျက်စီးကုန်မယ်၊ ဒီသတင်း ဖြန့်ဝေဖို့၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ သူဟာ အရွေးချယ်ခံထားရတာ ဖြစ်လို့ သတိပေးရတာလို့ ဆိုပါတယ်။ အဲဒီတုန်းက သူပြောတဲ့ ကမ္ဘာပျက်မယ့်နေ့ (Doomsday) ကတော့ မေလ ၂ဝဝ၃ ဖြစ်ပါတယ်။ 
သူ ဒီလိုရေးတော့ အင်တာနက်ပေါ်က ဘာသာရေး တဖက်စွန်းရောက်တဲ့ Doomsday အဖွဲ့တွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားတယ်။ သူလည်း နာမည် ကြီးသွားတယ်။ လူတွေက အထိတ်တလန့် မေးကြတော့ ကမ္ဘာ့ သိပ္ပံပညာရှင်တွေ၊ နက္ခတ် ပညာရှင်တွေကလည်း သူတို့ လေ့လာချက်အရ ဒီလိုဖြစ်မယ့် အခြေအနေ မရှိဘူးဆိုတာကို တွင်တွင် ဖြေကြားခဲ့ကြရတယ်။ သူပြောထားတဲ့ မေလ ၂ဝဝ၃ မှာ ကမ္ဘာပျက်မသွားတော့ သူက ဒါဟာ ၂ဝ၁ဝ ဝန်းကျင်မှာ ဖြစ်လိမ့်မယ်လို့ ရက်ပြောင်းလိုက်တယ်။ 
ဒီအချိန်မှာ ၂ဝ၁၂ ဖြစ်စဉ်နဲ့ နိဘီရု ဇာတ်လမ်း စတင်လာပါတော့တယ်။ ၂ဝ၁၂ ဖြစ်စဉ်ကို ပြောမယ်ဆိုရင် ဘီစီ ၂ဝဝ ကနေ အေဒီ ၉ဝ လောက်အထိ မြောက်အမေရိကတိုက်မှာ ထွန်းကားခဲ့တဲ့ မာယာ ခေတ်ကနေ စပြောရပါလိမ့်မယ်။  
၂ဝ၁၂ ဖြစ်စဉ်နဲ့ပတ်သက်နေတဲ့ အဓိက အကြောင်းရင်းကတော့ ခရစ္စတိုဖာ အမေရိကတိုက်ကို ရှာမတွေ့သေးခင်က မာယာတွေ အသုံးပြုခဲ့တဲ့ ပြက္ခဒိန်ပါပဲ။ အဲဒီ ပြက္ခဒိန်ရဲ့ နောက်ဆုံးရက်က ၂ဝ၁၂ ဒီဇင်ဘာ ၂၁ ရက် ပါ။ မာယာတွေရဲ့ ဒဏ္ဍာရီအရ ၂ဝ၁၂ မှာ အချိန်စက်ဝိုင်းတခု ကုန်ပြီး နောက်တခုကို ကူးပြောင်းမှာပါ။ အဲဒီအချိန်မှာ ကမ္ဘာပျက်တာတွေ ဘာတွေဖြစ်မယ် လို့ သူတို့က မှတ်ယူကြတာပါ။ နှစ် တထောင်၊ နှစ် နှစ်ထောင် ပြက္ခဒိန်လို့ ပြောရမှာပေါ့လေ။ 
မာယာတွေဟာ နက္ခတ်ပညာမှာလည်း ကျွမ်းကျင်သူတွေပါ။ နက္ခတ်တာရာတွေနဲ့ ပတ်သက်လို့ မာယာတို့ တွက်ချက်ခဲ့တာ မှန်ခဲ့တဲ့ အချက်တချို့ ရှိပါတယ်။ အဲဒီတော့ အခုလည်း ကမ္ဘာပျက်တော့မှာ အမှန်ပဲ ဆိုပြီး ရောထွေး မှတ်ယူလိုက်ကြတော့တယ်။ ဒီအကြောင်း လေ့လာခဲ့တဲ့ သိပ္ပံပညာရှင်တွေက အဲဒါကို သိပ္ပံယောင် လို့ပဲ သတ်မှတ်ထားပါတယ်။  
ဒီအချက်တွေကို ထပ်ပြီး အားဖြည့်ဝေဝါးစေတာကတော့ နိဘီရုပါ။ နိဘီရုဇာတ်လမ်း ဖန်တီးသူကတော့ စိတ်ကူးယဉ် သိပ္ပံဝတ္ထုတွေ၊ ဒဏ္ဍာရီ ပုံဆန်းတွေကို ရေးသားခဲ့တဲ့ ရှေးဟောင်း နက္ခတ်ပညာရှင် Zecharia Sitchin ပါပဲ။ သူ့သီအိုရိတွေ အများကြီး ရှိပေမယ့် လက်တွေ့မှာ မှန်ကန်မှု၊ မရှိပါဘူး တဲ့။ သူ ရှာဖွေတွေ့ရှိခဲ့တယ် ဆိုတဲ့ ဂြိုလ်တွေ ဆိုတာကို ပညာရှင်တွေက လေ့လာခဲပေမယ့် လက်တွေ့မှာတော့ တလုံးတလေမှ မတွေ့ပါဘူး တဲ့။ 
၁၉၇၆ ခုနှစ်တုန်းက သူပြောတဲ့ နိဘီရုဆိုတာ ရှေးခေတ် ဆူမားရီးယန်း လူမျိုးတွေရဲ့ ဒဏ္ဍာရီ မှတ်တမ်းထဲက ကြယ်ကြီးတလုံးရဲ့ နာမည်ပါ။ ဒီနာမည်ဟာ ရှေးခေတ် ဘာဘီလိုနီယမ်းတွေရဲ့ နတ်ဘုရား အမည် ဖြစ်တဲ့အပြင် သူတို့ရဲ့ ဖန်ဆင်းခြင်း ဒဏ္ဍာရီတွေထဲက ဖြစ်တည်မှုဆိုင်ရာ အရာဝတ္ထုတွေထဲက တခုရဲ့ နာမည်လည်း ဖြစ်ပါတယ်။ 
