Mar Mar Aye 296

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၂၉၆
ဘောလယ်သီချင်းများ
မာမာအေး
နိုဝင်ဘာ ၂၉၊ ၂ဝဝ၉


“မူလက ‘သဘောလယ်’ သီချင်းလို့ ခေါ်ကြသတဲ့။ တဖြည်းဖြည်း ရွေ့လျောလာတော့ ‘ဘောလယ်’ ဖြစ်လာတယ်”

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊

မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့တပါတ်က အိမ်ရှေ့မိဖုရား စာဆိုတော် လှိုင်ထိပ်ခေါင်တင် ရေးသားခဲ့တဲ့ ‘ဣန္ဒာဝံသနန်းတွင်းဇာတ်တော်’ ထဲမှာ ကာရန်နဘေတွေနဲ့ လှပစွာ ရေးဖွဲ့ ရွတ်ဆိုစေတဲ့ အပျိုတော်ရဲ့ အချော့စကားလေးနဲ့ အနားပေးခဲ့ပါတယ်နော်။ ရွှေနားတော် လေချော် မဖြစ်ဖူး မဟုတ်လားဟင်။ ဆက်ပြောပြစရာတွေ ရှိသေးလို့ပါ။

လှိုင်ထိပ်ခေါင်တင် အရှင်မဟာ အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီး မိဖုရားငယ်တွေ များတာကြောင့် ‘ဣန္ဒာဝံသ’ နန်းတွင်းဇာတ်တော်ကို စောင်းချိတ်ရေးတာ ဖြစ်မယ်လို့ ပညာရှင်တွေက ယူဆကြတာကို မာအေးလဲ ထောက်ခံချင်တယ် လို့ ဟိုနေ့က ပြောသေးတာပဲ။ ခုတော့ သေချာတယ် ရှင်တို့ရေလို့ ပြောမှာပါရှင်။

အိမ်ရှေ့စံ ကနောင်မင်းသားကြီးရဲ့ သားတော်တွေက ငါးကျိပ်သုံးပါး၊ သမီးတော်က ငါးကျိပ်နှစ်ပါး၊ မြေးတော် ယောက်ျားကလေးက တစ်ကျိပ်ရှစ်ပါး နဲ့ မြေး မိန်းကလေး နှစ်ကျိပ်တစ်ပါး စုစုပေါင်း တစ်ရာ့လေးကျိပ်နဲ့လေးပါး စာရင်းပေါက်တာ ဆိုတော့ ၁၄၄ ယောက် ရှိတာပေါ့။ ဆွေအုပ်မျိုးအုပ် ဒီလောက်များမှတော့ ဗေဒင် မမေးနဲ့ ဆန်ကုန်တယ်၊ မိဖုရားများလို့ ဆိုတာ သိနိုင်ပါတယ်။ ‘ဣန္ဒာဝံသ’ မင်းသား ဇာတ်ထဲမှာ စာရင်းအရ - ‘ဘဂုတာရီ’ မင်းသမီး တောင်ညာစံ ဖြစ်ရမယ့် ကလေးမိဖုရားလေးအပြင် နောက် ငါးယောက်လောက်ပဲ ဆိုတော့ တော်သေးတာပေါ့၊ ချိုရေးပေလို့။

အဲဒါကြောင့် အိမ်တော် အဆောင်ဆောင်တွေ ကူးတော်မူနေတဲ့ မောင်ဖျားကို စောင့်ရင်း ရင်တွင်းက တေးအလှ ဆွေးတမြမြနဲ့ ထွက်တော်မူလာတယ် ထင်ပါရဲ့ရှင်။

xxx ညဥ့်သုံးယံခါ၊ လေပြေလာ၊ လေပြေလာ၊ အေးရွှေရင်မှာ xxx လာနိုး မျှော်မိ၊ ဖြေမပျော်နိုင်ဘူး၊ ဘုန်းမယ့် ကိုယ်ထူး xxx

ကြားတယ်မို့လားရှင်၊ ဘယ်လောက် အေးမြ သာယာ - ရင်ထဲအထိလာတဲ့ ကဗျာ လင်္ကာ ဂီတသံပါလဲ၊ ပတ်ပျိုးတွေ မဟာဂီတမှာ တောလုံးဝေတဲ့ အနက် ဒီတေးအထွက်က ‘ရက်စက်သယ်’ လို့ အညာပြောလေးနဲ့ ထောပနာချင်ပါတယ်ရှင်။ မာအေးလဲ လှိုင်သခင်မလို တခါက မျှော်ခဲ့ရဖူးတာလေးတွေ ရှိလို့ ပိုပြီး ခံစားမိလေသလားလို့လဲ ကိုယ့်ဟာကိုယ် မေးခဲ့ဖူးပါတယ်ရှင့်။ မဟုတ်ပါဘူးလို့ အသိစိတ်ရော မသိစိတ်ကပါ ငြင်းကြပါတယ်ရှင်။ တကယ့်ကို ခံစားနိုင်တဲ့ ဂီတသံပါတဲ့။ ဒီသီချင်းလေးကို ခုတလော ရောက်လာတဲ့ မိသားတစုထဲမှာ ပါလာတဲ့ တမြေထဲသား ကျိုတ်လတ်က ဦးမြစိန် ပါဝင် စမ်းသပ် ကူညီတီးခတ်ပါတယ်။ သီချင်း နာမည်က မျှော်တော်ယောင်ပတ်ပျိုးကလေးပါတဲ့။ ဂီတလောကမှာတော့ ‘ညဥ့်သုံးယံခါ’ ပတ်ပျိုး လို့ ခေါ်ကြတာပေါ့ရှင်။ မဟာဂီတ သီချင်းမှာ နာမည်ကို ရှေ့ဆုံးက တာထွက်စာသားကိုပြောမှ ချက်ချင်း သိနိုင်တာမို့ပါပဲ။

လှိုင်မဖျားရေးသားတော်မူခဲ့တဲ့ ပတ်ပျိုး (၇)ပုဒ် တွေ့ရပါတယ်။ နန်းတွင်းဇာတ်တော်ကြီးက (၂)အုပ် ရေးခဲ့တယ်။ လူတိုင်းသိတာ ခေတ်စားတာကတော့ အရှင်မ ရေးတဲ့ ဘောလယ်သီချင်းများ ဖြစ်ပါတယ်။

ဘောလယ်သီချင်းတွေကို လေ့လာတဲ့အခါကျတော့ ရှေးခေတ်လူပျိုချိုးဘောလယ်၊ ရှေးခေတ်အမျှော်စိုက်ဘောလယ်၊ အလယ်ခေတ်ရေကြောင်းဘွဲ့ဘောလယ်၊ အလယ်ခေတ်အလွမ်းဘွဲ့ဘောလယ်၊ အလယ်ခေတ် မယ်ဘွဲ့ ဘောလယ် တဲ့၊ စုံနေတာပဲ။ ဒါပေမယ့် မာအေးတို့ရှေ့က ဂီတအမိအဖများလည်း တခါမှ ဆိုသွားသံ မကြားလိုက်ရဘူး။ စိတ်ထဲက ရွတ်ကြည့်တော့လည်း လူတိုင်းသိ လှိုင်ထိပ်ခေါင်တင်ဘောလယ်တေးအလိုက်တွေနဲ့ မကိုက်တာတွေ ရှိနေပါတယ်။

လှိုင်ထိပ်ထားရဲ့ ဘောလယ်များကိုတော့ စာတွေက နောက်ဆုံးခေတ်ဘောလယ် လို့ ဆိုထားပါတယ်။ ဘောလယ်သီချင်း ဆိုတာဟာ လှိုင်သခင်မဆီကို မောင်တော်ဘုရား ကြွရောက်တော်မမူတဲ့အတွက် ပြန်လည် စိတ်ညွတ် သတိရလေအောင် ဆွဲဆောင် ရေးသား ဆက်သွင်းတဲ့အခါမှာ ရွှေကိုယ်တော်က သတိတရ ပြန်လည် ကြွမြန်းတော်မူခဲ့ပါသတဲ့ရှင်။ ဒါကြောင့် မူလက ‘သဘောလယ်’ သီချင်းလို့ ခေါ်ကြသတဲ့။ တဖြည်းဖြည်း ရွေ့လျောလာတော့ ‘ဘောလယ်’ ဖြစ်လာတယ်။ အဲ့ဒီလို တသက်လုံး ကြားခဲ့ရတာကတော့ အမှန်ပဲရှင့်။

ပြီးတော့လည်း ‘လှိုင်မင်းသမီး’က လှိုင်မြို့နဲ့ ဘောလယ်ကို အပိုင်စား ရတော်မူတဲ့ မင်းသမီး မဟုတ်လား။ ဒါကြောင့် သူမ တီထွင်ရေးသားတဲ့ ဒီသီချင်းမျိုးကို ‘ဘောလယ်’ အမည်နဲ့ တင်စား ခေါ်ကြတာလို့လဲ ဆိုကြပါတယ်။

ဘောလယ်တေးသွားအလိုက်ဟာ မူသေ ဂီတအလိုက်ချထားပြီးတဲ့ သီချင်းမျိုးပါ။ မူလရှိတဲ့အသံအတိုင်း ကြိုက်ရာ အကြောင်းအရာများကို ရေးသား ဖွဲ့နွဲ့နိုင်သလို ဆိုမယ့်သူကလည်း ဘောလယ်သီချင်းတပုဒ် ရပြီးရင် နောက် ဘောလယ်သီချင်းစာဆိုတာနဲ့ လိုက်ဆိုနိုင်တော့တာပါပဲ။ စကားပြေဝတ္ထုခေတ်ရှေ့က ဝတ္ထုတွေ၊ ဇာတ်တော်တွေ ရေးကြတဲ့အခါ ဘောလယ်စာဟာ မပါမဖြစ်တဲ့ ကဗျာအစစ်ပေါ့ရှင်။

လှိုင်ထိပ်ခေါင်တင် အိမ်ရှေ့မိဖုရား ရေးသားတဲ့ ဘောလယ်သီချင်းတွေထဲမှာ ‘စိန်ခြူးကြာညောင်’ ပြီးရင် ‘နာဂဆဒ္ဒန်’ အစချီ ဘောလယ်ဟာ ထင်ရှားတယ် ရှင့်။ သခင်မ ဘာကြောင့် ရေးတယ် ဆိုတာတော့ နောက်တပါတ် ပြောတာပေါ့။


[ မူရင်း - BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]

Comments