၂ဝ၁၂ မှာ ကမ္ဘာကို ဖျက်မယ်ဆိုတဲ့ နိဘီရုဂြိုလ်နဲ့ ပတ်သက်ပြီး ဘယ်သိပ္ပံပညာရှင်၊ ဘယ် နက္ခပညာရှင်ကမှ ဒီဂြိုလ်ရှိတယ် ဆိုတာကို အတည်ပြု ထုတ်ပြန်တာ မရှိပါဘူး။ ကမ္ဘာ ပျက်တော့မယ် ဆိုရင် ၂ဝ၁၂ က ဘယ်လောက်များ လိုတော့တာမို့လို့လဲရှင် .. CNN, BBC လို ကမ္ဘာ့ သတင်းဌာနကြီးတွေမှာ ပွက်လောရိုက်နေမှာ ပါပဲ။ 
အင်တာနက်တွေ အီးမေးလ်တွေမှာကလည်း “ဒါ နီဘီရုပဲ။ နေရဲ့ဘေးနားမှာ သေးသေးလေး မြင်နေရတယ် တွေ့လား၊ ကမ္ဘာဆီကို ဦးတည်လာနေပြီ၊ ကမ္ဘာကြီးက ဒီလို မီးလောင်မှာ” အစရှိသဖြင့် ဗီဒီယိုတွေကလည်း အများသား ဆိုတော့ ရုတ်တရက် ဝေါးလာတာပါပဲ။ 
နာဆာက သိပ္ပံပညာရှင် ဒေးဗစ်မော်ရစ်ဆန်က Washinton Post သတင်းစာကြီးကို ဒီလိုဂြိုလ်မျိုး သူတို့ မတွေ့ကြောင်း၊ Hollywood က ကုမ္ပဏီတွေအတွက်တော့ စိတ်ကူးယဉ် ဇာတ်ကား ဖြစ်နိုင်ကြောင်း ပြောပါတယ်။ တခြားသော သိပ္ပံပညာရှင်တွေကလည်း ဒီကိစ္စ မှားကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဇာတ်လမ်း နိုင်ငံတကာမှာ ပြန့်နှံ့နေတာ ၁ဝ နှစ်ဝန်းကျင် ရှိပါပြီ။ အင်တာနက်၊ အီးမေးလ်ဆိုတာကို အခုမှ သုံးစွဲခွင့် ရကြတဲ့ ကျမတို့ အဖို့ ဒါက အဆန်းတကြယ် ဖြစ်နေတာပါ။ 
 “ဟ ဒီမှာ ပုံတွေတောင် ထွက်လာနေတာ၊ နာဆာက လိမ်တာပဲ။ လူတွေ အထိတ်တလန့်ဖြစ်မှာ စိုးလို့ ဖုံးကွယ်ထားတာပဲ” လို့ ဆိုကြတာတွေလည်း ရှိပါတယ်။ 
ဒါတွေနဲ့ ပတ်သက်လို့ ကျမ ဒေးဗစ်မော်ရစ်ဆန်ဆီကို အီးမေးလ်ပို့ပြီး မေးမြန်းတဲ့အခါမှာ သူက “ဒီကိစ္စကို ယုံကြည်တဲ့သူ အင်မတန်ကို နည်းပါတယ်။ ကျနော် သိတဲ့သူတွေထဲမှာ ဒါကို ယုံကြည်တဲ့သူ မရှိပါဘူး။ ဒါကို ယုံတာ လူတစုပဲ ဖြစ်ပါတယ်။ ဒီလူတစုက အင်တာနက်၊ အီးမေးလ်တွေကို အသုံးပြုပြီး ဒီသတင်းကို ဖြန့်တာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး နာဆာက ဘာမှဖုံးကွယ်ထားစရာ မရှိပါဘူး။ တကယ်သာ ဟုတ်မှန်ရင် ထုတ်ပြန်ကြေညာမှာပါပဲ။ နာဆာက လက်တွေ့ လေ့လာ ရှင်းလင်း တင်ပြထားတာတွေကို မယုံတဲ့သူတွေ အတွက်တော့ ကျနော် ဘာမှ လုပ်မပေးနိုင်ပါဘူး” လို့ ပြန်ဖြေသွားပါတယ်။ 
မသိသေးတာကို သိအောင်မလုပ်ဘဲ လက်ညိုးလေး တချက်ကွေးပြီး mouse ကို နှိပ်၊ forward လုပ်လိုက်တာမျိုးတွေ ရှောင်သင့်ပါပြီ။ အင်တာနက်ကို ဉာဏ်ရှိရှိ အသုံးပြုကြပါ။ အကြောင်းအရာတခုကို ထောင့်ပေါင်းစုံက တွေးတော ဆင်ခြင် လေ့လာပြီးမှ ယုံသင့်ပါတယ်။ 
[ မြန်မာဘလော့ဂ် http://anyarnwaytamarmyay.blogspot.com ရှိ ဆောင်းပါးတပုဒ်ကို အနည်းငယ် ချုံ့ပြီး ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ]

Comments